Monday, June 4, 2012

ထိုင်း-မြန်မာဆက်ဆံရေးအပေါ် ထိုင်းဝန်ကြီးချုပ်စိုးရိမ်


နေသွင် DVB ၀၄ ဇွန် ၂၀၁၂

မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ စီစဉ်ထားတဲ့ ထိုင်းခရီးစဉ် ၂ ကြိမ်ဆက်တိုက် ရွှေ့ဆိုင်းလိုက်တဲ့နောက်မှာ မြန်မာနှင့်ထိုင်းနိုင်ငံ ဆက်ဆံရေးနဲ့ပတ်သက်လို့ စိတ်ပူမိတယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်န၀ပ်က ပြောပါတယ်။

မြန်မာအစိုးရဘက်က နားလည်မှုလွဲမှာ စိုးရိမ်မိလို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးကတဆင့် မြန်မာအစိုးရကို ရှင်းပြဖို့ ညွှန်ကြားထားတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောတာကို ဘန်ကောက်အခြေစိုက် နေရှင်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးအပေါ် မြန်မာအစိုးရဘက်က မကျေမနပ်ဖြစ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ ပြီးခဲ့တဲ့အပတ် အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်နဲ့ တိုက်ဆိုင်နေတဲ့ ဘန်ကောက် ခရီးစဉ်ကို ဒီတပတ် တနင်္လာနေ့ကို ရွှေ့ဆိုင်းခဲ့ပြီးနောက် သောကြာနေ့မှာ နောက်တခါ အစီအစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း သမ္မတရုံးရဲ့ ၀က်ဆိုက်မှာ ကြေညာလိုက်တာပါ။

သမ္မတရုံးရဲ့ ဇွန် ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ “ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ သွားရောက်မည့် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အား အကြောင်း မညီညွတ်ပါသဖြင့် ရွှေ့ဆိုင်းလိုက်ပြီး နှစ်နိုင်ငံ အဆင်ပြေမည့်အချိန်ကို ပြန်လည်ညှိနှိုင်းစီစဉ်သွားမည်” လို့ ဖော်ပြထားပါတယ်။

ထိုင်းအစိုးရပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဖိုရမ် တက်ရောက်ဖို့ အစီအစဉ်ကို သူတို့ စီစဉ်တာမဟုတ်ဘဲ ဖိုရမ် စီစဉ်သူတွေရဲ့ အစီအစဉ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို နှစ်ကြိမ်တွေ့ဆုံခဲ့သလို၊ ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည် စခန်းကိုလည်း ထိုင်းလုံခြုံရေးတွေရဲ့ အကူအညီနဲ့ သွားရောက်ခဲ့ပါတယ်။

မြန်မာအစိုးရဘက်က မကျေမလည် အဖြစ်ဆုံးကိစ္စကတော့ ထိုင်း-ဒုဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအိမ်တော်မှာ လက်ခံတွေ့ဆုံခဲ့တဲ့ ကိစ္စလို့ အမည်မဖော်လိုတဲ့ ထိုင်းအစိုးရအရာရှိတဦးက ပြောတာကို နေးရှင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ထိုင်းဒုဝန်ကြီးချုပ်နဲ့ တွေ့လိုက်တဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကိစ္စနဲ့ မြန်မာဒုက္ခသည်အရေးမှာ မြန်မာအစိုးရထက် ထူးထူးခြားခြား ကိုင်တွယ်ပြနိုင်လိုက်တယ်လို့ အဲဒီ အမည်မဖော်လိုတဲ့ အစိုးရအရာရှိက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေး ဖိုရမ်အတွင်းမှာ ထိုင်းဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့သလို၊ အတိုက်အခံပါတီက ခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း အဘိဇစ် ၀ိချချီဝ နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။

ဒါပေမယ့် ဒီခရီးစဉ်အတွင်းမှာပဲ မဲဆောက်မှာ တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ တွေ့ဆုံမယ့် အစီအစဉ်အပါအ၀င် တချို့အစီအစဉ်တွေကို နှစ်နိုင်ငံဆက်ဆံရေးကို ငဲ့ပြီး ဖျက်သိမ်းခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က မီဒီယာတွေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အတွင်း ထိုင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်း စီစဉ်ပေးခဲ့သူ တဦးဖြစ်တဲ့ ကေအန်ယူ၊ ကေအန်အယ်လ် ငြိမ်းချမ်းရေးကောင်စီက ဒေါက်တာ တင်မိုသီကလည်း ဒီခရီးစဉ်အတွင်းက တချို့အစီအစဉ်တွေမှာ အခက်အခဲဖြစ်သွားအောင် မြန်မာနိုင်ငံခြားရေးဌာနက ထိုင်းဘက်ကို ဖိအားပေးခဲ့တာမျိုး ရှိခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီလို အဆင်မပြေမှုတချို့ရှိခဲ့ပေမယ့် တနင်္ဂနွေမှာ ထိုင်းခရီးစဉ်က အပြန်မှာ ဒေါ်အောင်ဆန်းစုကြည်က ၆ ရက်ကြာ ထိုင်းခရီးစဉ်အပေါ် အားရကျေနပ်မှုရှိတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

ထိုင်းနိုင်ငံခရီးစဉ်ဟာ ၂၄ နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး ရှေ့လာမယ့် ရက်သီတင်းပတ်တွေအတွင်းမှာပဲ နော်ဝေ၊ အင်္ဂလန်တို့ကို သွားရောက်ဖို့ ဥရောပကို ခရီးထွက်ဖို့ ရှိနေပါတယ်။

No comments: