Tuesday, March 13, 2012
မြန်မာ - ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု ဆုံးဖြတ်ချက် ချမည်
ရန်ကုန်၊ မတ် ၁၃
နှစ်ပေါင်း ၄၀ နီးပါး အငြင်းပွားမှု ဖြစ်ပွားနေခဲ့သော မြန်မာ - ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု ပြဿနာကို မတ်လ ၁၄ ရက်နေ့တွင် ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ ပင်လယ်ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံး၌ ဆုံးဖြတ်ချက် ချမှတ်မည် ဖြစ်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
The International Tribunal for the Law Of the Sea(ITLOS) ဥက္ကဋ္ဌ Jose Luis Jesus ကလည်း အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က ပြုလုပ်သော ပင်လယ်ရေကြောင်း ဥပဒေဆိုင်ရာ ညီလာခံတွင် မြန်မာ - ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှုကို ၂၀၁၂ ခုနှစ်၊ ပထမ သုံးလပတ်အတွင်း ဆုံးဖြတ်ချက် ချနိုင်ရန် မျှော်လင့်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
မြန်မာ - ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှုအတွက် ကြားနာ စစ်ဆေးမှုများကို ITLOS အခြေစိုက်ရာ ဂျာမနီ နိုင်ငံ၊ ဟမ်းဘတ် မြို့တွင် ပြုလုပ်ခြင်း ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံကို တရားစွဲဆိုထား သကဲ့သို့ အိန္ဒိယ နိုင်ငံကိုလည်း အလားတူ တရားစွဲဆိုမှုများ ရှိသည်ဟု နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါ အငြင်းပွားမှု ဖြစ်ပွားနေသော ရေပိုင်နက်တွင် မြန်မာ့ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသော A 1 လုပ်ကွက် ပါဝင်သည်။
(Ref : The Voice Daily Newsletter March 13)
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment