ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ ဆုံရာအလယ်တွင် နှစ်ပေါင်း
၃၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်းကို အမေရိကန်နိုင်ငံမှ
လွှတ်တင်ထားသော နာဆာ Land Sat 7 ဂြိုဟ်တုဖြင့် ခေါင်းလောင်းပုံရိပ်ကို
အတိအကျ တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ “လွန်ခဲ့တဲ့ ငါးရက်လောက်က
ကြည့်ဖြစ်ခဲ့တာ ဘယ်နေရာမှာ ခေါင်းလောင်း ရှိတယ်၊ ဘယ်နေရာမှာ သင်္ဘောပျက်
ရှိတယ် ဆိုတာတွေကို အတိအကျ မြင်နေရပါတယ်။ ဓမ္မစေတီခေါင်းလောင်းကို ရေထဲကနေ
ပြန်လည်ဆည်ယူဖို့ ခန့်မှန်းခြေ ဒေါ်လာငါးသိန်း ဝန်းကျင်လောက် လိုတယ်။
အခုလက်ရှိတော့ အဲဒီဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ယူဖို့ နိုင်ငံတော်အနေနဲ့
ဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့် မပေးသေးဘူး” ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒ
အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောသည်။
အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းကို ပြီးခဲ့သည့် နှစ်များအတွင်းက
သြစတြေးလျနိုင်ငံမှ ပညာရှင်များက Sonar System နှစ်မျိုး ဖြစ်သည့် Lowlarce
HDS 7 Structure Scan Star Fish Side Scan စနစ်တို့ကို အသုံးပြုပြီး
လာရောက်စမ်းသပ် ဖော်ထုတ်ခဲ့ကြရာ ခေါင်းလောင်း ရှိမည့် နေရာနှစ်နေရာကို
စမ်းသပ်ဖော်ထုတ်ခဲ့ကြသော်လည်း နေရာ အတိအကျကိုမူ ရှာဖွေတွေ့ရှိခဲ့ခြင်း
မရှိကြောင်း ယင်းက ထပ်မံပြောသည်။ သြစတြေးလျနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုက
ခေတ်မီ ပစ္စည်းကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ
ခေါင်းလောင်းတော်ကြီး၏ ပုံရိပ်ဟု ယူဆရသော နေရာနှစ်နေရာကို
ဖမ်းယူရရှိခဲ့ကြောင်း၊ သို့သော် သေချာစွာ အတည်ပြု ပေးနိုင်ရေးအတွက်
ရေငုပ်စမ်းသပ် အတည်ပြုရန် လိုအပ်ကြောင်း သိရသည်။
“သြစတြေးလျ ပညာရှင်တွေက ဓမ္မစေတီခေါင်းလောင်း ရှိမယ့်နေရာကို
အသံလှိုင်းနဲ့ စမ်းသပ်ခဲ့ကြတာ။ ကျွန်တော်က မြစ်အတွင်းမှာ ရှိတဲ့ သံဓာတ်
အနည်းအများ ပမာဏကို Land Sat 7 နာဆာဂြိုဟ်တုနဲ့ ကြည့်ရှုစမ်းသပ်ပြီး
ခေါင်းလောင်းကို ဖော်ထုတ် တွေ့ရှိခဲ့တာပါ” ဟု ဦးစိုးသိန်းက ပြောသည်။
ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်တွင် လူအများ အဆိုပါ ဓမ္မစေတီ
ခေါင်းလောင်းကြီးကို ဖူးမြော်စေချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ Land
Sat 7 နာဆာဂြိုဟ်တုဖြင့် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်ဟု ယင်းက ထပ်မံ ပြောသည်။
Flower News Journal မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
ပုံရိပ်(burmesehearts.com)
No comments:
Post a Comment