ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်
နော်ဝေအခြေစိုက်
ဒီမိုကရက်တစ် မြန်မာ့အသံ အသံလွှင့်ဌာန ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ဟာ
သတင်းထောက်ဗီဇာနဲ့ ရန်ကုန်နဲ့ ကြပ်ပြေးနေပြည်တော်ကို လေ့လာရေးခရီးစဉ်အဖြစ်
ဖေဖော်ဝါရီလ (၂၇) ရက်မှစပြီး (၅) ရက်ကြာ သွားရောက်ခဲ့ပါတယ်။ ဒီမိုကရက်တစ်
မြန်မာ့အသံ တာဝန်ရှိသူတဦးအနေနဲ့ မြန်မာပြည်ကို ဘာ့ကြောင့်
သွားရောက်ခဲ့တယ်၊ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ လုပ်ငန်းစဉ်အပေါ် ဘယ်လို
အကျိုးသက်ရောက်မှု ရှိနိုင်သလဲ၊ နောက်တခါ ဒီမိုကရက်တစ် မြန်မာ့အသံက ငွေကြေး
အလွဲသုံးစားမှုနဲ့ ဆက်နွယ်တဲ့ မြန်မာပြည်တွင်းက ဒီမိုကရက်တစ် မြန်မာ့အသံ
သတင်းထောက်များရဲ့ သဘောထား၊ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ ရှေ့လုပ်ငန်းစဉ်
စသည်ဖြင့် ဦးအေးချမ်းနိုင်ရဲ့ မြန်မာပြည် ခရီးစဉ်နဲ့
ပတ်သက်တဲ့အကြောင်းအရာများကို နော်ဝေနိုင်ငံကို ပြန်လည်ရောက်ရှိနေတဲ့
ဦးအေးချမ်းနိုင်အား ယနေ့မြန်မာသတင်းဌာန အယ်ဒီတာ ကိုညိုက တွေ့ဆုံ
မေးမြန်းခဲ့ပါတယ်။ အခု ဖော်ပြထားချက်များကတော့ ထို တွေ့ဆုံ မေးမြန်းချက်
နိဂုံးပိုင်း ဖြစ်ပါတယ်။မေး။ ။ဟုတ်ကဲ့၊ အဲဒီတော့ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့အနာဂတ်ခရီးကို ဘယ်လို ကောက်ချက်ဆွဲမိပါလဲ။
ဖြေ။ ။ ဟုတ်ကဲ့၊ ကျနော့်အနေနဲ့ကတော့ ပဏာမအဆင့် ၀န်ကြီးနဲ့
ဆွေးနွေးတဲ့အပိုင်းကို ကျေနပ်ပါတယ်။ ဒါပေမဲ့ ဆက်တော့ လုပ်ကြည့်ရမှာပေါ့ လေ။
ဒီမိုကရက်တစ် မြန်မာ့အသံဆိုတာက တကယ်တမ်းပြောရရင် တခြားမီဒီယာတွေလို
မဟုတ်ဘဲနဲ့၊ အထဲကိုပြန်တယ် ဆိုတာထက်၊ အထဲမှာ ပို လွတ်လွတ်လပ်လပ်
လုပ်ပိုင်ခွင့်ကို အဓိကထားပါတယ်။ ဘာလို့လဲဆိုတော့၊
ကျနော်တို့သတင်းထောက်တွေက အပြင်ထက်စာရင် အထဲမှာ ပိုတောင် များပါတယ်။
အထဲကလူတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခွင့်က ပို အဓိကကျပါတယ်။
ကျနော်တို့အထဲမှာ သတင်းလုပ်ငန်းတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်မှ၊
သတင်းတွေကို ပိုပြီး မှန်ကန် အောင်၊ တိကျအောင်၊ ဘက်မျှအောင်
လုပ်နိုင်မှာပါ။ အစိုးရ၀န်ထမ်းတွေကိုလည်း ချဉ်းကပ် မေးမြန်းချင်ပါတယ်။
အဲဒီတော့သတင်းလုပ်ငန်းကို အထဲမှာ အကြောက်အရွံ့ကင်းကင်းနဲ့
လုပ်သွားချင်တာပါ။
မေး။ ။ဟုတ်ကဲ့။ ကျနော်တို့အားလုံးရဲ့ အတွေ့အကြုံတွေအရ မြန်မာပြည်တွင်းမှာက
သတင်းလွတ်လပ်ခွင့်ကို လိုသလို တင်းလိုက် ရှော့လိုက် လုပ်နေမယ်။ အပြင်မှာ
လုပ်ရသလောက်တောင် လွတ်လပ်မှု မရှိဘူးဆိုရင် ဒီမိုကရက်တစ် မြန်မာ့အသံက
ဘယ်လို စဉ်းစားမလဲ။
ဖြေ။ ။ ကျနော့်အနေနဲ့လည်း အရင်တုံးကဖြစ်ခဲ့တာတွေကိုလည်း တဖက်က စဉ်းစားတာ
ရှိပါတယ်။ ဒါပေမဲ့ အခု အပြောင်းအလဲတွေထဲမှာရော ဘယ်လောက် လုပ်နိုင်မလဲ၊
အပြောင်းအလဲတွေအပေါ် ဘယ်လောက် ပံ့ပိုး ကူညီနိုင်မလဲ။ သဘောကတော့
မီဒီယာတခုအနေနဲ့ အပြောင်းအလဲတခုကို ဘေးက ထိုင်ကြည့်ပြီး အားလုံးပြီးသွားမှ
ငါတို့ ၀င်လာမယ်ဆိုတဲ့ပုံစံမျိုး မဖြစ်ချင်ဘူး။ ကျနော်တို့ကိုယ်တိုင်
ဒီပြောင်းလဲမှုထဲ ၀င်လာပြီး တဒေါင့်တနေရာကနေ ဖော်ဆောင်သွားဖို့ ပါ။ ဒါပေမဲ့
စာပေနဲ့ သတင်းလွတ်လပ်ခွင့်မှာတော့ ကျနော်တို့ လွတ်လွပ်လပ်လပ်နဲ့
လုပ်သွားဘို့ပဲ ရှိပါတယ်။ကျနော်တို့ ဒီမိုကရက်တစ် မြန်မာ့အသံ အပြင်မှာ
ရပ်တည်နေရတာကိုက အထဲမှာ လွတ်လပ်စွာ ရေးသားပိုင်ခွင့်၊ ပြောဆိုခွင့်တွေ
မရှိလို့ဆိုတာ ရှင်းပါတယ်။ အထဲမှာ လွတ်လပ်မှု မရှိရင် ကျနော်တို့ အပြင်ကနေ
ဆက် လုပ်သွားမှာပါ။
မေး။ ။ ကျနော် သိရသလောက်၊ ဒီကနေ့ မြန်မာ့အပြောင်းအလဲဟာ ပြည်တွင်းရဲ့
နိုင်ငံရေးအခြေအနေတွေ ပါဝင်သလို၊ တဖက်ကလည်း ပြည်ပနိုင်ငံတွေနဲ့
အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတချို့၊ ပြီးတော့ အဓိကကျတဲ့
ငွေကြေးထောက်ပံ့ပေးတဲ့အဖွဲ့တွေရဲ့ တွန်းအားတွေလည်း ပါတယ်လို့
သုံးသပ်ချက်တွေ ရှိပါတယ်။ ဒီတော့ ဒီမိုကရက်တစ် မြန်မာ့အသံအနေနဲ့ကရော
အဲဒီလို ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေရဲ့ ဖိအားကို ကြုံနေရသလား။
ဖြေ။ ။ ကျနော်တို့မှာ အဲဒီလို ဖိအားပေးတယ်ဆိုတဲ့ဟာမျိုးတော့ မရှိပါဘူး၊
ဒါပေမဲ့ လုံးဝ မရှိဘူးလို့တော့ မဟုတ်ဖူးပေါ့ လေ။ တစိတ်တပိုင်းတော့
ရှိပါတယ်။ ရှိတယ်ဆိုတာက ဖိအားပေးတယ်ဆိုတာထက် အထဲမှာ ပြောင်းနေပြီ၊
မင်းတို့အထဲမှာလည်း စမ်းပြီး လုပ်ကြည့်ကြပါလားဆိုတဲ့ ပြောဆိုမှုကတော့
ရှိပါတယ်။ ကျနော်မြင်တာ အဲဒါလည်း သဘာဝကျပါတယ်။ အခု ပြောသလို ပေါ့၊ အထဲမှာ
မလွတ်လပ်လို့ ကျနော်တို့ အပြင်ကနေ လုပ်ရတယ်။ အထဲမှာ လွတ်လပ်ရင်
ကျနော်တို့အပြင်မှာ ရပ်တည်စရာ မလိုဘူး။ ကျနော်တို့အနေနဲ့ ရွေးစရာလမ်းက
နှစ်လမ်းပဲ ရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကျနော်တို့အနေနဲ့ အထဲ
ပြန်မလား၊ ဒါမှမဟုတ် ဒီမိုကရက်တစ် မြန်မာ့အသံဆိုတဲ့ အဖွဲ့ကို
ဖျက်လိုက်မလား၊ ဒီ နှစ်ခုပဲ ရှိတယ်။ အထဲမှာ လွတ်လွတ်လပ်လပ်
လုပ်ပိုင်ခွင့်ရှိရင် အပြင်ဘက်မှာ သတင်းလုပ်ရတာ အဓိပ္ပါယ် မရှိပါဘူး။ ဒီတော့
ထောက်ပံ့ပေးသူတွေ ဖိအားပေးတယ်လို့ ပြောကောင်း ပြောလို့ရသလို၊ လက်တွေ့
ဗမာပြည်ထဲက အပြောင်းအလဲတွေက ပိုပြီး အဓိကကျပါတယ်။
မေး။ ။ ပြည်တွင်းသတင်းလွတ်လပ်ခွင့်ကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ ကျနော် ရန်ကုန်ရောက်တော့ ပြန်ကြားရေးဌာန ညွှန်ချုပ် ဦးရဲထွဋ်တို့၊
စာပေစိစစ်ရေးက ဗိုလ်မှူးတင့်ဆွေတို့နဲ့ရော တွေ့ပါတယ်။ သူတို့ကိုလည်း
စာပေလွတ်လပ်ခွင့်ကိစ္စ မေးခွင့်ရပါတယ်။ သူတို့ လောလောဆယ်
ပုံနှိပ်ထုတ်ဝေခွင့်ဥပဒေဆိုတာကို ပြင်နေကြပါတယ်။ ကျနော်မြင်တာ
နေ့ချင်းညချင်းကြီး လွတ်လပ်သွားမဲ့ အလားအလာတော့ မတွေ့ပါဘူး။ ဒါပေမဲ့
သူတို့နဲ့ ပြောကြည့်ရသလောက် ဒီနှစ်ထဲမှာ အတော်ကြီး ပြောင်းလဲလာမဲ့
အနေအထားတွေ တွေ့ရပါတယ်။
မေး။ ။ လောလောဆယ် ကြားရတဲ့သတင်းတွေအရ ပြည်တွင်းဂျာနယ်တချို့မှာ
ကိုအေးချမ်းနိုင် ရန်ကုန်ရောက်တုံး တွေ့ဆုံ မေးမြန်း အင်တာဗျူးတချို့
စီစစ်ရေးရဲ့ အပယ်ခံရတယ်လို့ သိရပါတယ်။ အဲဒီကိစ္စကိုရော ဘယ်လို
မှတ်ချက်ပေးချင်ပါသလဲ။
ဖြေ။ ။ ဒီလို ပိတ်တယ်ဆိုရင်လည်း ကျနော် မအံ့သြပါဘူး။ ဟိုရောက်နေတုံးက
စာနယ်ဇင်းသမားတွေလည်း ပြောပြပါတယ်။ အပေါ်ယံမှာ လွတ်လပ်သယောင် မြင်ရပေမဲ့
တကယ်တမ်း ဆောင်းပါးတွေ ဘာတွေ လွတ်လွတ်လပ်လပ်ရေးမယ်ဆို ပယ်တာတို့၊
ဖြုတ်တာတို့ရှိတဲ့အကြောင်း ပြောကြပါတယ်။ သူတို့ကိုယ်တိုင် ပြလို့
မြင်ခဲ့တာတွေလည်း ရှိပါတယ်။ မှင်နီတွေ မှင်နီတွေနဲ့ အများကြီး ပဲ။ အဲဒီတော့
ပြောင်းတာတော့ ပြောင်းတယ်၊ ဒါပေမဲ့ အကန့်အသတ်တွေကတော့ ရှိနေတုံးဘဲ။
မေး။ ။ မီဒီယာဥပဒေဆိုတာကိုရော ဘယ်လို ရှုမြင်ပါသလဲ။
ဖြေ။ ။ ဒီ ဥပဒေကို ကျနော်လည်း ဟိုရောက်မှ သိခဲ့ရတာပါ။ တကယ်တမ်း ပြောရရင်
မီဒီယာဥပဒေ မဟုတ်ဘူးဗျ။ သူတို့ခေါ်တာ Publish Press ပုံနှိပ်ထုတ်ဝေရေး ဥပဒေ
ပေါ့။ ၁၉၆၂ ခု ပုံနှိပ်ဥပဒေကို အစားထိုးမဲ့ ဥပဒေ တဲ့၊ အသေးစိတ်တော့ထုတ်
မပြောသေးဘူး ပေါ့။ သိရသလောက်တော့ ဂျာနယ်တွေထုတ်မယ်ဆို လိုင်စင်
လျှောက်တာတို့ ပေါ့။ အခုလိုမျိုး လုပ်ပိုင်ခွင့်ရှိသူတွေနဲ့
နီးစပ်သူတွေဆီကတဆင့် ဂျာနယ်ထုတ်မဲ့သူတွေက ချဉ်းကပ်ပြီး လုပ်ရတာမျိုးတွေ
နောင မရှိတော့ဘူးပေါ့။ နောက်တခုက သတင်းထောက်တွေ လွတ်လပ်စွာရေးသားခွင့်ကို
အာမခံတာတွေလည်းပါတယ် ပြောပါတယ်။အခု ဥပဒေက အာစီယံနိုင်ငံတွေဖြစ်တဲ့၊
အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောရီးယားနိုင်ငံတွေက အခြေအနေတွေကို
အခြေခံပြီး ဆွဲထားတယ်လို့ ပြောပါတယ်။ ထူးခြားတာက ဒီ ဥပဒေ ထွက်လာရင်
စာပေစိစစ်ရေး ဆိုတာမရှိတော့ဘဲ၊ စာစောင်ထုတ်ပြီးတာနဲ့ ဈေးကွက်ထဲ
ဖြန့်ချိနိုင်တယ် ပေါ့။ ကျနော် မြင်တာ ကန့်သတ်ချက်တချို့တော့
ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုထက်စာရင် ပိုကောင်းမဲ့ အလားအလာတော့ တွေ့ရပါတယ်။
မေး။ ။ တခြား ပြည်ပမီဒီယာတွေနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံတို့ ကွဲပြားတဲ့
အနေအထားက ဘာတွေ ရှိသလဲ။ အားသာချက်၊ အားနည်းချက်တွေကိုရော ပြောပေးနိုင်မလား
ခင်ဗျ။
ဖြေ။ ။ကျနော်တို့ကတော့ ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ မြန်မာအဖွဲ့အစည်း ပေါ့
လေ။ ဌာနကြီးတခုရဲ့ ကဏ္ဍခွဲလေးတခု မဟုတ်တော့ မီဒီယာတခုရဲ့
ဆုံးဖြတ်လုပ်ပိုင်ခွင့်မှာ ကိုယ်ပိုင် ဆုံးဖြတ်ပြီး ကိုယ်တိုင်
လှုပ်ရှားလို့ရတယ်။ အဲဒါက ထူးခြားချက် ပေါ့။ မြန်မာ့အရေးပဲ သီးသန့်
အာရုံစိုက်နိုင်တယ်။ အားနည်းချက်တွေကလည်း ရှိပါတယ်။ တခြား
ရေဒီယိုသတင်းဌာနတွေလို၊ အသံလွှင့်အားကောင်းတဲ့ စက်ပစ္စည်းတွေ မတတ်နိုင်ဘူး။
ပြီးတော့ အဓိကကျတဲ့ ငွေကြေးထောက်ပံ့မှုအပိုင်းမှာလည်း အားနည်းပါတယ်။
မေး။ ။ အခုခရီးစဉ်အပေါ် ဘယ်လို သုံးသပ်မိပါသလဲ။ မြန်မာအာဏာပိုင်တွေနဲ့ ထပ်ဆွေးနွေးဖို့ နောက်ထပ်သွားမဲ့ အစီအစဉ်တွေ ရှိသေးလား။
ဖြေ။ ။ အခုခရီးက ပထမဆုံးခြေလှမ်းပေါ့ လေ။ ဒီထက် အများကြီး ဆက်သွားစရာ
ရှိနေပါတယ်။ သွားနိုင်မဲ့လမ်းတွေလည်း ပွင့်နေတာ ကျနော်တို့ တွေ့ရပါတယ်။
နောက်ထပ်သွားဘို့ အတိအကျ အစီအစဉ် ဆွဲထားတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့
လာမယ့် မတ်လ မြန်မာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ယူနက်စ်စကိုအဖွဲ့တို့
တွဲပြီးလုပ်မဲ့ အစီအစဉ်တခုမှာ ကျနော်တို့ကို ဖိတ်ထားတာ ရှိပါတယ်။ ဒီက
ကိုယ်စားလှယ်တယောက် သွားမှာပါ။ ပြီးတော့ လာမဲ့ ရွေးကောက်ပွဲမှာ
သတင်းသွားယူဘို့ ဒီမိုကရက်တစ် မြန်မာ့အသံက နှစ်ယောက် သွားမှာပါ။ နောက်
တခြားအစီအစဉ်တွေလည်း ရှိပါသေးတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ ဆက်
ဆွေးနွေးရအုံးမှာပါ။
No comments:
Post a Comment