မြန်မာအစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းဖို့ လိုနေဆဲ
2012-03-12
မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေပေမယ့်
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်း ဆောင်ရွက်ပေးဖို့
လိုအပ်နေဆဲဖြစ်တယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၁၉ ကြိမ်မြောက် ညီလာခံမှာ မနေ့က
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်
မစ္စတာကင်တားနားက ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ရန်ကုန်
လေဆိပ်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်
မစ္စတာကင်တားနား သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
“မြန်မာနိုင်ငံမှာ စိုးရိမ်စရာ လူ့အခွင့်အရေး အခြေအနေတွေကို
ဖြေရှင်းပေးဖို့လိုအပ်နေတာကတော့ ထင်ရှားပါတယ်။ ဒါတွေကို လစ်လျူပြုထားလို့
မရသလို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ အတွက် အလေးပေး
ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။
တိုင်းပြည်မှာ အမှန်တကယ် တိုးတက်ဖွံ့ဖြိုးတယ်ဆိုတာ အာဏာပိုင်တွေ အပေါ်မှာ
မူတည်မနေသင့်ဘဲ ဒီမိုကရေစီကို အခြေခံတဲ့ လူထုအသင်းအဖွဲ့တွေမှာ ထင်သာမြင်သာ
ရှိရမှာ ဖြစ်ပါတယ်၊ ဒါ့အပြင် လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပမယ့်
ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဘယ်လောက် အထိ
ခရီးရောက် အောင်မြင်မှု ရှိတယ် ဆိုတာကို ဖော်ပြမယ့် စမ်းသပ်ချက် တစ်ခု
ဖြစ်တယ်” လို့ မစ္စတာ ကင်တားနားက ပြောသွားပါတယ်။
ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတန်း
ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးမောင်ဝေ ကတော့ မစ္စတာကင်တာားနားရဲ့
အစီရင်ခံစာဟာ မှန်ကန်မှု မရှိတဲ့ စွပ်စွဲချက်တွေသာ ဖြစ်ပြီး၊ တိုင်းပြည်ရဲ့
အခြေအနေဟာ နောက်ပြန်လှည့်သွားစရာ အကြောင်းမရှိသလို မစ္စတာ ကင်တားနားရဲ့
အဆိုပြုချက်တွေဟာလည်း ဆီလျော်မှု မရှိဘူးလို့ တုန့်ပြန် ခဲ့ပါတယ်။
မြန်မာ့အစိုးရခေါင်းဆောင်တွေ ပြောနေသလို အခုအချိန်ဟာ နိုင်ငံရေးအရ အမြင့်မားဆုံး အခြေအနေကို ရောက်နေတာပါ။
လက်ရှိ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးတွေဟာ အခုမှ ပေါ်လာတာ မဟုတ်ဘဲ
အရင်ကတည်းက ချမှတ်ထားတဲ့ လမ်းပြမြေပုံ (၇)ချက် အတိုင်း အကောင်အထည်ဖေါ်
ဆောင်ရွက်နေတာပါလို့ ဦးမောင်ဝေ က ပြောသွားတာပါ။
အမေရိကန်ကတော့ မစ္စတာကင်တားနားရဲ့ အစီရင်ခံစာကို ကြိုဆိုလိုက်ပြီး
မြန်မာအာဏာပိုင်တွေကို လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ ဆက်လက်ပူးပေါင်း
ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။ တရုတ်ကတော့ လက်ရှိမြန်မာနိုင်ငံဟာ
ကောင်းမွန်တဲ့ဘက်ကို ဦးတည်သွားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် ဆန်းစစ်ကြဖို့ ကုလကိုယ်စားလှယ် ပြော
2012-03-13
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတချို့ ချမှတ်ထားတဲ့
ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး ပြန်လည် ဆန်းစစ်ကြဖို့ မြန်မာနိုင်ငံ
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tomas Quintana က
မနေ့က ပန်ကြားလိုက်ပါတယ်။
UN Photo/Eskinder Debebe
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) က
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ တောမတ်စ်
အိုဂျီးယား ကင်တားနား (ဝဲ) အား တာဝန်ပေးအပ်ထားပါသည်။ (UN Photo/ Eskinder
Debebe)
ဂျီနီဗာမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံ
လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်းပြီးနောက်
သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ မိမိအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ရုပ်သိမ်းပေးရမယ်လို့
ဆိုလိုတာမဟုတ်ဘဲ လူ့အခွင့်အရေးကိစ္စ ဖြစ်နေတဲ့အတွက် သေသေချာချာ အသေးစိတ်
ပြန်လည်ခွဲခြမ်းစိတ်ဖြာဆန်းစစ်ဖို့သာ ဖြစ်ကြောင်း Mr. Quintana က ရှင်းလင်း
ပြောဆိုပါတယ်။
“ပိတ်ဆို့အရေးယူမှုတွေဟာ တချို့နေရာတွေမှာ လူ့အခွင့်အရေးနဲ့
ဆက်စပ်နေရပါမယ်။ အထူးသဖြင့် စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု နယ်ပယ်တွေမှာ
ဖြစ်ပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှုတွေအတွက် ဆုချရုံနဲ့ မပြီးဘဲ
ဒီနယ်ပယ်တွေက လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုလည်း လူသိရှင်ကြား
ဖော်ထုတ်ရမယ့်တာဝန် ရှိပါတယ်။
မြန်မာနိုင်ငံက လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေမှာ အပြုသဘောဆောင်တဲ့
အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ဒါပေမယ့် အလွန်စိုးရိမ်စရာ
လူ့အခွင့်အရေးပြဿနာတွေကလည်း ရှိနေတုန်းပါပဲ။ ပြုပြင်ပြောင်းလဲမှုတွေကို
တွန်းလုပ်နေတာနဲ့ ဒါတွေကို မသိကျိုးကျွံ ပြုထားလို့မရပါဘူး။
လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင်လည်း ကြိုးစားရပါမယ်”
လို့ Mr.Tomas Quintana က ပြောပါတယ်။
ဒါ့ပြင် တိုင်းရင်းသားလူမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ
ရှိနေဆဲဖြစ်ကြောင်း၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို လေးစားမှသာ
အမျိုးသားရင်ကြားစေ့ဖို့၊ တည်ငြိမ်အေးချမ်းဖို့ အာမခံနိုင်မှာဖြစ်ကြောင်း၊
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရမှုဆိုတာကလည်း
အဲဒီနေ့ တစ်နေ့တည်းမဟုတ်ဘဲ လုပ်ငန်းစဉ်တစ်ခုလုံးနဲ့တကွ ရွေးကောက်ပွဲပြီး
အခြေအနေတွေကိုပါ ကြည့်ရှုရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment