လာဘ်ပေး လာဘ်ယူရောဂါဟာ ကမ္ဘာပေါ်မှာ
အဆိုးရွားဆုံးနဲ့ အကူးစက်အမြန်ဆုံးရောဂါတစ်ခုဖြစ်ပါတယ်။ ပါလီမန်ဒီမိုကရေစီနိုင်ငံတွေထက်
တစ်ပါတီအာဏာရှင်နိုင်ငံတွေမှာက သည်ရောဂါပိုဆိုးတဲ့အကြောင်း သိရပါတယ်။
ဟုတ်တာပေါ့လေ ပါလီမန်ဒီမိုကရေစီနိုင်ငံဆိုတာ စာနယ်ဇင်းတွေက ဘယ်ကိစ္စမျိုးမဆို
အသံကျယ်ကျယ်နဲ့ အော်ကြတာကိုး။ တစ်ပါတီိအာဏာရှင် နိုင်ငံတွေမှာတော့ အဲသည်လို
အော်ခွင့်မရှိ၊ မအော်ရဲလေတော့ အကြီအကဲလုပ်တဲ့သူတွေက ဘယ်ဂရုစိုက်တော့မလဲ။ လာဘ်ပေး
လာဘ်ယူကိစ္စဆိုတာ ထမင်းစား ရေသောက် အဆင့်မကတော့ဘဲ အလေ့အကျင့်ကြီးတစ်ခုအထိ
ဖြစ်လာခဲ့ပြီပေါ့။
မြန်မာနိုင်ငံမှကလည်း
နှစ်အတော်များများ တစ်ပါတီအောက်မှာ နေထိုင်ခဲ့ရပြီးတော့ လာဘ်ပေးလာဘ်ယူကိစ္စဟာ
အလေ့အကျင့်ကြီးတစ်ခုလိုကို ဖြစ်နေပါပြီ။
ဒါကြောင့် ဒါကြောင့်
ဘကြီးမိုးတစ်ယောက် ဘကြီးမိုးရယ် စိုးရိမ်မိတယ် ဖြစ်နေရှာတာပေါ့။
အကြောင်းက ဒီလိုပါ။
သည်နေ့ခေတ်ပါလီမန်လွှတ်တော်ခေတ်မှာ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေ
ရုပ်သိမ်းတော့ မလိုလို၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ အခုပဲ
အစုလိုက်အပြုံလိုက်ကြီးရောက်လာတော့မလိုလို ဖြစ်နေတယ်မဟုတ်လား။ ဒါကြောင့်
စိုးရိမ်မိတယ် ဖြစ်နေရတာပေါ့။
ဘကြီးမိုး၊ စိုးရိမ်မယ်ဆိုလည်း
စိုးရိမ်စရာပဲလေ။ ယခင်ခေတ်တွေတုန်းက နိုင်ငံခြားရင်းနှီးမြှပ်နှံမှု
တရားမ၀င်နောက်ဖေးပေါက်ကပဲ လာသည်ဖြစ်၊ ဘကြီးမိုးတို့ မြန်မာနိုင်ငံမှာ
ဘယ်တာဝန်ရှိသူနဲ့ တွေ့ရမလဲဆိုတာကိုက ပြဿနာပါ။ သည်ကြားထဲမှာ ကြားဖူးတာက ရှိသေးတယ်။
ဘယ်ပုဂ္ဂိုလ်ကြီးနဲ့တွေ့ဖို့အရေး ၁၅ ရာခိုင်နှုန်းပေးရမယ်ဆိုတာ ရှိခဲ့တယ် ခင်ဗျ။
အဲသည် ပုဂ္ဂိုလ်ကြီးနဲ့ မတွေ့ရသေးဘူး၊ ၁၅ရာခိုင်နှုန်းက ပေးနေရပြီ၊
တွေ့ခွင့်ရပြီးတဲ့နောက်မှာ အဲသည်ပုဂ္ဂိုလ်ကြီးက ဘယ်နှစ်ရာခိုင်နှုန်းတောင်းဦးမလဲ
မသိပါဘူး။ အဲသည်လို အဆင့်ဆင့်ပေးပြီးကမ်းပြီး ခွင့်ပြုချက်ရပြီးတာတောင်မှ
မခိုင်မာသေးဘူး ခင်ဗျ။ သူ့အထက်က ပုဂ္ဂိုလ်ကြီးတစ်ယောက်ယောက်ကများ မကျေနပ်ဘူး၊
သဘောမကျဘူးဆိုရင် ပျက်ပြန်ပါလေရော။
အဓိကကတော့ ရင်းနှီးမြှပ်နှံမှုရောက်လာရင်
ဘယ်ပုံဘယ်နည်းနဲ့ လက်ခံရမယ်။ ဘယ်လိုဆောင်ရွက်ပေးရမယ်။
ဘယ်လိုစည်းကမ်းတွေရှိတယ်ဆိုတာ စနစ်တကျပြင်ဆင်ထားတာ မရှိတာကလည်း တစ်ကြောင်းပေါ့လေ။
သည်လို သည်လိုနဲ့ရင်းနှီးမြှပ်နှံသူတွေဟာ အဆင့်ဆင့်ပေးကမ်းမှုတွေမျာလာတဲ့အတွက်
စရိတ်စကက ပိုကြီး ပိုကြီးတော့ သူတို့ကလည်း အမြတ်အစွန်းရအောင် အလုပ်သမားတွေအပေါ်မှာ
လခအနည်းဆုံးပေး အချိန်ပိုတွေမတရားခိုင်း။ သူတို့ရရှိတဲ့ ကုန်ချောတွေကိုလည်း
တရားမ၀င်တဲ့နည်းလမ်းနဲ့ တစ်ဆင့် တစ်ဆင့် ပို့ရဆိုတော့ နောက်ဆုံးတော့
တိုင်းပြည်ကလည်း ဘာမှမရ၊ အလုပ်လုပ်ရတဲ့ လုပ်သားတွေကလည်း ဘာမှမရ၊ ရင်းနှီးမြှပ်နှံသူခမျာမှာလည်း
သူ့အတွက် အကျိုးစီးပွားသိပ်မကျန်တော့ဘူး ဖြစ်ခဲ့ရတာပေါ့ ။( ရသွားတဲ့သူတွေကတော့
ရှိတယ်နော်၊ဟဲ ဟဲ) အဲသည်လိုနဲ့ သည်သံသရာကြီး လည်ပတ်နေခဲ့တာကြာပေါ့။
ပါလီမန်လွှတ်တော်အစိုးရလက်ထက်မှာ
ရင်းနှီးမြှပ်နှံမှုတွေ လာတော့မလိုလိုနဲ့ မိုးတောင်ကချူန်းတဲ့အသံတွေ ကြားနေရပါပြီ။
လာကြမယ့်သူတွေက ရင်းနှီးမြှပ်နှံမှုအတွက် စနစ်တကျပြင်ဆင်သတ်မှတ်ထားတဲ့
စည်းကမ်းဥပဒေတွေ လိုတဲ့အကြောင်း၊ သယ်ယူပို့ဆောင်မှု လမ်းပန်းဆက်သွယ်ရေးတွေ
လိုတဲ့အကြေင်း ၊ စက်ရုံလည်ပတ်ဖို့အတွက် လျှပ်စစ်စွမ်းအားတွေ လိုအပ်တဲ့အကြောင်း
စသည် စသည်အားဖြင့် လိုအပ်တာတွေကို ဖြည့်ဆည်းပြင်ဆင်ထားဖို့ အဆင်သင့်ဖြစ်နေကြဖို့
လိုတဲ့အကြောင်းပြောကြတယ် ခင်ဗျ။
ဘကြီးမိုးကတော့ လှံဖျား၊ ပုစဉ်းနား၊
ကျီးကန်းကချေးပါ ဆိုသလို ပူပန်နေတာကတော့ လာဘ်ပေးလာဘ်ယူကိစ္စပဲ ခင်ဗျ။ တော်ကြာ
တိုင်းပြည်ကလည်း ပိုက်ဆံမရလိုက်၊ အလုပ်လုပ်ရတဲ့ လုပ်သားတွေခမျာလည်း စံချိန်စံညွှန်းမမီတဲ့
ဝင်ငွေတွေရလိုက်၊ ကြားထဲက ဘယ်ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့
အိတ်ထဲရောက်များသွားပါလိမ့်မလဲလို့ စိုးရိမ်နေရတာပါ။
အရေးကြီးဆုံးအချက်က အိတ်ပေါက်နဲ့
ဖားမကောက်မိဖို့ပါ။ အဲသည်လိုများ အိတ်ပေါက်နဲ့ ဖားကောက်မိရင်
ဖားဘယ်မှာရတော့မှာလဲနော်။ ဖားမရမှတော့ ဖားကောက်တယ်ဆိုတဲ့ အဓိပ္ပာယ်
ဘယ်မှာရှိတော့မှာတုံး။ တိုင်းပြည်က တိုင်းပြည်ဝင်ငွေတိုးပွားအောင် ၊
ပြည်သူပြည်သားတွေ အလုပ်အကိုင်တွေရကြရလေအောင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို
လက်ခံကြတာ မဟုတ်လား။ တိုင်းပြည်ကလည်း ၀င်ငွေမရ၊
ပြည်သူပြည်သားအလုပ်လုပ်ကိုင်ရသူတွေကလည်း ၀င်ငွေမရဆိုရင် အိတ်ပေါက်ကြီးနဲ့
ဖားကောက်ဆိုသလို ဖြစ်ကုန်မှာပေါ့။
ဒါကြောင့် ဒါကြောင့် ဘကြီးမိုးရယ်၊
စိုးရိမ်မိတယ် ဖြစ်နေရတာပေါ့။
ဘကြီးမိုး - ကုမုဒြာသတင်းဂျာနယ်
No comments:
Post a Comment