မြန်မာဝန်ကြီးဌာနများရဲ့
ဆုံးရှုံးမှု၊ မသမာမှုနဲ့ လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး စာရင်းစစ်ချုပ်က
ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းဌာနထံ အစီရင်စာ ပေးပို့ခဲ့ကြောင်း
ပြည်သူ့လွှတ်တော်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းသတင်းများနဲ့
မြန်မာပြည်ဆိုင်ရာသတင်းများအရ သိရှိရပါတယ်။ အခုလို အစိုးရ၀န်ကြီးဌာနများရဲ့
မှားယွင်းမှုတွေကို လွှတ်တော်ထံ တင်သွင်းပြီး မြန်မာပြည်တွင်း
သတင်းများတွင် ဖော်ပြမှုဟာ ၁၉၆၂ ခု မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ
အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် အတော်လေး
စိတ်ဝင်စားစရာ ကောင်းနေပါတယ်။၁၉၆၂ ခုနှစ်မှာ မြန်မာစစ်တပ်က
တော်လှန်ရေးကောင်စီအဖြစ် အာဏာသိမ်းခဲ့တဲ့နောက်ပိုင်းမှာ နိုင်ငံတော်
အသုံးစရိတ်တွေကို စစ်တပ်အာဏာပိုင်များက ထိမ်းချုပ်ခဲ့ပြီး
အရပ်ဖက်ဝန်ထမ်းတွေက စစ်ဗိုလ်တွေအလိုကျ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ရပါတယ်။
၁၉၈၈ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့
အာဏာသိမ်းခဲ့တဲ့နောက်ပိုင်းမှာတော့ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံနဲ့
ပတ်သက်တဲ့ ကိစ္စအ၀၀ကို သူတို့စိတ်တိုင်းကျ ထင်သလို လုပ်ကိုင်
ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ အစိုးရရဲ့ ရသုံး
ခန့်မှန်းခြေငွေစာရင်းကိုတောင် ထုတ်ပြန်ကြေညာခြင်း မပြုဘဲ ထားခဲ့ကြပါတယ်။
သို့သော် ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၆ ရက်နေ့က
ပြန်လည် စတင်ခဲ့ပြီးနောက်ပိုင်း လွှတ်တော်ကို အစိုးရအသုံးစရိတ်နဲ့
ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ကာ အများပြည်သူကို စတင် အသိပေးလာခဲ့ပါတယ်။ လွှတ်တော်ဆိုင်ရာ
သတင်းများအရ မြန်မာနိုင်ငံအစိုးရအနေနဲ့ ပြည်ပနိုင်ငံများကို ကြွေးမြီ
အမေရိကန် ဒေါ်လာ ၁၁၀၂၃ ဒသမ ၂၉၈ သန်း ပေးဆပ်ရန် ရှိနေပြီး ၂၀၁၁ ဒီဇင်ဘာ ၃၁
ရက်နေ့မှာ ပေးဆပ်ဖို့ရှိတဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ ၇၅၃၉ ဒသမ ၉၀၈ သန်း
ရှိကြာင်း သိရပါတယ်။ ထို့အပြင် အစိုးရ ရသုံးငွေကြေးစာရင်းများအရ
လိုငွေပြမှုများလည်း ရှိနေပါတယ်။မြန်မာအစိုးရက
လွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံတော် အသုံးစရိတ်ကိစ္စ တင်ပြ
ဆွေးနွေးနေစဉ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လာမယ့် ဘဏ္ဍာရေးနှစ်က
စတင်ပြီး အစိုးရ၀န်ထမ်းများရဲ့ လစာငွေများကို တိုးမြှင့်ပေးဖို့ အစိုးရကို
တောင်းဆိုခဲ့ပါတယ်။ သို့သော်လည်း မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီးက
လွှတ်တော်ကို ၀န်ထမ်းလစာငွေများ တိုးမြှင့် မပေးနိုင်ကြောင်း ပြန်လည်
တင်ပြခဲ့ကာ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ၀န်ထမ်းလစာငွေ
တိုးမြှင့်မယ့်ကိစ္စကို ဆက်လက် ဆောင်ရွက်မှာဖြစ်ကြောင်း ထုတ်ဖော်
ပြောကြားခဲ့ပါတယ်။ ထိုသို့ အစိုးရနဲ့ လွှတ်တော်တို့အကြားမှာ
ဝန်ထမ်းလစာငွေကိစ္စနဲ့ ပတ်သက်ပြီး မတူညီတဲ့အသံများ ကြားလာခဲ့ရသလို
ဝန်ကြီးဌာနတွေရဲ့ အရှုံးပေါ်နေတဲ့ ကိစ္စတွေ၊ နိုင်ငံတော်ဘဏ္ဍာသုံးစွဲမှုနဲ့
ပတ်သက်ပြီး အမြင်မတူညီကြတဲ့ အသံများလည်း ထွက်ပေါ်လာခဲ့ပါတယ်။
လွှတ်တော်အတွင်းမှာ ထိုသို့ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ပတ်သက်တဲ့
ဆွေးနွေးမှုများ၊ တင်ပြမှုများ ပြုလုပ်နေကြဆဲ စာရင်းစစ်ချုပ်က လွှတ်တော်ကို
အနည်းဆုံး ၀န်ကြီးဌာန ခြောက်ခုရဲ့ ငွေကြေးလုပ်ထုံးလုပ်နည်းဆိုင်ရာ
မလိုက်နာမှုများကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။အမှတ် ၁
စက်မှုဝန်ကြီးဌာန၊ စက်မှု ၂ ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနဲ့
ဆည်မြောင်းဝန်ကြီးဌာန၊ သတ္ထုတွင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့
သမ၀ါယမ ၀န်ကြီးဌာနတွေမှာ ငွေစာရင်း အလွဲသုံးစား ပြုလုပ်ထားတာတွေ၊ လိမ်လည်
ဖော်ပြထားတာတွေ၊ မှားယွင်း ဖော်ပြထားတာတွေ ရှိတယ်လို့ စာရင်းစစ်ချုပ်က
လွှတ်တော် ငွေစာရင်းကော်မတီကို အသိပေးခဲ့ပါတယ်။ သို့သော်လည်း အခုလို
ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘယ်သူတွေက တာဝန်ခံခဲ့တယ်၊ ဘယ်သူ့ကို
အရေးယူမယ်၊ ဘာ့ကြောင့် ဖြစ်ပျက်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး
မြန်မာအာဏာပိုင်တွေက ရေရာသေချာ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ်ကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အကူအညီနဲ့
ပြန်လည် ပြင်ဆင်ဖို့ ကြိုးစားနေချိန်မှာ မြန်မာအစိုးရရဲ့ မသမာမှုအချို့
ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။ တကယ်တော့ မြန်မာစစ်ဗိုလ်တွေဟာ “မင်းဘဏ္ဍာ
ကိုယ့်ဟာ မှတ်ပါလို့“ ဆိုသလို တိုင်းပြည်ဘဏ္ဍာငွေကို သူတို့ စိတ်ကူးပေါက်သလို
ရာစုနှစ်တ၀က်ခန့် စီစဉ် သုံးစွဲခဲ့ကြပါတယ်။ လက်ရှိ မြန်မာအစိုးရနဲ့
လွှတ်တော်အမတ်တွေအနေနဲ့ တိုင်းပြည်ကို အမှန်တကယ် ပြောင်းလဲဖို့
စိတ်ဆန္ဒရှိရင် အမှားလုပ်ခဲ့သူကလည်း မိမိလုပ်ကိုင်ခဲ့တဲ့ အမှားကို
လူကြီးလူကောင်းပီပီ ၀န်ခံပြီး ပြောင်းလဲသင့်တဲ့ လုပ်ငန်းတွေ၊
နည်းဥပဒေတွေကို စနစ်တကျ ပြောင်းလဲ လုပ်ကိုင်ကြမယ်ဆိုရင်
စစ်ဗိုလ်ချုပ်ဟောင်းတွေ ရာထူး ခွဲဝေယူထားတဲ့ မြန်မာအစိုးရကို
မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိုမို ယုံကြည်လာပြီး
မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ဟာ သိက္ခာရှိတဲ့၊ အများလေးစား
စံပြုရတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တခု ဖြစ်လာမှာ မလွဲပါဘူး။
No comments:
Post a Comment