Monday, January 16, 2012

အင်ဒိုနီးရှားနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးကြောင့် အမျိုးသားတစ်ဦးသေဆုံး

PDF Print
Sunday, 15 January 2012 00:39
AddThis Social Bookmark Button
အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာတွင် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကြက်ငှက်တုပ်ကွေး ကူးစက်မှုကြောင့် ဇန်န၀ါရီလ ၇ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနမှ ဖော်ပြခဲ့သည်။ ထိုသေဆုံးမှုသည် လွန်ခဲ့သည့်သုံးလအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ကြက်ငှက်တုပ်ကွေး ရာဂါကြောင့် တတိယမြောက် သေဆုံးမှုဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသား၏ရောဂါကို ဆေးရုံနှစ်ခုက အစာအိမ်ရောဂါနှင့် ငှက်ဖျားရောဂါဟု မှားယွင်းကောက်ချက်ချခဲ့ကြောင်း ဂျကာတာပို့စ်သတင်းစာက ဖော်ပြခဲ့သည်။ သေဆုံးသူ၏အိမ်တွင် အိမ်မွေးခိုများ မွေးမြူထားကြောင်း ၎င်း၏အိမ်နီးချင်းများက ပြောပြခဲ့သည်။  ''ဆေးစစ်ချက်ရလဒ်တွေအရ ဒီသေဆုံးသူဟာ ကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးခဲ့ရတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ ကျွန်တော်တို့ သေဆုံးသူရဲ့အိမ်ပတ်ဝန်းကျင်က ငှက်တွေကို နမူနာယူစစ်ဆေးကြည့်နေပြီး ဗိုင်းရပ်စ်က သူတို့ဆီက ကူး တာလားဆိုတာကို စောင့်ကြည့်နေပါတယ်'' ဟု ကူးစက်ရောဂါကာကွယ်ရေးဌာနမှူး အက်ဒီတာမာက ပြောပြခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကြက်ငှက်တုပ်ကွေးရောဂါကို အဆိုးရွားဆုံး ခံစားခဲ့ရသော နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း လူ ၁၅၀ သေဆုံးခဲ့ကြောင်း WHO ၏ စစ်တမ်းကောက်ယူခဲ့မှုအရ သိရသည်။ ပြီးခဲ့သည့် တစ်နှစ်အတွင်းမှာပင် လွန်ခဲ့သည့် အောက်တိုဘာလက ဘာလီကျွန်းမှ ကလေးနှစ်ဦးအပါအ၀င် လူကိုးဦး ကြက်ငှက်တုပ်ကွေးရောဂါကြောင့် သေဆုံးခဲ့ရသည်။ ကြက်ငှက်တုပ်ကွေးရောဂါသည် အများအားဖြင့် ငှက်များမှတစ်ဆင့် လူတို့ထံသို့ တိုက်ရိုက်ကူးစက်နိုင်ပြီး လူသားအချင်းချင်းကြားတွင်လည်း လွယ်ကူစွာပျံ့နှံ့ကူးစက်နိုင်ကာ လူသန်းပေါင်းများစွာကို အန္တရာယ်ဖြစ်စေနိုင်သည့် ရောဂါတစ်ခုဖြစ်သိရသည်။
ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသရှိ မွေးမြူရေး ခြံတစ်ခြံတွင် တိရစ္ဆာန်အမြောက်အမြား သေဆုံးမှုဖြစ်ပေါ်ခဲ့သောကြောင့် ယခုအပတ်အတွင်း ကြက်ကောင်ရေ ၂၅၀၀ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ရသည်။ 
Ref: AFP

No comments: