အစိုးမရ ကဆုန်ပေါက်နေတဲ့စိတ်တွေကို ပြေလေမလားလို့ သီချင်းလေးနားထောင်မိပါတယ်။ပိုဆိုးသွားတယ်။ ‘နားထောင်မိတာကလည်း တယောကိုတင်ရီရဲ့ တယောလက်သံ။“
တယောကိုတင်ရီရဲ့ ငေါ့တော့တော့ ထေ့တေ့တေ့ ဆိုဟန်က ကိုယ့်ကိုသရော်နေသလိုဘဲ။
သီချင်းနာမည်က တပြားနှစ်ပြား ပဲလင်းပြာတဲ့ ၊ ငယ်ငယ်က ကလေးတွေ အထူးသဖြင့်မိန်းခလေးတွေ ကစားကြရင်း တောက်တီးတောက်တဲ့ စာချိုးတွေကို သီချင်းလုပ်ဆိုထားတာ။
ကျုပ်တို့ အနှစ် ၂၀ နယ်ခြားတော်လှန်ရေးကလည်း သူ့သီချင်းထဲကလို တောက်တီးတောက်တဲ့နဲ့ ပြီးသွားတော့မယ်ထင်ပါရဲ့ ၊ တပ်ပေါင်းစုခေါင်းဆောင်ကြီးတွေ၊ ရှစ်လေးလုံးအလံကို ကိုင်ခဲ့ကြတဲ့ အဖွဲ့အစည်းခေါင်းဆောင်ကြီးတွေရဲ့ အနှစ် ၂၀ လုပ်ရပ်ကကလေးတွေဆိုတဲ့စာချိုးထဲကလို ကဘောက်တိကဘောက်ချာ၊ အဆက်အစပ်မရှိ၊ သဟဇာတမဖြစ် ၊ စိတ်ကူးတည့်ရာအရူးချေးပမ်းတွေဘဲ။
အခုလည်း ဗိုလ်သိန်းစိန်ရဲ့ လေပြေထိုးသံတွေကြားမှာ လူးလွန့် ကခုန်ဖို့အပြိုင်အဆိုင်ကြိုးစားနေကြလေရဲ့။ ဟန်ညောင်ရွှေတို့ ဇော်ဦးတို့ နိုင်အောင်တို့လို အနှစ်၂၀လုံးလုံး တော်လှန်ရေးအညွန့်အဖူးကို သုံးစားနေကြသူတွေက ဗိုလ်သိန်းစိန်ရဲ့ လေပြေထိုးသံကိုအစစ်အမှန်လို သဘောထား ညာဝါးပြီး အကျင့်ဆိုးအတိုင်း လုပ်စားဖို့ စိုင်းပြင်းနေကြပြန်ပြီ။
၈၈ မျိုးဆက်အများစုတို့ လွတ်မြောက်လာကြတယ်။ ၀မ်းသာအားရ ပျော်ရွှင်နေကြတယ်။အကုန်လုံးလွတ်လာပြီဆိုပြီးတော့ အော်ကြီးဟစ်ကျယ်မြူးတူးနေကြတယ်။ သတင်းမီဒီယာတွေကလည်းအယ်ဒီတာအခန်းကနေ တပြည်လုံးပျော်တဲ့နေ့တို့၊ သမတကြီးရဲ့ စေတနာတို့ဆိုတဲ့၊ မစားရ၀ခမန်းစကားလုံးကြီးတွေနဲ့ ချီးမွှမ်းနေကြတယ်။ တချို့မီဒီယာတွေဆို စစ်အာဏာရှင်တွေရဲ့ ငရဲခန်းမှူး၊အမ်အိုင်ဟောင်း ဗိုလ်ခင်ညွန့်ကိုတောင် အဘအဘနဲ့ စင်တင်ပေးနေလိုက်ကြပြန်သေးတယ်။
ပြန်ပေးဆွဲသလိုဖမ်းထားတဲ့ ကျုပ်တို့ခေါင်းဆောင်တွေကို နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ပိတ်ဆို့မှုရှုတ်သိမ်းဖို့အတွက် လွှတ်ပေးလိုက်တဲ့အပေါ်အပြည့်အ၀ ၀မ်းသာစရာရယ်လို့ မမြင်နိုင်ပါ။ လွတ်မြောက်လာသူ တဦးချင်းစီအတွက်ကတော့ ၀မ်းသာစရာပေါ့။ တပြည်လုံးအတိုင်းအတာနဲ့တော့ ၀မ်းသားစရာလို့ မမြင်နိုင်ပါ။ အများနဲ့အတူ ၀မ်းမသာနိုင်တဲ့ပြည်သူတွေကအများကြီး၊မလွှတ်မြောက်သေးသူတွေက အများကြီး။ သူတို့ကိုမျှော်နေကြရှာတဲ့ မိသားစုဝင်တွေကတော့ ၀မ်းသာနိုင်မယ်လို့မထင်မိပါဘူး။ ပြီးတော့ လွှတ်ပေးတယ်ဆိုတာတောင်လွတ်လွတ်ကျွတ်ကျွတ်မဟုတ်ပြန်ဘူး။ ဖမ်းချင်ပြန်ဖမ်းမယ်ဆိုတဲ့ ပုဒ်မ ၄၀၁ နှောင်ကြိုးကြီးနဲ့။
တဖက်မှာလည်း နယ်ခြားလှုပ်ရှားမှုတွေမှာ လှုပ်ရှားဆောင်ရွှက်သမျှတပ်ပေါင်းစုတွေ ကော်မတီတွေမှာ ဥက္ကဋ္ဌ တာဝန်တွေကို ယူပြီး ဦးဆောင်ခဲ့တဲ့ ကေအန်ယူကလည်းစစ်အုပ်စုနဲ့ လက်မှတ်ထိုး သဘောတူချက်ယူသွားပြီ။ အေဘီအက်စ်ဒီအက်ဖ်ကိုလည်း ကမ်းလှမ်းထားတယ်လို့ကြားရပြန်တယ်။ ဒါပေမယ့် ကချင်ပြည်ဘက်မှာတော့ သေနတ်သံစီစီညံနဲ့ စစ်ပွဲတွေ ဆင်နွှဲနေတယ်။လူထုတွေပါမကျန် တိုက်ခိုက်သတ်ဖြတ်ခံနေရတယ်။ အခုကိုဘဲ ကချင်ဒုက္ခသည် ၆သောင်းကျော် တရုတ်ပြည်ထဲမှာခိုလှုံနေရတယ်။
ဒီလိုအခြေအနေတွေနဲ့ တိုင်းပြည်ကြီးဟာ အနှစ် ၂၀ ကျော် တောက်တီးတောက်တဲ့ခေါင်းဆောင်ကြီးတွေပြောသလို မီဒီယာတွေကဖွသလို တကယ့် အပြောင်းအလဲကို ဦးတည်နေပြီဆိုရင်တော့ကျုပ်တို့ရဲ့ ၂၄နှစ်တာ တော်လှန်ရေးကို နိဂုံးချုပ်ကြရတော့မယ်။ စာတတန် ပေတဖွဲ့နဲ့ ပြောပြန်ရင်လည်းအနာကို ပုဆိန်နဲ့ဖဲ့သလို ဖြစ်တော့မှာမို့ ကိုတင်ရီရဲ့ တပြားနှစ်ပြား သီချင်းလေးနဲ့ဘဲနိဂုံးချုပ်တာ ကောင်းပါတယ်။
Ko tin ye's tapya-napya by zarni
ဒီလိုအတိုင်းသာ ကျုပ်တို့တော်လှန်ရေးကို နိဂုံးချုပ်ရရင်တော့ သေခဲ့ကျေခဲ့ဘ၀ပျက်ခဲ့ကြသူတွေရဲ့ အရင်းအနှီးတွေကို စစ်မိစ္ဆာတွေ သဒ္ဓါသလောက်နဲ့ ကြေနပ်ကြရတော့မှာပေါ့၊ တမလွန်က သူရဲကောင်း ၀ိညာဉ်တွေကတော့ ကျူပ်တို့ တပြားနှစ်ပြား တော်လှန်ရေးသမားတွေကိုမှိုနတိုချိုးခဲ့ပါဆို ရေပဲချိုးပြန်လာခဲ့ရသလားဟဲ့လို့ ကဲ့ရဲ့နေမှာတော့ မလွဲပါဘူး။
ရဲဘော်ကျော်သန်း
No comments:
Post a Comment