Nghet Taw -
ညီမလေးရယ်... စိုးရိမ်မိတယ်
ငှက်တော်။ မတ် ၁၄၊ ၂၀၁၂
တစ်ခေတ် တစ်ခါက မြန်မာပြည်သားများ နှုတ်တွင် နှစ်သက်စွာ ဆိုငြီးခဲ့ဖူးသော
နာမည်ကျော် သီချင်းတစ်ပုဒ်၏ ခေါင်းစဉ်လေးဖြစ်ခဲ့သလို၊ ထင်ရှားသောစာရေးဆရာကြီးတစ်ဦး၏
လူကြိုက်များလှသော ၀တ္ထုခေါင်းစဉ်လည်းဖြစ်ခဲ့ပါသည်။
"ညီမလေး ရယ် … စိုးရိမ်မိသေးတယ်"
ဆိုသောသံစဉ်ကို
ယခုထိသောတအာရုံတွင် ငြိနေသေးသော်လည်း ယခုစာစုတွင် ထိုသီချင်းကို
လည်းကောင်း၊ ထိုဝတ္ထုကိုလည်းကောင်း၊ ချီးမွမ်းဝေဖန်၊ အကျယ်ချဲ့ရန်မဟုတ်ပါ။
သို့သော် ကျွန်ုပ်တို့ချစ်သောမြန်မာနိုင်ငံ၏ အရေးအတွက် စိုးရိမ်မိသောကြောင့်ယခု
စာစုကို ရေးသားရခြင်းဖြစ်ပါသည်။
၁၉၄၇
ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နေ့ တွင် ဗိုလ်ချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာ၊
ကချင်၊ ချင်း၊ ရှမ်းတို့၏ ခေါင်းဆောင်များ ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင်
သမိုင်းဝင် ပင်လုံစာချုပ်
ကို
လက်မှတ်ထိုးခဲ့ပါသည်။ ပင်လုံစာချူပ်ကို အခြေခံ၍ ပင်လုံစိတ်ဓာတ်ဖြင့်
စစ်မှန်သောပြည်ထောင်စုကို အခြားညီနောင်များဖြစ်သော ကရင်၊ ကယား၊ မွန်၊
ရခိုင်၊ တို့နှင့် တည်ဆောက်ရန် ဗိုလ်ချုပ်တယောက် တက်တက်ကြွကြွ ကြွေးကြော်
ပြောဆိုဆောင်ရွက်နေစဉ်၊ လက်နက်ကိုင်တစု၏ လုပ်ကြံသတ်ဖြတ်ခြင်း
ခံလိုက်ရပါသည်။
ဗိုလ်ချုပ်နာမည်မသေခဲ့သော်လည်း လူကတော့ သေခဲ့ပါပြီ။
၁၉၈၈ ခုနှစ်၊ တိုင်းပြည်ချောက်ထဲ ကျခါနီး၊ လက်မတင်ကလေးမှာ တိုင်းပြည်ကို
ကယ်တင်ဖို့ အကြောင်းပြကာ တပ်မတော်ကိုဦးဆောင်ပြီး အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီး ပေါ်လာပြန်ပါသည်။
"လွတ်လပ်ပြီး
တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးမည်။ အနိုင်ရသူကို
တိုင်းပြည်အာဏာလွှဲပေးပြီး ကျုပ်တို့စစ်သားတွေ စစ်တန်းလျားကို ပြန်သွားမယ်"
ဟု
ဆိုသော ဗိုလ်ချုပ်ကြီး၏ ရဲရဲတောက် စကားကို မြန်မာလူထုတရပ်လုံးက ၀မ်းသာအားရ
ကြိုဆို ကြိုက်နှစ်သက်ကြပါသည်။ လူထုကြိုက်၊ လူထုသဘောကျသော
ထိုဗိုလ်ချုပ်ကြီး ကြာကြာ မခံလိုက်ပါ။ ဗိုလ်ချုပ်ကြီး၏ အနီးဆူံးလူများက
အနီးကပ် အတိုဖြင့် ထိုးသောကြောင့် ဗိုလ်ချုပ်ကြီး ဖုတ်ကနဲ ကျသွားပါသည်။
အနီးဆုံးလူ၏
အတို ဖြင့်ကပ်ထိုး ခံရသော ဗိုလ်ချုပ်ကြီးမှာ ချက်ချင်း မသေရှာသော်လည်း
ဘ၀နာခဲ့ပါသည်။ တကယ်သေပြန်တော့လည်း ဗိုလ်ချုပ်ကြီး၏ ဈာပနတွင် သူနှင့်အတူ
ဝတ်စုံတူညီ ၀တ်ခဲ့သူများ တစ်ယောက်တစ်လေမှ အသုဘရှု မရောက်ခဲ့ပါ။
၂၀၁၂ ခု …
ဟော … လာပြန်ပြီ ဗိုလ်ချုပ်ကြီးတစ်ယောက်။
"တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ရမည်။ ပင်လုံစိတ်ဓာတ်ဖြင့် တိုင်းပြည်ကို တည်ဆောက်သွားမည်။"
၆၅
နှစ်လုံးလုံး ဘယ်ဗိုလ်ချုပ်မှ စိတ်ကူးထဲတောင် မထည့်ခဲ့သော
"ပင်လုံစိတ်ဓာတ်" ဆိုသည်ကို လွတ်တော်ထဲတင်မက ကမ္ဘာသိအောင် ရဲရဲတောက်
ကြွေးကြော်နေသဖြင့် ဘုရားတမိပါ၏။ သူ့ ရှေ့ကသွားလေသူ ဗိုလ်ချုပ်နှစ်ယောက်၏
အဖြစ်ကိုမြင်ယောင်မိပါသည်။ ထိုသို့ မြင်ယောင်၍ မဆုံးသေး။
ဗိုလ်ချုပ်သမီးကလည်း သွားလေရာမှာ "ပင်လုံစိတ်ဓာတ်" "ဒုတိယပင်လုံညီလာခံ"
"တရားမျှတသောရွေးကောက်ပွဲ" စသည်၊ စသည်ဖြင့် ပြော၊ ဟောသံ တညံညံ။ လက်ခုတ်သံမစဲ တသဲသဲ ဖြစ်နေပြန်ပါသည်။
ဒုတိယအကြိမ်ဘုရားတမိပြန်ပါသည်။
ဒီတစ်ခါ ဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ်သမီးတို့မှာ အသွင်မတူသော်လည်း၊ လေသံကတော့ စွတ်ချွတ်ဆိုသလို ဖြစ်ပါသည်။
အတာကူးမည့် တန်ခူးမှာ အကကျူးတော့မည့် "ဧပြီယိမ်း" အဖွဲ့လို ညီညာလို့နေပါသည်။
ညီညာလွန်းအားကြီးတော့
ကြိတ်ပုန်းခုတ်ထားသလား၊ တစ်ဦးဦး၏ အဆင့်မြင့်သောအကြံ (Well plan) လား ဟု
သံသယမ၀င်လိုသော်လည်း လက်ဝါးချင်းရိုက်ထားသလို၊ စည်းဝါး ညီနေတာမို့ ၊
တစ်ယောက်ကို တစ်ယောက် ဆန့်ကျင်ရင်းနှင့် ထောက်ခံနေသလား၊ နိုင်ငံရေး
ကစားနေတာလား ဟု ဥာဏ်မမီ၍ မတွေးချင်တော့ပါ။
သမိုင်း
တစ်ပတ်လည်သည် ဟုကြားဖူးပါသည်။ “နောက်ပြန်မလှည့်တော့ဘူး …” ဟု
ဆိုကြသော်လည်း၊ ရှေ့သွားမြန်လွန်းလျှင် ဘီးတစ်ပတ်လည်လာမည်ကို
စိုးရိမ်မိပါသည်။
တစ်နည်းအားဖြင့် ယနေ့ဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ်သမီးတို့အပေါ် ယခင်ဗိုလ်ချုပ်ကြီးများကဲ့သို့ အန္တရာယ်ကျလာမည်ကို စိုးရိမ်မိပါသည်။
ဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ်သမီးတို့က သေမှာမကြောက်ဘူးဟုသတ္တိရှိကြပါလိမ့်မည်။
သို့သော်
မသေသင့်၊ မသေထိုက်သေးသောသူ၊ အချိန်မတန်မီ မသေစေလိုသည့် ဆန္ဒ၊ လှေလှော်ရင်း
တက်ကျိုးသလို မဖြစ်စေလိုသဖြင့် ကိုယ်လုံသိုင်းပညာရှင်များ၊ အလေးထားသော
ကာကွယ်နည်း (၂) ရပ် ကိုဖော်ပြအပ်ပါသည်။
(၁)
အတိုနှင့် ထိုးတတ်သူကို အဓိကထား ဂရုစိုက် ကာကွယ်ရမည်။ အရှည်ကိုင်သူများမှာ
မြင်လွယ်ပြီး ရှောင်တိမ်း ခုခံကာကွယ်ရန် လွယ်သလောက်၊ အတိုကိုင်သူများမှာ
မမြင်သာသည့်အပြင် အနီးကပ် လှည့်ပတ်ထိုး၊ တွတ်၊ ပူးကပ်နေသောကြောင့်ကာကွယ်ရန်
ခက်လှပါသည်။ အကျယ်မချဲ့တော့ပါ။
"အတိုနှင့်
ထိုးတတ်သောရန်သူသည် ကိုယ်နှင့်အနီးဆုံးနေရာအထိ လာနိုင်သောသူ၊ နေသောသူ၊
သာမညလူ မဟုတ်သောကြောင့်" သတိနှင့်လုံခြုံအောင်ကာကွယ်ရမည်။
(၂)
သိုင်းပြောင်းပြန်တတ်သူကို ဂရုစိုက် ကာကွယ်ရမည်။
သိုင်းပြောင်းပြန်တတ်သူသည် မိမိအကြောင်းကို သိသူ၊ မိမိ၏ပျော့ကွက်၊
အားနည်းချက်၊ အားသာချက်ကို သိသူဖြစ်သောကြောင့် သတိထားကာကွယ်ရမည်၊
တစ်ကွက်ကြို စဉ်းစားလုပ်နိုင်မှ တန်ကာကျတတ်ပါ သည်။
လိုရင်း
ရေးရလျှင် လုံခြုံအောင် ကာကွယ်နိုင်လျှင် ကာ၊ မကာနိုင်ခဲ့သော်၊
သိုင်းပြောင်းပြန်၏ သဘော တရားအရ၊ လုံခြုံအောင် မကာကွယ်ခဲ့လျှင်၊ တစ်နည်း
(လုံ/ကာ) မပြုနိုင်လျှင် (ကာ/လုံ) ကြီးနှင့်တွေ့ လိမ့်မည်တည်း။
ထို့ကြောင့် ဤစကားများနှင့် နိဂုံးချုပ်ပါ၏။
ဗိုလ်ချုပ်ကြီးရယ် စိုးရိမ်မိတယ်။
ဗိုလ်ချုပ်သမီးရယ် စိုးရိမ်မိတယ်။
(မတ် ၁၀၊ ၂၀၁၂)

No comments:
Post a Comment