လူထုစိန်ဝင်း
မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ မြန်မာပြည် စာနယ်ဇင်းတွေအနေနဲ့
ဘယ်နေရာက ပါဝင်လှုပ်ရှားနေကြသလဲဆိုတဲ့ မေးခွန်းကို အခုတလော မကြာခဏ
အမေးခံနေရတယ်။ နိုင်ငံခြားက ရောက်လာကြတဲ့ သတင်းစာဆရာတွေနဲ့ စာရေးဆရာတွေက
မေးကြတာပါ
ဆရာမကြီး ဒေါ်ခင်ခင်ချော
နိုင်ငံခြားသား တော်တော်များများက မြန်မာပြည်က စာနယ်ဇင်းတွေအကြောင်း
မသိတာများတယ်။ သတင်းလုပ်ငန်းနဲ့ သုံးလေးကြိမ်ရောက်ဖူး ပေါက်ဖူးသူတွေတောင်
နည်းနည်းပါးပါးပဲ အပေါ်ယံလျှပ်ပြီး သိရုံလောက်ပဲရှိတယ်။ အားလုံးက
မြန်မာဘာသာနဲ့ပဲ ထုတ်ဝေနေတာဆိုတော့ သူတို့လေ့လာချင်လို့လည်း မဖြစ်နိုင်ဘူး။
မြန်မာပြည်ကို သိပ်ပြီး စိတ်ဝင်စားသူ အနည်းအကျဉ်းလောက်ကတော့
မြန်မာစာတတ်အောင်သင်ပြီးမှ ရောက်လာကြလို့ လေ့လာနိုင်ကြတယ်။ အင်္ဂလန်က
မြန်မာစာသင်တဲ့ ဆရာမကြီး ဒေါ်ခင်ခင်ချော (အင်နာအဲလော့) လို သတင်းစာနဲ့
စာနယ်ဇင်းတွေ ဘယ်လို လုပ်ကိုင် နေကြရတယ်ဆိုတာ အထူးစိတ်ဝင်စားပြီး
အမြဲမပြတ်စောင့်ကြည့်လေ့လာနေသူမျိုးကသာ ၊ သေသေချာချာသိပြီး
နားလည်သဘောပေါက်ကြတယ်။
စိတ်ဝင်စားတာက တခြား
မြန်မာစာ၊ မြန်မာစကားတတ်သူ တစ်ချို့က သူတို့စိတ်ဝင်စားတာက တခြားဟာ
ဖြစ်နေတတ်တယ်။ တချို့က နံရံဆေးရေး ပန်းချီတွေ စိတ်ဝင်စားပြီး၊ တချို့က
မြန်မာဆိုင်းဝိုင်းကြီးကို စိတ်ဝင်စားတယ်။ တချို့ကတော့
ဗုဒ္ဓဆင်းတုတော်တွေကို နယ်ပေါင်းစုံအနှံ့လိုက်ပြီး ဓာတ်ပုံရိုက်
စုဆောင်းတယ်။ အဲဒါကြောင့် မြန်မာစာနယ်ဇင်းအကြောင်း သေသေချာချာ ဂဃနဏ
သိသူရှားတယ်။
မသိလို့မေးကြသူတွေကို သဘောပေါက်နားလည်အောင် ရှင်းပြရတာ မလွယ်ဘူး။
တော်တော်လက်ဝင်တယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ ကိုယ့်အလုပ်ကိုယ့်နယ်ပယ်က
ကိစဖြစ်လေတော့ ရှင်းပြရတယ်။ သမိုင်းကြောင်း ရှင်းပြရတာ ရှည်လျားပေမယ့်
အပြီးသတ်နိဂုံးချုပ်မှာတော့ တစ်ခွန်းတည်းနဲ့ပဲ နိဂုံးချုပ်မြဲဖြစ်ပါတယ်။
တပ်ဦးက အလံကိုင်
" မြန်မာ့နိုင်ငံရေး အပြောင်းအလဲတိုင်းမှာ မြန်မာစာနယ်ဇင်းတွေဟာ
တပ်ဦးက အလံကိုင် (Standard Bearer) အဖြစ် အမြဲပါဝင်ခဲ့ကြတယ်။ " ဒီစကားဟာ
တင်စားပြောတဲ့ စကားမဟုတ်ဘူး။ မြန်မာတို့ရဲ့ ပထမလွတ်လပ်ရေးတိုက်ပွဲ
ကာလတစ်လျှောက်လုံးမှာ မြန်မာသတင်းစာတွေနဲ့ သတင်းစာဆရာတွေဟာ၊ ပြည်သူလူထုကို
လှုံ့ဆော်စည်းရုံးပေးတဲ့နေရာကနေပြီး ရှေ့က နိုင်ငံရေးလုပ်နေကြတဲ့
မျိုးချစ်ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကို
ကူညီပံ့ပိုးပေးခဲ့ကြတယ်။ နယ်ချဲ့အင်္ဂလိပ်အစိုးရရဲ့ ရန်သူတော်စာရင်းမှာ
နံပါတ်သတ်မှတ်ခံရသူဟာ သတင်းစာဆရာ၊ စာရေးဆရာမျိုးချစ်ပုဂ္ဂိုလ်ကြီး ဆရာကြီး
သခင်ကိုယ်တော်မှိုင်း ဖြစ်တယ်။ ဂျပန်တွေ အုပ်စိုးတဲ့ သုံးနှစ်တာကာလမှာလည်း
ဆရာကြီးက ပုန်းလျှိုးကွယ်လျှိုးနေခဲ့ရတယ်။
တစ်ခုတည်းသော အားထားရာ
ဒီဘက် ဒုတိယလွတ်လပ်ရေး တိုက်ပွဲခေတ်ရောက်တော့လည်း စာနယ်ဇင်းတွေဟာ
သာမန်တိုင်းသူပြည်သားများရဲ့ တစ်ခုတည်းသော အားထားရာအဖြစ်
တာဝန်ထမ်းဆောင်နေကြရတယ်။ မြို့ပေါ်က ပညာတတ်တွေနဲ့ အလုပ်သမားတွေ၊ ၀န်ထမ်းတွေက
သူတို့ရင်ထဲမှာ မွန်းကျပ်နေတာတွေ ပြည့်လျှံလာတဲ့အခါ သတင်းသမားတွေဆီလာပြီး
ရင်ဖွင့်ဖော်ထုတ်ကြတယ်။ ဖုန်းဆက်ပြောကြတယ်။ မြို့ကြီးပြကြီးတွေနဲ့
အလှမ်းဝေးတဲ့ တောသူတောင်သားလယ်သမားတွေကလည်း သူတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့
ဒုက္ခပေါင်းစုံကို စာရေးပြီး တိုင်တည်ကြတယ်။ အနီးဆုံးမြို့ကို သွားပြီး
ဖုန်းဆက်ပြောကြားတယ်။ ငါးထောင်တန်ဖုန်းတွေသာ ၀ယ်လို့ရလာရင် လယ်သမားတိုင်း
ဖုန်းကိုင်ပြီး နေ့စဉ် ရင်ဖွင့်ကြမှာ သေချာတယ်။
လူကိုတောင်တွေ့လို့မရ
စာနယ်ဇင်းသမားတွေဆိုတာ ဘာမှ လုပ်ပေးနိုင်တာ မဟုတ်ဘူး။ ဒါကို
သူတို့လည်း သိကြတယ်။ ဒါပေမယ့် ခက်တာက စာနယ်ဇင်းသမားကိုမှ မပြောရင် ၊
တခြားဘယ်သူ့ကိုမှလည်း ပြောစရာမရှိဘူး။ အစိုးရသစ်ရဲ့ သမ္မတ နဲ့တကွ ဒုသမ္မတတွေ၊
လွှတ်တော်ဥက္ကဋ္ဌတွေက ပြည်သူတွေရှဲ့ဆန္ဒကို လေးစားရမယ်။ ပြည်သူတွေ
စိတ်ချမ်းသာအောင် လုပ်ရမယ်လို့ နေ့တိုင်းလိုလို ပြောနေကြပေမယ့် ကိုယ့်ဒေသက
မြို့နယ်အဆင့် အရာရှိကိုတောင် တွေ့ခွင့်ရဖို့ လွယ်တာမဟုတ်ဘူး။
ကိုယ့်စကားနားထောင်ဖို့ဆိုတာ ဝေးလို့၊ လူကိုတောင် တွေ့ဖို့ ရတာမဟုတ်ဘူး။
စာနဲ့ရေးပြီး ပြောပြန်တော့လည်း ကိုယ့်စာရောက်မရောက်တောင် သေချာတာမဟုတ်ဘူး။
နားထောင်မယ့်သူမရှိ
နိုင်ငံရေးပါတီတွေ ရှိလာပြီမို့ အားကိုးရပြီထင်လည်း လက်တွေ့ကျတော့
ထင်သလိုဖြစ်မလာဘူး။ ပါတီခေါင်းဆောင်ကို တွေ့ဖို့မပြောနဲ့၊
စာလေးပေးပေးပါဆိုတာတောင် လက်ခံချင်တာ မဟုတ်ဘူး။ ကိုယ့်ဒေသကို
တိုင်းခန်းလှည့်လည်လာတော့လည်း လူအုပ်ကြီးရှေ့မှာ သူတို့ပြောချင်တာတွေ
ပြောပြီး ပြန်သွားကြတာချည်းပဲ။ ကိုယ်ပြောတာကို နားထောင်မယ့်သူ တစ်ယောက်မှ
မရှိဘူး။
အားကိုးပေမယ့် အားကိုးလို့မရဘူး။ စာနယ်ဇင်းတွေကတော့ အနည်းဆုံး
ကိုယ်ပြောတာကို စိတ်ရှည်လက်ရှည် နားထောင်ပေးသေးတယ်။ ရေးလို့ရတာတွေ
ရေးပေးဖော်ရတယ်။ ဘာမှ လုပ်မပေးလည်း၊ ကိုယ့်ရင်ထဲက ပြည့်သိပ်နေတာတွေကို
အန်ထုတ်လိုက်ရလို့ ရင်ထဲပေါ့ပြီး နေသာထိုင်သာ ရှိသွားတယ်။ တောထဲက
နင်းပြားတွေနဲ့ အောက်ခြေက ဖွတ်ကျားတွေ အတွက်တော့ စာနယ်ဇင်းတွေဟာ
တစ်ခုတည်းသော
အားထားရာပါပဲ။
ခလုတ်ကသင်းတွေ
သာမန်ပြည်သူတွေက အားကိုးအားထားပြုရာနေရာ ဖြစ်လာအောင၊်
ယုံကြည်မှုရလာအောင် စာနယ်ဇင်းတွေဘက်က ကြိုးစားရတာတွေကလည်း မလွယ်လှပါဘူး။
အကွေ့အကောက်တွေ၊ ခလုတ်ကသင်းတွေ အများကြီးကို ကျော်ဖြတ်ကြရပါတယ်။
ကိုယ်စီကိုယ်ငှ ဒဏ်ရာဒဏ်ချက်တွေလည်း ဗရပွနဲ့ပါ။ အစိုးရ မျက်နှာကိုလည်း
မကြည့်နဲ့။ နိုင်ငံရေးပါတီတွေရဲ့ မျက်နှာကိုလည်း မကြည့်နဲ့၊
ပြည်သူ့မျက်နှာတစ်ခုကိုသာ ကြည့်ရမယ်ဆိုတာ ပြောတော့သာလွယ်တယ်။ လက်တွေ့ကျတော့
ကျားခံတွင်းထဲ ဆင်းရသလောက် အန္တရာယ်ကြီးပါတယ်။ ဒီလို အန္တရာယ်မျိုးစုံကို
ရင်ဆိုင်ဖြတ်ကျော်ပြီးမှ ပြည်သူတွေက ယုံကြည်အားကိုးတဲ့ နေရာကို
ရောက်လာခဲ့ရတာဖြစ်တယ်။ ဒါကို နိုင်ငံခြားသားတွေ နားလည်ဖို့ ပြောရတာ
တော်တော်လက်ဝင်ပါတယ်ဗျာ။
No comments:
Post a Comment