ရှင်ကြီး ကျားထက်ဆိုး
ကျော်သူ...
ကျွန်တော် ကျော်သူသည် ၁၉၈၄
ခုနှစ်တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် လက်ဦးဆရာ ဒါရိုက်တာ
ဦးမျိုးမြင့်အောင်ရိုက်ကူးသော “ချစ်ကြိုးလေးနှစ်မျှင်”
ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်သရုပ်ဆောင်အဖြစ် မြန်မာ့ရုပ်ရှင်လောကထဲသို့
ရောက်ရှိခဲ့သူဖြစ်သည်။
၁၉၉၄ ခုနှစ်တွင်
ဒါရိုက်တာဇင်ရော်မောင်မောင်ရိုက်ကူးသော “တပြည်သူမရွှေထား” ရုပ်ရှင်
ဇာတ်ကားနှင့် အဓိကသရုပ်ဆောင် အကယ်ဒမီထူးချွန်ဆုကို ရရှိခဲ့ပြီးသည့်နောက်
၂၀၀၃ ခုနှစ်တွင် “အမေ့နို့ဖိုး” ဇာတ်ကားဖြင့် အကောင်းဆုံး
ဒါရိုက်တာထူးချွန်ဆုကို ရရှိခဲ့ကာယင်းဇာတ်ကားနှင့် အကယ်ဒမီပေါင်း (၇)
ဆုကိုလည်းထိုက်ထိုက်တန်တန်ရရှိအောင် ရိုက်ကူးဖန်တီးခဲ့သောသူ တစ်ယောက်လည်း
ဖြစ်သည်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာ
(ရွှေဝါရောင်တော်လှန်ရေး) မတိုင်ခင်အထိ နိုင်ငံတော်အကျိုးပြု ဇာတ်ကားများ၊
နေ့ထူးနေ့မြတ် ဂုဏ်ပြုပဒေသာကပွဲများ၊ ရုပ်မြင်သံကြားဇာတ်လမ်းများအပြင်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရံပုံငွေရှာဖွေရေး ဘောလုံးပွဲများ၊
ဗီဒီယိုဇာတ်လမ်းများကို ရိုက်ကူးပေးခဲ့သူလည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ်၊
စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး)မှစ၍ ကျွန်တော့်အား ပြန်ကြားရေး
ဝန်ကြီးဋ္ဌာနမှ အနုပညာလုပ်ခွင့်များကို ပိတ်ပင်ထားသည်မှာ
ယနေ့တိုင်ပင်ဖြစ်သည်။ သို့သော် ကျွန်တော် သည် ရုပ်ရှင်လောကနှင့် ဝေးကွာ
သွားသည်တော့ မဟုတ်။ အနုပညာသမားများ၏ သတင်းများ၊ အနုပညာလောကအတွင်း
ဖြစ်ပေါ်နေသော ပြဿနာများကိုအတွင်းကျကျသိရှိနေသူဖြစ်သည်။ အနုပညာလောကတွင်
ကျင်လည်ခဲ့စဉ်က အနုပညာ မောင်နှမများ၊ ထုတ်လုပ်သူများ၊ ဒါရိုက်တာများနှင့်
မည်သည့် ပြဿနာတစ်စုံတစ်ရာမျှ မပေါ်ပေါက်ခဲ့ပါ။ သို့သော် ၂၀၀၁ ခုနှစ်မှစ၍
ရုပ်ရှင်ဖခင်ကြီး တစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချပေးသော
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် တစ်ဖတ်တစ်လမ်းမှ ပါဝင်၍ အများပြည်သူတို့အား
တတတ်တအား ကူညီဖေးမကာ ကုသိုလ်ဖြစ် ပေးဆပ်ခဲ့သည့် အချိန်မှစ၍
အနုပညာသမားအချို့သည် ကျွန်တော့်နှင့် လက်တွဲရိုက်ကူးခြင်းကို
မပြုလုပ်ကြတော့ပေ။ အဘယ့်ကြောင့်ဆို ကျွန်တော်လုပ်ကိုင်
ပေးဆပ်နေသောလုပ်ငန်းသည် လာဘ်ပိတ်ခြင်း၊ နာမ်နှိမ်ခံရခြင်းစသည့် အယူဝါဒ
အစွဲများကြောင့်ပင် ဖြစ်တော့သည်။ မည်သို့ဖြစ်စေ ကျွန်တော်သည် ဗုဒ္ဓဘာသာ
မြန်မာလူမျိုး တစ်ယောက်အနေဖြင့် ဒိဋ္ဌိအယူဝါဒများအား တိုက်ဖျက်ကာမိမိ၏
ခံယူချက်၊ ဘဘဦးသုခ၏ ရည်ရွယ်ချက်များကို ကြံ့ကြံ့ခံကာ အများပြည်
သူတို့အတွက် ပေးဆပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်တော့သည်။
ဘဘဦးသုခ ကွယ်လွန်သွားသည့်
အချိန်မှစ၍ ကျွန်တော်တို့၏ ပေးဆပ်မှု လုပ်ငန်းများအား နာရေးကူညီမှု တင်မက၊
ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည့်လူသားတို့၏ မဖြစ်မနေ ကြုံတွေ့ရမည့်
အခက်အခဲများကို တိုးချဲ့၍ ကူညီဖေးမ ပေးခဲ့သည်။ ထိုသို့ နာရေးကိစ္စ
အခက်အခဲများနှင့် ရန်သူမျိုးငါးပါး ဒဏ်ခံခဲ့ရသော ပြည်သူလူထုကို ကူညီဖေးမ
ပေးဆပ်ခဲ့သလို ရုပ်ရှင် အနုပညာသည်များကိုလည်းများစွာ ကူညီဖေးမ
ပေးဆပ်ခဲ့ရသည်။
ယခု ၂၀၁၂ ခုနှစ်၊ မတ်လတွင်
မြန်မာ့ရုပ်ရှင်လောကသားများ၏ ဒီမိုကရေစီနိုင်ငံတော် ထူထောင် ရာတွင်
အာဏာရှင်စနစ်အား တိုက်ဖျက်လိုခြင်း၊ အနိမ့်ကျဆုံးဖြစ်နေသော
မြန်မာ့ရုပ်ရှင်အား မြှင့်တင်လို ခြင်း၊ ရုပ်ရှင်လောကသားများ မိသားစုသဖွယ်
စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် ဖြစ်စေလိုခြင်းစသည့် ရည်ရွယ်ချက်များဖြင့်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအား အသစ်တစ်ဖန် ပြန်လည် ဖွဲ့စည်းတော့မည်ဟု
ကျွန်တော် သိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော့်အတွက် ကျေးဇူး မကင်းခဲ့သော
မြန်မာ့ရုပ်ရှင်လုပ်ငန်းအား အရှိန်အဟုန် မြှင့်မားစွာဖြင့် တိုးတက်
ပြောင်းလဲမှုကို အမှန်တကယ် မျက်ဝါးထင်ထင်မြင် တွေ့လိုချင်စိတ်
ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ရုပ်ရှင်ရိုက်ခွင့်
မရရှိသေးသော်လည်း တဖက်တလမ်းမှ မြန်မာ့ရုပ်ရှင် လုပ်ငန်းအား တိုးတက်စေလိုသော
ဆန္ဒဖြင့် မိမိတွင်ရှိသော လူမှုရေးစိတ်ဓါတ်၊ အနုပညာစိတ်ဓါတ်၊
ခိုင်မြဲသောသီလတို့ဖြင့် ပြန်လည်၍ ကျေးဇူးဆပ်လိုပါသဖြင့် အဓိက သရုပ်ဆောင်
အလွှာမှ ဝင်ရောက် အရွေးချယ် ခံရန်အတွက် စဉ်းစားမိတော့သည်။
ထို့ကြောင့် မိမိနှင့်ရင်းနှီးသော
အနုပညာ လက်တွဲဖော် တစ်ယောက်ဖြစ်သော ရုပ်ရှင်တည်းဖြတ် ပညာရှင်တစ်ဦးအား
မိမိ၏ ကိုယ်စားလှယ်အဖြစ် လက်ဆင့်ကမ်းကာ ကွန်ပြူတာစာရိုက်၍ မြန်မာ့ရုပ်ရှင်
အစည်းအရုံးသို့ အဓိက သရုပ်ဆောင် အလွှာတွင် ဝင်ရောက်ရွေးချယ်မှု လျှောက်လွှာအား
တလေးတစားဖြင့် သွားရောက် ယူငင်ခိုင်းခဲ့သည်။ ကျွန်တော်သည် နေ့စဉ်နှင့်အမျှ
နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးစသည့် လူမှုရေး လုပ်ငန်းများကို
လုပ်ကိုင်နေ၍ ကိုယ်တိုင်သွားရောက်၍ လျှောက်လွှာအား မယူဖြစ် ခဲ့ပါ။ ယင်းနေ့
နံနက် (၁၀း၀၀) နာရီခန့်တွင် ကျွန်တော်၏မိတ်ဆွေ တည်းဖြတ်ပညာရှင်ထံမှ
ကျွန်တော့်ထံသို့ “ကိုယ်တိုင်လာမယူ၍ မပေးနိုင်ကြောင်း” ရုပ်ရှင်အစည်းအရုံး
ရွေးကောက်ပွဲအဖွဲ့ဝင်များက ပြောကြားကြောင်း အကြောင်းကြားခဲ့သည်။
ဤတွင် ကျွန်တော်မှ ပြန်လည်၍ မေးခွန်းများ ပြန်လည် မေးမြန်းချင်တော့သည်။
- ကျွန်တော့်ကဲ့သို့ အကယ်ဒမီ
ရုပ်ရှင်သရုပ်ဆောင်၊ အကယ်ဒမီဒါရိုက်တာတစ်ဦးအား ကိုယ်တိုင် ကိုယ်ကျလာယူမှ
ပေးမည်ဟု ပြောခဲ့သော်လည်း ဇာတ်ပို့/ရံအလွှာမှ
လူရွှင်တော်တစ်ဦးအားတယ်လီဖုန်းဖြင့် လျှောက်လွှာ တောင်းခံခြင်းကို
အဘယ့်ကြောင့် ပေးခဲ့သနည်း .. ?
- နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော ဇာတ်ညွှန်းအလွှာမှ ဇာတ်ညွှန်းဆရာ တစ်ဦးအားလည်း အဘယ့်ကြောင့် လျှောက်လွှာ ပေးခဲ့သနည်း .. ?
ထို့အပြင် ယင်းစစ်မှန်သော
ရွေးကောက်ပွဲအား အကောင်အထည် ဖော်မည်ဟု ကြွေးကြော်နေသော အနုပညာ
သမားများထဲတွင် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး)အပြီး
ကျွန်တော်အဖမ်းခံရပြီး ပြန်လည် လွတ်မြောက်လာသော အချိန်တွင်
အနုပညာရှင်တစ်ဦး၏ ဈာပနအခမ်းအနား၌ “မောင်မောင် … မင်းက အချိန်မတန်သေးဘဲ
လုပ်တာကိုး” ဟုဆရာကြီးပုံစံနဲ့ ပြောဆိုခဲ့သော အခွင့်အရေးသမား
တစ်ဦးပါဝင်နေခြင်းနှင့် ဗိုလ်ချုပ်ခင်ညွှန့် အထိန်းသိမ်းခံရာမှ ပြန်လည်
လွတ်မြောက်လာစဉ် သွားရောက် တွေ့ဆုံကြသော အနုပညာသမားများထဲမှ “ကျော်သူက
တစ်ချိန်လုံး မူးနေတာ၊ ဂျပန်မှာ တော်တော် ဒုက္ခပေးခဲ့တယ်။”
ဟုပြောကြားခဲ့သော
ကိုယ့်ဂုဏ်မြင့်၍ အခြားသူအား အပုပ်ချခဲ့သော ခွက်ပုံး အနုပညာသမား
ပါဝင်နေခြင်းတို့အား ကျွန်တော်များစွာ တွေးတော စဉ်းစားမိတော့သည်။ ယခု
မြန်မာ့ရုပ်ရှင် အစည်းအရုံးအား ပြန်လည် ဖွဲ့စည်းမည်ဖြစ်သော
ရုပ်ရှင်အနုပညာသည်များ ပြောကြားကြသော မြန်မာ့ရုပ်ရှင် လောက အနုပညာမောင်
နှမများအား စည်းလုံး ညီညွှတ်စွာဖြင့် မိသားစု စိတ်ဓါတ်ထားကာ တစ်ဦး၏
အခက်အခဲများကို ဝိုင်းဝန်းဖြေ ရှင်းပေးလိုခြင်း၊ ရုပ်ရှင်အနုပညာ သမားများ၏
သာရေး/ နာရေးကိစ္စများကို ဝိုင်းဝန်း၍ ကူညီဆောင်ရွက်လိုခြင်း
စသည့်စကားများသည် ကျွန်တော်အတွက် မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ကျွန်တော်
မြန်မာ့ရုပ်ရှင် အစည်းအရုံးတွင် တာဝန်ထမ်းဆောင်စဉ် ကာလ၌ နိုင်ငံတော်မှ
အရေးယူ ပိတ်ပင်ခံထားရသော အနုပညာသမားများ၏ အသက်ရှင်သန်မှု၊
အနုပညာလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် ထိုစဉ်အခါက
နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံတိုင်း ကျွန်တော်တို့ စဉ်းစားပေးရန်၊
ဖွင့်လှစ်ပေးရန် တိုက်တွန်းမှု၊ အကြံပေးမှု၊ အသနားခံမှုများကို စဉ်ဆက်မပြတ်
လုပ်ကိုင်ခဲ့ပါ၍ ယင်းကဲ့သို့ ပိတ်ပင်ခံထားရသော အနုပညာသမားများ ပြန်လည်၍
အနုပညာလောကတွင် သက်ဝင် လှုပ်ရှားပါဝင် ဆင်နွှဲနိုင်ခဲ့သည်မှာ ငြင်း၍မရပေ။
သို့သော် ၂၀၀၇ ခုနှစ်၊
စက်တင်ဘာလမှစ၍ အနုပညာလုပ်ငန်းများ အပိတ်ပင်ခံခဲ့ရသော ကျွန်တော်၏ ကိစ္စရပ်အား
မည်သည့် အနုပညာသမားများ၊ မည်သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ
တာဝန်ရှိပုဂ္ဂိုလ် များတို့မှ နိုင်ငံတော် အုပ်ချုပ်သူ ပုဂ္ဂိုလ်များနှင့်
တွေ့ဆုံခဲ့ကြစဉ် တစ်ခွန်းတပါဒမှ ပြောကြားပေးခဲ့ခြင်း မရှိချေ။
မြန်မာ့ရုပ်ရှင် အနုပညာလောကမှ နိုင်ငံတော်မှ အနုပညာလုပ်ခွင့် ပိတ်ပင်ခံရသူ
အနုပညာရှင်များထဲတွင် ကျွန်တော်သည် ပိတ်ပင်ခံရမှု သက်တမ်းအရှည်ဆုံး
အနုပညာသမား ဖြစ်ပေလိမ့်မည်။
သို့ရာတွင် ကျွန်တော်သည်
ရုပ်ရှင်လောက ဖခင်ကြီးတစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချခဲ့သော
လူမှုရေးလုပ်ငန်းကြီးအား တိုးတက် မြင့်မားလာအောင် ထမ်းဆောင်ရင်းနှင့်
မြန်မာ့ရုပ်ရှင်လောကတွင် ရှိကြသော အဓိက သရုပ်ဆောင်များ၊ ဒါရိုက်တာများ၊
ထုတ်လုပ်သူများ၊ ဇာတ်ပို့/ရံများ၊ လူကြမ်း သရုပ်ဆောင်များမှအစ
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ပြန်ကြားရေးဋ္ဌာနမှ ဝန်ထမ်းများ
(ဥက္ကဋ္ဌမှအစ သန့်ရှင်းရေးအဆုံး) ကြုံတွေ့နေရသော နာရေး၊
ကျန်းမာရေးကိစ္စရပ်များအား မနားမနေ ကူညီဖေးမ ပေးနေသူ တစ်ဦးဖြစ်သည်။
သို့သော် ကျွန်တော်သည် ကုသိုလ်ရေး လုပ်ငန်းဖြစ်သော လူမှုရေးလုပ်ငန်းများ
ထမ်းရွက် ပေးနေရသည့်အတွက် ကျွန်တော်၏ ကျေးဇူးရှင်များ ဖြစ်ကြသော
အများပြည်သူတို့နှင့် ပြင်ပလောကတွင် အနီးကပ် ထိတွေ့ ပေးဆပ်နေရမှုကို
ကျေနပ်ပီတိ ဖြစ်ခဲ့ပါသည်။
ယနေ့ ကျွန်တော့်၏
မိတ်ဆွေဖြစ်သူတည်း ဖြတ်ပညာရှင်အား လမ်းကြုံ၍ မြန်မာနိုင်ငံရုပ်ရှင်
အစည်းအရုံး အဆောက်အဦးသို့ ဝင်ရောက် ပို့ဆောင်ခဲ့ပါသည်။
ရုပ်ရှင်အစည်းအရုံး၏ ဆင်ဝင်အောက်တွင် မော်တော်ယာဉ်အား ခေတ္တရပ်နား၍
ကျွန်တော်၏ မိတ်ဆွေ ကားပေါ်မှ ဆင်းချိန်တွင် မော်တော်ယာဉ် အနီးတွင်ရှိသော
လူကြမ်း သရုပ်ဆောင် တစ်ဦးနှင့်တွေ့ဆုံ၍ လွန်ခဲ့သော နှစ်ရက်ခန့်က
ယင်းလူကြမ်း သရုပ်ဆောင် အစ်မဖြစ်သူ၏ နာရေးကိစ္စရပ်အား အဆင်ပြေမှုအား
မေးမြန်းနေစဉ် ရုပ်ရှင်လောကမှ ဗီဒီယိုဒါရိုက်တာ တစ်ဦး ရောက်လာကာ“ဟေ့လူ …
ဒီနေရာက ကားရပ်ရတဲ့ နေရာမဟုတ်ဘူး” ဟူ၍ ရင့်သီးစွာ
ပြောဆိုခြင်းကိုခံခဲ့ရသည်။ ကျွန်တော် နားလည်သည်မှာ အဆောက်အဦးများတွင်
ရှိသော ဆင်ဝင်အောက်သည် လူအပို့/ကြို ပြုလုပ်ရန်ထားရှိသော မော်တော်ယာဉ်
ခေတ္တရပ်နားရန် နေရာပင်မဟုတ်ပါလား။ ကျွန်တော်သည် မော်တော်ယာဉ်အား
စက်ရပ်နားခြင်းလည်း မပြုလုပ်။ မိနစ်ဝက်ခန့်သာ စကားလှမ်းပြောခြင်းကိုသာ
လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်၏အပေါ် ယခင်စစ်အစိုးရ လက်ထက်ရှိ
ပြန်ကြားရေးဋ္ဌာနမှ ပိတ်ပင်ထားခဲ့မှုများကို ပြန်လည်ပွင့်လင်းအောင်
လုပ်ပေးရမည်ဖြစ်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် ယခုကဲ့သို့
ရွေးကောက်ပွဲဝင်ခြင်းကို တားမြစ်ခြင်း၊ ကျွန်တော့်အား ယခုကဲ့သို့
ရွေးကောက်ပွဲ ကော်မတီတွင် ပါဝင်သော ဗီဒီယိုဒါရိုက်တာမှ ရင့်သီးစွာ
ဆက်ဆံခြင်းတို့သည် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီနိုင်ငံတော်ရှိ
အနုပညာသမားများ လုပ်ရမည့် လုပ်ရပ်များမဟုတ်ပေ။
မည်သို့ဖြစ်စေကာမူ ကျွန်တော်သည်
မည်သည့် အစိုးရတက်တက်၊ မည်ကဲ့သို့ ရုပ်ရှင်အစည်းအရုံး ပေါ်ပေါက်ပေါ်ပေါက်
ကျွန်တော့်၏ တာဝန်မှာ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ မိတ်ဆွေရန်သူမရွေးတို့၏
နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည်တို့ကိုသေတပန်
သက်တစ်ဆုံးလုပ်ကိုင် ပေးဆပ်သွားရမည် ဖြစ်တော့သည်။ အဆုံးသတ်ရသော်
မြန်မာ့ရုပ်ရှင်လုပ်ငန်း တိုးတက်မြင့်မားအောင်၊ မြန်မာ့ရုပ်ရှင်
အနုပညာသမားများ စည်းလုံးညီညွှတ်အောင်၊ အစိုးရအဖွဲ့အစည်း မပါဝင်သော NGO
စစ်စစ် မြန်မာ့ရုပ်ရှင် အစည်းအရုံး ပေါ်ပေါက်လာအောင်၊ မြန်မာ့ရုပ်ရှင်
အနုပညာသမားများ ညီရင်းအစ်ကို မောင်နှမ သဖွယ် တစ်ဦး၏ ကိစ္စရပ်များကို
စုပေါင်း ဖြေရှင်းပေးနိုင်အောင် စသည့်ရည်ရွယ်ချက်များဖြင့် ပြန်လည်၍
ဖွဲ့စည်းမည်ဖြစ်ရာ အနုပညာသမား စစ်စစ်များအနေဖြင့် အရွေးချယ်ခံမည့်
လူတစ်ဦးချင်း တစ်ဦးချင်းတွင် အဓိကအားဖြင့် ကိုယ်ကျင့်သီလ၊ ခံယူချက်၊
ရည်ရွယ်ချက်နှင့် စိတ်ဓါတ်က အရေးကြီးပေသည်။ မြန်မာ့ရုပ်ရှင်အနုပညာဖြင့်
ဘဝကိုရပ်တည်နေသောသူများအတွက် “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး” ဟူ၍ မဖြစ်အောင် အထူးသတိပြုစေ လိုတော့သည်။
ကျော်သူ

No comments:
Post a Comment