Tuesday, January 17, 2012

ကျွေးမဲ့ကျွေးအ၀ကျွေး




မထိတထိနဲ့ ကလိမထားနဲ့
စတိလဲ မကျွေးနဲ့
ကျွေးမဲ့ကျွေး အ၀ကျွေး
လွေးတဲ့သူတွေအ၀လွေး
ဗိုက်ကလေးဝ ကြိုက်ဈေးလဲရရင်
လူထုဆန္ဒ ပြည့်ဝမှာအမှန်ပင်။

ကျန်ရှိနေသေးတဲ့နိုင်/ကျဉ်းသားများ
တင်းသား စဉ်းစားမနေနဲ့
တတက်စားလဲကြက်တွန်
ရက်လွန်မှ မလွှတ်နဲ့
လွှတ်မဲ့လွှတ် အကုန်လွှတ်
ကျွတ်ချိန်တန်  လွှတ်ပါအမြန်
တင်းခံမနေနဲ့ ငြင်းဆန်မနေနဲ့
အလင်းမှန်ရဖို့ အရင်းခံလုပ်ရမဲ့အလုပ်
တွန့်ဆုတ်တွန့်ဆုတ် မလုပ်နဲ့
စွန့်စားလုပ်နေရတာပဲထား
အလုပ်မမှားတဲ့အတွက်
သင့်ဘက်မှာပြည်သူတရပ်လုံး
တအုံးအုံးကြွ လက်ခုတ်ဝိုင်းတီးနေကြတာမို့
သမိုင်းခရီးလမ်းတလျှောက်
ခြေဖျားထောက် လျှောက်သွားနိုင်ပါပြီ။

ဒီထက်ပိုကဲ အောင်ပွဲခံချင်ရင်တော့
ကျောင်းနရံမှာဒေါင်းအလံစိုက်နိုင်အောင်
ကျောင်းဆောင်တွေကိုနေရာဟောင်း
အမြန်ပြန်ပြောင်း
မကောင်းတဲ့စိတ်နဲ့ခတ်မိုက်မိုက်
သိမ်းပိုက်ထားတဲ့ပြည်သူပိုင်းကျောင်းတွေ
နဂိုရ်ပိုင်ရှင်ဟောင်းတွေကိုပြန်ပေး
အကြွေးနှိမ် လူလိမ်တွေနဲ့ပေါင်းပြီး
မရောင်းစားနဲ့ အကြောင်းတရားကို
အကောင်းဘက်စဉ်းစားပေး
ဒီမိုကရေစီအရေးမှာ လက်မနှေး
အမြန်ဆောင်ရွက်ပေး။

ပညာရေးလဲ စိတ်အေး
စီးပွားရေးလဲ လက်မနှေး
ကျမ်းမာရေးပါ အရေးသာလာရင်
အသင်သည် ယခင်ဆိုးသမျှ
အတိုးချပြီး ပြုပြင်
အမှန်မြင်လာသည်မို့
ရာဇာပလ္လင်မှာ စာတင်လောက်တဲ့
တစ်ခေတ် တစ်ယောက်
ထွန်းတောက်လာပါလိမ့်မယ်။

ပြည်တွင်းငြိမ်းချမ်း
ပြည်သူတွေ သိန်းသန်း
ကိန်းဂဏန်းနဲ့ စိမ်းလန်းလာပါရင်
ဘီးထမ်းရကျိုးနပ်ပါပြီလို့
တတပ်တအား အရပ်သားများက
ထပ်ကြွားလိုက်ရအုံးမှာပါ။

ကိုကိုအောင်(ခေါ်)တက္ကသိုလ်ဘုန်းကြွယ်
ဇန္န၀ါရီ ၁၇ ၂၀၁၂




No comments: