Wednesday, March 14, 2012

ပဒိုမန်း​ငြိမ်း​မောင်ကို တသက်တကျွန်းချမှတ်

Posted: 13 Mar 2012 05:31 AM PDT
ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ကျခံစေဖို့ အင်းစိန် ထောင်တွင်း တရားရုံးက ဒီနေ့ စီရင်ချက် ချမှတ်လိုက်တာဟာ ယခု ကေအဲန်ယူနဲ့ ဗမာစစ်အစိုးရတို့ လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကို ဗမာအစိုးရက သောက်ဂရုမစိုက်ကြောင်း ကို သက်သေပြလိုက်ခြင်းဖြစ်ပါတယ်။ ကရင်အမျိုးသားတို့ ၏ တန်းတူအခွင့်အရေးရရှိဖို့ တိုက်ပွဲဝင်မှုကို အသိအမှတ်မပြုတဲ့အပြင် မလေးမခန့် နဲ့ ပညာပေးလိုက်တာပါ။ ရန်သူက သူ့ အလုပ်သူလုပ်နေမှာဖြစ်သည့်အတွက် ကေအဲန်ယူအနေနဲ့  ပဏာမ အပစ်ရရေး သဘောတူညီထားတာတွေကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။

ရန်သူက ကိုယ့်ကို တန်းတူမဆက်ဆံရင် ဆွေးနွေးပွဲရလဒ်တွေဟာ လည်း တဖက်စောင်းနင်းဖြစ်မှာဖြစ်ပြီး ကရင်အမျိုးသားတို့ လိုလားတောင့်တတဲ့ စစ်မှန်တဲ့ကိုယ်ပိုင်ပြန်ဌာန်းခွင့်ကို ဒီအစိုးရလက်ထက် ရနိုင်စရာအကြောင်းမရှိဘူးဆိုတာ ပေါ်လွင်ထင်ရှားနေပါသည်။ ယခုချိန်မှာ ကေအဲန်ယူအနေနဲ့  စစ်ရေးအတွက် ပြန်လည်အသင့်ပြင်ထားဖို့ လိုနေပြီဖြစ်ကြောင်း တိုက်တွန်းလိုပါသည်။

နှစ် ၆၀ ကျော်တိုက်လာခဲ့လို့ စစ်ကို ရပ်စဲသင့်ပြီလို့ အများသူငါ ဆန္ဒရှိနေပေမယ့် နှစ် ၆၀ ကျော် အသက်သွေးပေါင်းများစွာ ပေးဆပ်လာခဲ့ကြပြီး မှ ဘာမဟုတ်တာလေးနဲ့ အလှဲအလှယ် လုပ်ကြမှာလား မဖြစ်စလောက်လေးနဲ့  ကြေနပ်ကြမှာလား ဆိုတာမေးစရာဖြစ်လာတယ်။

ဘာမှမရသေးတာမက ထိပ်တန်း ကေအဲန်ယူခေါင်းဆောင်တစ်ဦးကို ဒီလို အပြစ်ပေးတာ ယခုလက်ရှိတာဝန်ထမ်းဆောင်နေ တဲ့ ကေအဲန်ယူခေါင်းဆောင်တွေ ရန်သူလက်ထည့်ရောက်သွားရင် ဥပဒေကို လက်တစ်လုံးကြားသုံးပြီး တစ်နေ့ ထောင်သွင်း မဆွဲထည့်ဘူးဆိုတာ ဘယ်သူအာမခံနိုင်မလည်းဆိုတာ စဉ်းစားစရာတွေအများကြီးပါ။

ကေအဲန်ယူခေါင်းဆောင်ကြီးများ အထူးသဖြင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်တော်ကြီးများ ရဲဘော်ရဲဘက်စိတ်ဓါတ် ဘယ်လောက်ရှိသလည်းဆိုတာ ဒီကိစ္စက စိန်ခေါ်မှုတစ်ရပ်ပါ။ ပဒိုမန်းငြိမ်းမောင်ရဲ့ နောက်ဆုံးလက်ကျန် အသက်ရှည်ကာလမှာ ထောင်နန်းစံသွားပြီး လုပ်ဖေါ်ကိုင်ဖက်တွေက အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ဒေသဖွံ့ ဖြိုးရေး ဆိုတဲ့ စကားလုံးလှလှလေးတွေအောက်မှာ ၀င်ပါနေကြရင် တစ်နေ့  ကရင်လူထုရဲ့ ၀ိုင်းဝန်းပြစ်တင် ကဲ့ရဲ့ခြင်းပြန်ခံရမယ်ဆိုတာ သတိမမေ့ကြဖို့ ဆန္ဒပြုလိုတယ်။

တော်လှန်ရေးသမားဆိုတာ လူမျိုးအပေါ်သစ္စာရှိရသလို လုပ်ဖေါ်ကိုင်ဖက်အပေါ် ရဲဘော်ရဲဘက်စိတ်ဓါတ်လည်းရှိရမယ် သစ္စာလည်းရှိရမယ်။

ဒီကေဘီအေက သေနတ် အလက် ၂၀ ကျော်ပြန်မပေးရင် ငြိမ်းချမ်းရေးပျက်ပြီ စစ်ပြန်တိုက်မယ်လို့ တောင် အစိုးရကို ပြတ်ပြတ်စိန်ခေါ်ရဲလို့  သူတို့ လိုချင်တဲ့ သေနတ်တောင်အစိုးရက ပြန်ပေးရတယ်မဟုတ်ပါလား...

ကေအဲန်ယူ ထိပ်တန်းခေါင်းဆောင် တစ်ဦး ထောင်တသက်တကျွန်းကျခံရတာကို ကေအဲန်ယူက အစိုးရကို ဘာမှ ပြတ်ပြတ် မတုံ့ ပြန်ရင် ကရင်လူထုက ကေအဲန်ယူရဲ့ဦးဆောင်မှုကို စိတ်ပျက်သွားမှာဖြစ်ပြီး လုပ်ဖေါ်ကိုင်ဖက်အပေါ် ရဲဘော်ရဲဘက်စိတ်ဓါတ်မရှိကြသူတွေလို့ အထင်အမြင်ခံရမည်ဖြစ်သည်။

No comments: