Wednesday, June 6, 2012

ရခိုင်ပြည်နယ်သတင်း,

ရခိုင်ပြည်နယ် ဖြစ်စဉ်များကြောင့် ပိတ်ထားသော သံတွဲမြို့ စက်မှုလက်မှု သိပ္ပံကျောင်းအား ဇွန်လ ၁၃ ရက်နေ့တွင် ပြန်ဖွင့်မည် PDF Print
Thursday, 07 June 2012 03:20
 ရခိုင်ပြည်နယ် ဖြစ်စဉ်များကြောင့် ယာယီပိတ်ထားသော သံတွဲမြို့ စက်မှုလက်မှု သိပ္ပံကျောင်းအား ဇွန်လ ၁၃ ရက်နေ့တွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း စက်မှုလက်မှုသိပ္ပံ(သံတွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ စက်မှုလက်မှု သိပ္ပံကျောင်းအား ဇွန်လ ၄ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

''ခုရက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေကြောင့် သံတွဲမှာလည်း အလားတူဖြစ်ရပ်တွေ မဖြစ်ပွားရအောင်၊ အဓိက ကတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားမှာစိုးတဲ့အတွက် ပြဿနာကို ရှောင်တဲ့အနေနဲ့ ကျောင်းသားတွေကို သူတို့နေရပ်ကို ခေတ္တပြန်ခိုင်းလိုက်တဲ့ သဘောပါ။ ဒါကြောင့် ကျောင်းကို ခေတ္တပိတ်ထားလိုက်တယ်။ ဒါပေမယ့် ကျောင်းသားတွေကို ဇွန်လ ၁၃ ရက်နေ့အရောက် ကျောင်းကိုပြန်ခဲ့ဖို့နဲ့ အဲဒီနေ့ကျောင်းဖွင့်မယ်လို့ သိရပါတယ်''ဟုလည်း စက်မှုလက်မှုသိပ္ပံ (သံတွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သံတွဲမြို့ခံတစ်ဦးကလည်း   ''ကျောင်းသားတွေကို ဇွန်လ ၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ ကားလေးစီးနဲ့ ပြန်ပို့ပေးလိုက်တယ်။ သံတွဲကျောင်းမှာ အမ်း၊ မအီ၊ ကျောက်ဖြူ၊ တောင်ကုတ်စ သဖြင့်နယ်တွေက ကျောင်းသားတွေရှိပါတယ်''ဟု ပြောကြားခဲ့သည်။


စစ်တွေတွင် ထိခိုက်ဒဏ်ရာရသူထဲမှ လေးဦးအား ဆေးကုသမှုခံယူရန် ရန်ကုန်သို့ ပို့ဆောင်မည်

Thursday, 07 June 2012 03:03
ဇွန်လ ၆ ရက်နေ့တွင် ဆေးကုသမှုခံယူရန် ထိခိုက်ဒဏ်ရာရသူထဲမှ လေးဦးအား အစိုးရစရိတ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်မည်ဖြစ်သည်။ ရန်ကုန်သို့ ဆေးကုသခံရန် ပို့ဆောင်ခံရသူများမှာ မောင်မြဟန်၊ နီထွန်း၊ ကျော်အေးနိုင်၊ ကိုရင်ဝဏ္ဏသာမိတို့ ဖြစ်ပြီး လူနာစောင့်တစ်ဦး စီ ခေါ်ဆောင်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

ဇွန်လ ၆ ရက်နေ့ နံနက်က စစ်တွေတွင် ပြည်နယ်အကြီးအကဲ ဆရာတော်ကြီး ကိုးပါး၊ မြို့မိမြို့ဖ၊ ဌာနဆိုင်ရာ အကြီးအကဲတို့နှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုရဲချုပ်၊ ပြည်ထဲရေး၊ သာသနာရေးဝန်ကြီးတို့က လူထုအုံကြွမှု မဖြစ်စေရေး ငြိမ်းချမ်းစွာ အဖြေရှာရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ စစ်တွေဆေးရုံသို့ ရောက်ရှိလာပြီး ကျည်ဆံထိမှန် ဒဏ်ရာရသူများအား တစ်ဦးကို ငွေနှစ်သိန်းခွဲကျပ်စီ လာရောက်ကူညီခဲ့ကြောင်း သတင်းရရှိသည်။

လူထုအုံကြွမှု ထပ်မံမဖြစ်ပေါ်စေရေးနှင့် လူမျိုးရေးတင်းမာမှုမျိုး မဖြစ်ပေါ်စေရေးအတွက် ပြည်နယ်အစိုးရမှ တာဝန်ရှိသူများနှင့် အစ္စလာမ်ဘာသာဝင်အချို့နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင်များသို့ မေတ္တာရပ်ခံ ပန်ကြားလွှာ တစ်စောင်ကို ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် အစ္စလာမ်ဘာသာဝင်များအနေဖြင့် အစ္စလာမ်တရားတော်နှင့်အညီ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြပါရန် လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ ရှောင်ကြဉ်ကြပါရန် အထူးမေတ္တာရပ်ခံပါသည် ဟူ၍ ပါဝင်ပါသည်။

အခြားအခြားသော မလိုလားအပ်သည့် ပြဿနာ ပဋိပက္ခများ ပေါ်ပေါက်ခြင်းများ ချုပ်ငြိမ်းရန်နှင့် အေးချမ်းလုံခြုံမှုခိုင်မာစွာ ပေါ်ထွန်းနိုင်စေရန် မည်သည့်ဖြစ်ပွားပေါ်ပေါက်သော ပြဿနာ အခက်ခဲများမဆိုအား လူသားဆန်စွာနှင့် ဥပဒေနှင့် ညီညွတ်စွာသာလျှင် ရင်ဆိုင်ဖြေရှင်းကြသင့် ပါကြောင်း လေးစားစွာ တိုက်တွန်းအပ်ပါသည်ဟူ၍လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့(ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဗဟိုဌာနချုပ် စစ်တွေမြို့)၏ သဘောထားကြေညာချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားကြေညာချက်ကို ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

No comments: