Friday, March 9, 2012

တရုတ်ပြည်သစ်ရဲ့ တတိယတော်လှန်ရေး

 
တရုတ်ပြည်ဟာ အခုတော့ စီး ပွားရေး စူပါပါဝါဖြစ်နေပါပြီ။ များ မကြာမီမှာ စစ်အင်အား တောင့်တင်း တဲ့နိုင်ငံကြီး ဖြစ်လာတော့မှာပါ။ တရုတ်ပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ဟာ ဂလိုဘယ် စံချိန်စံညွှန်းတွေနဲ့ အံမဝင် ခွင်မကျဖြစ်နေပေမယ့် နှစ် ၂ဝ လောက် အတွင်းမှာ စီးပွားရေး စူပါ ပါဝါကြီးဖြစ်လာတာကို မြင်တွေ့ခဲ့ကြ ရတဲ့ ကမ္ဘာ့ကျန်နိုင်ငံတွေအနေနဲ့ တရုတ်ပြည်ကို စိတ်မဝင်စားဘဲ မနေ နိုင်ဖြစ်လာကြရပါတယ်။
          မော်စီတုန်း -  Mao Zedong ဟာ  သူ့ခေတ်သူ့အခါက သူ့နည်းသူ့ဟန်နဲ့ တရုတ်ပြည်လွတ်မြောက်ရေး တော် လှန်ရေးတိုက်ပွဲကို  အောင်မြင်စွာ ဆင်နွှဲခဲ့ပြီး ၁၉၄၉ ခုနှစ်မှာ တရုတ် ပြည်ကွန်မြူနစ်ပါတီကို ပေကျင်းမြို့  တော်မှာ နန်းတင်ပေးခဲ့တယ်။ ဒါပေ မယ့် နိုင်ငံရေးအရ အောင်မြင်မှုရရှိခဲ့ သော်လဲ စီးပွားရေးအရ မအောင်မမြင်  ဖြစ်ခဲ့ရတယ်။
          ၁၉၆၅ ခုနှစ်မှာ မဟာပစ္စည်း မဲ့ ယဉ်ကျေးမှုတော်လှန်ရေး -Great Proletarian Cultural Revolution ပေါ် ထွက်လာခဲ့တယ်။ မော်ဝါဒီတွေ နဲ့ လက်တွေ့ ပဓာနဝါဒီတွေ -Pragmatists အကြား သဘောတရား ရေး တိုက်ပွဲဖြစ်တယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ချင်ကြသူ အတော်များများ ထောင်နန်းစံခဲ့ကြရ တယ်။ ဒါမှမဟုတ် မြို့ပေါ်က ပညာ တတ်လူတန်းစားအများအပြား ကျေး လက်အပို့ခံရပြီး ပစ္စည်းမဲ့သင်တန်း တွေတက်ခဲ့ကြရတယ်။
          ၁၉၈၉ ခုနှစ်မှာ ထီအန်နန်မင် ရင်ပြင်-Tiananmen Square အရေး အခင်းဖြစ်ပေါ်ခဲ့ပြီးနောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဟာ သမားရိုး ကျ ကွန်ဆာဗေးတစ်တွေရဲ့ ခြိမ်း ခြောက်မှုခံလာရတယ်။ တရုတ်ပြည် စီးပွားရေး နောက်ကြောင်း ပြန်လှည့် တော့မယ့်ဆဲဆဲ ၁၉၉၂ ခုနှစ် အစောပိုင်းမှာ လုံးဝမျှော်လင့်မထားတဲ့  ဖြစ်ရပ်တစ်ခု ထွက်ပေါ်လာတယ်။ တိန့်ရှောင်ဖိန်း-Deng Xiaoping က စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ် ဖို့ မီးစိမ်းပြခဲ့တယ်။ ဒါဟာ တရုတ် ပြည်ရဲ့ တတိယတော်လှန်ရေးပါပဲ။  အဲဒီအချိန်ကစပြီး တရုတ်ပြည်ရဲ့ စီး ပွားရေးဟာ ဘယ်တော့မှ နောက် ကြောင်းပြန်မလှည့်တော့ဘူး။
တတိယတော်လှန်ရေး
          တရုတ်ပြည်ရဲ့ စီးပွားရေးဟာ  မတိုးတက်ဘဲ ဒုံရင်းဒုံရင်း ဖြစ်နေ မယ်ဆိုရင် တရုတ်ပြည်ကွန်မြူနစ် ပါတီဟာ ဆိုဗီယက်ယူနီယံတို့၊ အရှေ့ဥရောပနိုင်ငံတို့က ကွန်မြူနစ် ပါတီတွေလို သမိုင်းထဲရောက်သွား နိုင်တယ်လို့ တိန့်ရှောင်ဖိန်းကထောက် ပြခဲ့တယ်။ တိန့်ရှောင်ဖိန်းဟာ  ယို ယွင်းပျက်စီးနေတဲ့ နိုင်ငံရေးဝါဒစနစ် ဟောင်းကို သူ့ရဲ့စီးပွားရေးသစ်နည်း ဗျူဟာတွေနဲ့ အစားထိုးခဲ့တယ်။
          ပါတီကေဒါတွေဟာ တရုတ် ပြည်ကြီးကို အားသစ်မာန်သစ် တွေနဲ့ ပြန်လည်တည်ဆောက်ခဲ့ကြတယ်။ ဗျူရိုကရက် တွေကလဲ စွမ်းဆောင် နိုင်စွမ်းမရှိဖြစ်နေတဲ့ နိုင်ငံပိုင် စီးပွား ရေးလုပ်ငန်းတွေကို ခါးတောင်းကျိုက် ပြီး အားဖြည့်ပေးခဲ့ကြတယ်။ နိုင်ငံ ရေးချုပ်ကိုင်မှုနဲ့ ဈေးကွက်စီးပွားရေး  ကို စပ်ဟပ်ထားတဲ့ ပြုပြင်ပြောင်းလဲ ရေးဟာ အံ့ဘနန်း အောင်မြင်မှု ရရှိ ခဲ့တယ်။
          တရုတ်ပြည်ရဲ့ စီးပွားရေးဟာ  နှစ်စဉ် ပျမ်းမျှ ၁ဝ ရာခိုင်နှုန်းနဲ့ နှစ် ပေါင်းများစွာ တိုးတက်ခဲ့တယ်။ တရုတ် ပြည်သူ သန်း ၄၄ဝ လောက် ကိုဆင်းရဲတွင်းနက်နေရာက ကယ် ထုတ်နိုင်ခဲ့ကြတယ်။ သမိုင်းတစ် လျှောက်မှာ အကြီးမားဆုံးသော ဆင်းရဲသား လျှော့ချနိုင်မှုကြီးဖြစ် တယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာ ဂျပန်နိုင်ငံ  ကို ဖြတ်ကျော်တက်ပြီး ကမ္ဘာ့ ဒုတိယ အကြီးမားဆုံး စီးပွားရေး ဖြစ်လာခဲ့တယ်။
          အမေရိကန်တွေက တရုတ် ပြည်သူ့သမ္မတနိုင်ငံကို အပေါစား ပစ္စည်းတွေထုတ်လုပ်ပြီး ကမ္ဘာ တစ် ဝန်း တင်ပို့ရောင်းချနေတဲ့ ဧရာမ  အလုပ်ရုံကြီးတစ်ရုံလို့ ရှုမြင်လေ့ ရှိ ကြတယ်။ ဒါပေမယ့် မကြာသေး သော နှစ်များအတွင်းမှာ တရုတ် စီး ပွားရေးဟာ ထုနဲ့ထည်နဲ့ အကြီး အကျယ်တိုးတက်လာတာကို တွေ့ မြင်ကြရတော့ တစ်နေ့မှာ အမေရိ ကန်စီးပွားရေးကိုတောင် ကျော်တက် သွားနိုင်တဲ့ စီးပွားရေးကြီးပဲလို့ ရိပ်စားမိလာကြတယ်။ အမေရိကန် နိုင်ငံသားတွေဟာ တရုတ်ပြည်ရဲ့ တိုးတက်မှုကို စိတ်မသက်မသာနဲ့ စောင့်ကြည့်နေရတဲ့ ဘဝရောက်သွား တယ်။
          တရုတ်ပြည်ကြီး ဒီလိုတိုးတက် လာဖို့က တရုတ်ကွန်မြူနစ်ပါတီရဲ့ လမ်းညွှန်မှုမပါဘဲ မဖြစ်နိုင်ဘူး။ ဈေး ကွက်ပြုပြင်ပြောင်းလဲရေးတွေဟာ တရုတ်ပြည်ရဲ့ စီးပွားရေးကို ပြောင်း လဲပစ်ခဲ့တယ်ဆိုပေမယ့် တရုတ်ပြည် ရဲ့ နိုင်ငံတော် အရင်းရှင်ဝါဒ-State Capitalism မော်ဒယ် ဟာ တိုင်းပြည် ရဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံ ခြား ယှဉ်ပြိုင်မှုမှ လွတ်ကင်းအောင် အစိုးရအနေနဲ့ အကာအကွယ်ပေး ထားဆဲဖြစ်တယ်။
          တရုတ်ပြည်ရဲ့ ဂျီဒီပီဟာ ၁၉၇၈ ခုနှစ်မှစပြီး ၁ဝ ဆတိုးတက်ခဲ့တယ် ဆိုပေမယ့် တရုတ်ပြည်ရဲ့ စီးပွားရေး စွမ်းပကားအပေါ် သိပ်ပြီး ပိုလွန် ခန့် မှန်းခြင်းမပြုကြဖို့ တရုတ်အရာရှိကြီး တွေကသတိပေးကြတယ်။ ဘာ ကြောင့်လဲဆိုတော့ တရုတ်ပြည်ရဲ့  လူ ဦးရေဟာ ၁.၃ ဘီလီယံရှိတဲ့အတွက် ၂ဝ၁၁ ခုနှစ် တစ်ဦးချင်း ဂျီဒီပီ per capita GDP ဟာ ဝယ်နိုင်အား နှုန်း ပြည့်- Purchasing Power Parity အရ တွက်ချက်ရင် အမေရိကန် ဒေါ်လာ ၈၄ဝဝ လောက်ပဲရှိတယ်။ ထိုင်းနိုင်ငံရဲ့ တစ်ဦးချင်း ဂျီဒီပီအောက် နိမ့်ကျနေသေးတယ်။ ဒါကြောင့် တရုတ်ပြည်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံ Developing Nation သာ ဖြစ်ပါတယ်လို့ တရုတ်ခေါင်းဆောင်ကြီးတွေ မကြာ မကြာ ထုတ်ဖော်ပြောဆိုနေကြတာ ဖြစ်တယ်။
          ဒါမေယ့် တရုတ်ပြည်ဟာ ဒီ နှုန်းနဲ့ ဆက်လက်တိုးတက်ချင် တယ်ဆိုရင် နောက်ထပ်ပြုပြင်ပြောင်း လဲမှုတွေလုပ်ဖို့ လိုလိမ့်မယ်လို့ တတ် ကျွမ်းနားလည်သူတွေက ထောက်ပြ ကြတယ်။ လက်ရှိမော်ဒယ်နဲ့ ခရီး ဆက်လို့ မဖြစ်ဘူး။ မော်ဒယ်ပြောင်း ရမယ်လို့ ဆိုကြတယ်။
          ဟုတ်ပါတယ်။ တရုတ်ပြည် ဟာ ၂ဝဝ၈ ခုနှစ် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြီး Great Recession ကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ သို့ပေမယ့် မြင့်မြင့်မားမား တိုးတက်မှုနှုန်းကို ထိန်းထားလိုတယ်ဆိုရင် စီးပွားရေးကို  ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ကုန်တင်ပို့ရေးက နေ ပြည်တွင်းစားသုံးမှု- Domestic Consumption ဆီရွေ့လျားဖို့ လို တယ်လို့ ဆိုကြတယ်။ ဒီလိုပြောင်းလဲရေးဟာ တိုး တက်ကြီးပွားမှုရဲ့ အသီးအပွင့်တွေကို တရုတ်တိုင်းသူပြည်သားများ မျှဝေ ခံစားကြရအောင် ဆောင်ကြဉ်းမှု အပေါ်မူတည်တယ်။ လောလော ဆယ်မှာ တရုတ်ဘဏ်တွေဟာ တရုတ်အလုပ်သမားတွေရဲ့ စုဆောင်း ငွေတွေ - Saving ကို နိုင်ငံပိုင်လုပ် ငန်းကြီးတွေထဲ သွန်ချ ပုံအောနေ တယ်။ ဒါကြောင့် ပုဂ္ဂလိကလုပ်ငန်း တွေမှာ အရင်းမလုံမလောက်  ဖြစ်နေရတဲ့အပြင် အလုပ်သမား တွေ သုံးစွဲနိုင်အားကလဲ ကျဆင်းလျက်ရှိ တယ်။
          ဒါရဲ့ ရလဒ်ကတော့ ဈေးပေါ ပေါရတဲ့ မြေနဲ့လုပ်သားတွေ ရှားပါး လာတယ်။ တစ်နည်းပြောရရင်  အစိုးရဟာ ရင်းမြစ်တွေကို ကြီးကြီး မားမား အတိုင်းအတာနဲ့ သုံးဖြုန်း ပစ်နေသလိုဖြစ်နေတယ်။ ဒါကြောင့် ဘဏ္ဍာရေး စနစ်ကို လွှတ်ပေးလိုက် မယ်ဆိုရင် အရင်းခွဲဝေမှု တိုးတက် ကောင်းမွန်လာပြီး စားသုံးသူတွေရဲ့ သုံးစွဲနိုင်စွမ်းလဲ မြင့်မားလာနိုင်တယ် လို့ ထောက်ပြကြတယ်။
          ဒီကနေ့မှာ တရုတ်ပြည်ရဲ့  စီးပွားရေးတိုးတက်မှုဟာ နှေးကွေး လာတယ်။ အလုပ်အကိုင် ရရှိရေး အတွက် မြို့ပေါ် တက်လာခဲ့ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်ရဖို့ ခက်ခဲလာတယ်။ အစိုးရ အနေနဲ့ မြို့ကြီးတွေဆီ နောက်ထပ် ရွှေ့ပြောင်းအလုပ်သမားတွေ ရောက် မလာနိုင်အောင် ပြည်နယ်တွေက မြို့တွေမှာ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိတယ်။  ကောင်းတဲ့လုပ်ငန်းအစီအစဉ်ဖြစ်ပေ မယ့် ပြဿနာတစ်မျိုးတက်လာပြန် တယ်။ ဒေသဆိုင်ရာ အရာရှိကြီးတွေ က မြို့စွန်မြို့ဖျားမှာရှိတဲ့ တောင်သူ လယ်သမားတွေရဲ့ လယ်မြေတွေကို လျော်ကြေးနည်းနည်းပေးပြီး သိမ်း ပိုက်ကြတယ်။ ပြီးတော့ စီးပွားရေး လုပ်ငန်းရှင်တွေကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းစားကြတယ်။ ဒါကြောင့် တရုတ်ပြည်တစ်ခွင်တစ်ပြင်မှာ ဒီလို မြေယာသိမ်းပိုက်မှုနဲ့ စပ်လျဉ်းပြီး တောင်သူလယ်သမားတွေနဲ့ ဒေသ ဆိုင်ရာ အာဏာပိုင်တွေကြားမှာ ပြဿနာတွေအကြီးအကျယ်တက် လာတယ်။
          တရုတ်ပြည်ရဲ့ ခေါင်းဆောင် ကြီးတွေဟာ ဒီလိုပြဿနာတွေကို သတိထားမိကြတယ်။ တရုတ်ကွန် မြူနစ်ပါတီအနေနဲ့ အခုလို ပြဿနာ တွေကိုြေ>ွမမသေ တုတ်မကျိုးကိုင် တွယ်ပြီး ရှဥ့်လဲလျှောက်သာ ပျားလဲ စွဲသာ လုပ်ဖို့လိုလာတယ်။ အဲသလို အချိန် ဒီနှစ်ထဲမှာ ၁၈ ကြိမ်မြောက် ပါတီကွန်ဂရက်ကျင်းပဖို့လဲရှိနေပါ တယ်။
ပြောင်းလဲလာမယ့် ခေါင်းဆောင်ပိုင်း
          ဒီနှစ်နှောင်းပိုင်း အောက်တိုဘာ ဒါမှမဟုတ် နိုဝင်ဘာလလောက်မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ၁၈ ကြိမ်မြောက် ကွန်ဂရက်ကျင်းပဖို့ရှိ တယ်။ ဒီပါတီကွန်ဂရက်ကျင်းပတဲ့ အခါ ပါတီဗဟိုကော်မတီဝင် ၃၆ဝ ရှိတဲ့အနက် အဖွဲ့ဝင် ၆ဝ ရာခိုင်နှုန်း ကျော် အပြောင်းအလဲရှိတယ်။ တစ် နည်းပြောရင် ဗဟိုကော်မတီအဖွဲ့ဝင် သစ် ၃ဝဝ နီးပါးကို ရွေးချယ်တင် မြှောက်ကြရမယ်။
          ပြီးတော့ အသစ်ပြန်လည်ဖွဲ့ စည်းထားတဲ့ ဗဟိုကော်မတီ-Central Committee ကနေပြီး ပေါ်လစ်ဗျူရို Politburo အဖွဲ့ဝင်သစ်တွေ ရွေးချယ် တင်မြှောက်ကြရမယ်။ လောလော ဆယ် ပေါ်လစ်ဗျူရိုအဖွဲ့မှာတော့ အဖွဲ့ဝင် ၂၅ ဦးရှိတယ်။ ဒါပေမယ့် နောက်ထပ် ဖွဲ့စည်းမယ့် ပေါ်လစ် ဗျူရိုသစ်မှာ အဖွဲ့ဝင်ဘယ်နှဦးပါမယ် ဆိုတာ အသေအချာမပြောနိုင်ဘူး။
          ပေါ်လစ်ဗျူရိုသစ် ရွေးချယ်တင် မြှောက်ပြီးရင် အဲဒီထဲက ပေါ်လစ်ဗျူ ရိုအမြဲတမ်းကော်မတီမှာတော့ အဖွဲ့ ဝင် ကိုးဦးရှိတယ်။
          အသစ်ခန့်အပ်မယ့် ပေါ်လစ်ဗျူ ရို အမြဲတမ်းကော်မတီထဲမှာ အသေ အချာပါဝင်နိုင်တဲ့ ပုဂ္ဂိုလ်နှစ်ဦးရှိတယ်။ တစ်ဦးက လောလောဆယ် ဒုတိယ သမ္မတ ရာထူးနဲ့ တာဝန်ထမ်းဆောင် နေတဲ့ ရှီကျင့်ဖိန်း-Xi Jinping ဖြစ်ပြီး၊ နောက်တစ်ဦးက လောလောဆယ် ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ လီခယ် ချန်း- Li Keqiang ဖြစ်ပါတယ်။
          သူတို့နှစ်ဦးစလုံးဟာ ပေါ်လစ် ဗျူရို အမြဲတမ်းကော်မတီမှာ ရွေး ချယ်ခန့်အပ် ပါဝင်လာခဲ့ပြီးတဲ့နောက် ၂ဝ၁၃ ခုနှစ် မတ်လကျရင် လက်ရှိ သမ္မတ ဟူကျင်းတောင် Hu Jintao ရဲ့ တာဝန်တွေကို ရှီကျင့်ဖိန်းက လွှဲ ပြောင်းယူမှာဖြစ်တယ်။ အဲသလိုပဲ လီခယ်ချန်းကလဲ ၂ဝ၁၃ မတ်လ ကျရင် လက်ရှိဝန်ကြီးချုပ်ဝမ်ကျား ပေါင်- We Jiabao  ဆီက ဝန်ကြီး ချုပ်တာဝန်တွေကို လွှဲပြောင်းယူမှာ ဖြစ်တယ်။
          တရုတ်ပြည်မှာ ဒီလို အတိုင်း အတာကြီးကြီးမားမားနဲ့ ခေါင်းဆောင် ပိုင်း အပြောင်းအလဲမဖြစ်ခဲ့တာ ဆယ် စုနှစ်တစ်ခုလောက်ရှိခဲ့ပါပြီ။ ၁၉၈ဝ နှစ်များရဲ့ နှောင်းပိုင်းကာလမှစပြီး ဒါ ဟာ ပထမဆုံးအကြိမ်ပါပဲ။ ဖြစ်ချင် တော့ မျိုးဆက်သစ်ခေါင်းဆောင်သစ် များပေါ်ထွက်လာချိန်နဲ့ စီးပွားရေး ကမောက်ကမဖြစ်နေချိန်နဲ့ ကြုံကြိုက် နေတယ်။ ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ လုပ် မယ့်အချိန်မှာ ငွေဖောင်းပွမှု-Inflation  မြင့်မြင့်မားမား ဖြစ်နေချိန်နဲ့ တိုက် ဆိုင်နေခဲ့ပြီး တိန့်ရှောင်ဖိန်းရဲ့ ဆက်ခံ ရေးအစီအစဉ်ဟာ ကိုးလိုးကန့်လန့် ဖြစ်ခဲ့ရပြီး တစ်နှစ်အကြာမှာ ထီအန် နန်မင်ရင်ပြင်အရေးအခင်း ထွက်ပေါ် ခဲ့တယ်။
          တရုတ်ခေါင်းဆောင်ပိုင်းအနေ နဲ့ တိုင်းပြည်အကြီးအကျယ် မငြိမ် မသက်ဖြစ်မှာ စိုးရိမ်နေကြပေမယ့် ဒီကနေ့ ပါတီကို ခြိမ်းခြောက်နေတဲ့ ပြဿနာတွေဟာ အရင်ကနဲ့မတူဘဲ ခြားနားကွဲပြားတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်ပြည်မှာ ကြီးမားတဲ့ လူလတ်တန်းစားတစ်ရပ် ထွက်ပေါ်လာခဲ့တယ်။ တရုတ်ပညာ ရှင်များရဲ့ အဆိုအရ မြို့နေလူထုရဲ့ ၄ဝ ရာခိုင်နှုန်းလောက်ရှိတယ်။ ပြီး တော့ ကျေးလက်ကနေပြီး မြို့ပြ တက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သား ထုကလဲ အများကြီးပါပဲ။
          အစိုးရအနေနဲ့ အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား တွေဟာ မိမိတို့ရဲ့ မိသားစုတွေရှိတဲ့ ကျေးလက်တောရွာတွေကို ပြန်သွား ကြလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ပြန်လဲ ပြန်ကြမှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့ သုံးလေးနှစ်လောက် ကစပြီး ကျေးလက်တောရွာတွေမှာ အလုပ်အကိုင် ရရှိနိုင်တဲ့ အခွင့်အလမ်း တွေ တိုးတက်များပြားလာတယ်။ အစိုးရဟာ တရုတ်ပြည်အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ရင်းနှီးမြှုပ် နှံမှုကြီးမားစွာနဲ့ တိုးတက်ဖွံ့ဖြိုးရေး အစီအစဉ်တွေ လုပ်ဆောင်လျက်ရှိ တယ်။
          လောလောဆယ်မှာ တရုတ် ပြည်အနှံ့အပြားက စက်ရုံအလုပ်ရုံ တွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လျက်ရှိ တယ်။ ဒါပေမယ့် ဒီလို မငြိမ်မသက် ဖြစ်မှုတွေဟာ ကွန်မြူနစ်ပါတီကို ဆန့်ကျင်ကြတာမဟုတ်ပါဘူး။ ဒေသဆိုင်ရာ အရာရှိ အရာခံတွေနဲ့ အလုပ်ရုံ စက်ရုံပိုင်ရှင်တွေအပေါ်မှာ မကျေမနပ် ဖြစ်ကြတာလောက်ပဲရှိ တယ်။ သူတို့တစ်တွေဟာ ပေကျင်း မြို့တော်က ကွန်မြူနစ်ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေအပေါ် ယုံကြည်မှု အပြည့်အဝရှိကြတယ်။
ရှီကျင့်ဖိန်း- ဘယ်သူလဲ
          ၂ဝ၁၃ ခုနှစ်မှာ တရုတ်ပြည်ရဲ့ သမ္မတဖြစ်လိမ့်မယ်လို့ မျှော်မှန်းထား ကြတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ရှီကျင့်ဖိန်း ကို ၁၉၅၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ထီး ရိပ်နန်းရိပ်အောက်မှာ ကြီးပြင်းလာခဲ့ သူဖြစ်တယ်။ သူ့ရဲ့ဖခင်ဟာ တစ်ချိန် က ဒုတိယဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ Xi Zhongxun ဖြစ်တယ်။ ဒါကြောင့် တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေသာ နေထိုင်ကြရတဲ့ ခြံဝိုင်းကြီးထဲမှာ နေ ထိုင်ခဲ့ကြတယ်။
          လွန်ခဲ့တဲ့နှစ် ၃ဝ ကျော်လောက် က တိန့်ရှောင်ဖိန်းရဲ့ဈေးကွက်အခြေခံ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့ ခေတ်ကာလတုန်းက သူ့ ဖခင်ဟာ တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတမ်းတစ်လျှောက် မြို့ကြီး တွေမှာ အရင်းရှင်တွေအတွက် အထူး စီးပွားရေးဇုန်တွေ - Special Eco-nomic Zones ကို အောင်အောင်မြင် မြင် ဖွင့်လှစ်ထူထောင်ပေးခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။
          မော်စီတုန်းလက်ထက် ရှီကျင့် ဖိန်း ကိုးနှစ်သားအရွယ်လောက်မှာ သူ့ဖခင်ဟာ ပထမဆုံး ဖမ်းဆီးချုပ် နှောင်ခြင်းခံခဲ့ရပြီး ယဉ်ကျေးမှုတော် လှန်ရေး ခေတ်ကာလမှာလဲ ၁၆ နှစ် လောက် အကျဉ်းချခံခဲ့ရတယ်။ ရှီ ကျင့်ဖိန်းကိုယ်တိုင်လဲ အခြားသော လူငယ်ကျောင်းသားတွေနဲ့အတူ ၁၉၆၉ ခုနှစ်မှာ ကျေးလက်အပို့ခံခဲ့ရ ပြီး တောသူတောင်သားတွေနဲ့အတူ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ခဲ့ရတယ်။
          ရှီကျင့်ဖိန်းရဲ့ ထူးခြားချက်က တော့ ကျေးလက်ရောက်တော့လဲ တောသူတောင်သားတွေနဲ့ စိုက်ပျိုး မွေးမြူရေးအလုပ်တွေကို မခိုမကပ် ကြိုးကြိုးစားစား လုပ်ကိုင်တတ် တယ်။ အားလပ်တဲ့အချိန်မှာ သူယူ ဆောင်လာခဲ့တဲ့ စာအုပ်တစ်ထမ်းတစ် ပိုးကို ဖတ်တယ်၊ မှတ်တယ်။ သူနေ ထိုင်တဲ့ရွာကလေး ကောင်းကျိုး အတွက် တတ်နိုင်သမျှ ဆောင်ရွက် ပေးတယ်။ ငယ်စဉ်က ခြေမွေးမီး မလောင် လက်မွေးမီးမလောင် နေခဲ့ရ တဲ့ ရှီကျင့်ဖိန်းရဲ့ဘဝ အကြီးအကျယ် ပြောင်းလဲသွားတယ်။
          ကြက်ချေး၊ ဝက်ချေးတွေနဲ့ နပန်းလုံးနေတဲ့ ရှီကျင့်ဖိန်းကို ရဲဘော် ရဲဘက် ပါတီဝင်တွေက သိပ်ပြီး သဘောကျကြတယ်။ သူတို့ရွာမှာ ပါတီခေါင်းဆောင်ဖြစ်လာတယ်။ ရွာ သူရွာသားတွေကလဲ သူ့ရဲ့ကြိုးပမ်းမှု ကိုသဘောကျပြီး၊ သူ့ကို တက္ကသိုလ် တက်ခွင့်ပြုဖို့ ဝိုင်းဝန်းထောက်ခံပေး ခဲ့ကြတယ်။
          ၁၉၇၆ ခုနှစ် မော်စီတုန်း ကွယ် လွန်ပြီး နောက်ပိုင်းမှာ သူ့ရဲ့ဖခင်ကို ပါတီက ပြန်လည်မြှောက်စားခဲ့တဲ့ အတွက် ရှီကျင့်ဖိန်းရဲ့ မိသားစု အခြေ အနေပြန်ကောင်းလာခဲ့တယ်။ အဲဒီ အချိန်စပြီး ရှီကျင့်ဖိန်းဟာ ရာထူး အဆင့်ဆင့် တိုးတက်လာခဲ့တော့ တယ်။ ရှီကျင့်ဖိန်းဟာ ဟိတ်ဟန်မရှိ။ ရိုးရိုးကျင့် မြင့်မြင့်ကြံ သဘောမျိုးရှိ တယ်။ အပေါင်းအသင်းဆံ့တယ်။ အလုပ်ကြိုးစားတယ်။ လုပ်စရာရှိတာ အခုလုပ်ဆိုတာ သူ့ရဲ့ ဆောင်ပုဒ်ပါပဲ။
          တရုတ်ပြည် ပြင်ပမှာ ရှီကျင့် ဖိန်းကို လူအများသိကြပေမယ့် ပြည် တွင်းမှာတော့ သူ့ရဲ့ဇနီး ဖုန်းလီယွမ်း Peng Liyuan ကို ပိုပြီးသိကြတယ်။ ဘာကြောင့်ဆိုတော့ သူ့ရဲ့ဇနီးက တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် - People's Liberation Army ရဲ့ စူပါစတားအဆိုကျော်ဖြစ်လို့ ပါပဲ။
          နိုင်ငံခြားမှာလဲ ရှီကျင့်ဖိန်းကို ပွင့်ပွင့်လင်းလင်း ရိုးရိုးရှင်းရှင်းပြောတတ် သူလို့ မြင်ကြတယ်။ ရှီကျင့်ဖိန်းဟာ အမေရိကန်နိုင်ငံနဲ့ အဆင်ပြေပြေ ဆက်ဆံလိုသူဖြစ်တယ်။ ဒါဟာ သူ့ အတွက် အားသာချက်ပဲလား။ ဒါမှ မဟုတ် အားနည်းချက်ပဲလား။
မင်းရွှေမောင်
Ref: 1.The Economist, Jan 28. 2.Newsweek, Feb-13.
3.Time, 3 Feb 20-2012.

No comments: