Friday, June 1, 2012

ကျောက်ဆည် သံရွာအထက်တန်းကျောင်းမှ ကျောင်းဆရာမတစ်ဦး အသတ်ခံရမှု




ကျောက်ဆည်မြို့၊ လွန်ကျော် အမှတ်(၁) စိုက်ပျိုးရေးခြံမှာနေထိုင်တဲ့ ကျောင်းဆရာမဒေါ်နန်းနွံ (ခေါ်) ဒေါ်မြမြစိန် အား ၂၀၁၂ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ ည ၁၂ နာရီမိနစ် ၂၀ အချိန်ခန့်မှာ အိမ်တွင်းဖောက်ထွင်းဝင်ရောက်နေသူတစ်ဦး က လည်ပင်းကို ဓားနဲ့ထိုးသတ်တဲ့ အမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဆရာမဒေါ်မြမြစိန်ဟာ ခင်ပွန်းဖြစ်သူဦးခင်မောင်တင့် (စိုက်ပျိုးရေးခြံလုပ်သားမှူး)နဲ့သားဖြစ်သူ တို့နဲ့အတူ အိမ်ခန်းထဲမှာ အိပ်နေစဉ် အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သတ်တဲ့သူ ဟာ အိမ်သားတွေ မရှိခိုက်အိမ်ထဲဝင်ပုန်းနေတာဖြစ်ပါတယ်။
ညဖက်အိမ်သားတွေအိပ်ပျော်နေချိန်မှာ ဆရာမရဲ့ လည်ပင်းကဆွဲကြိုးကို ဖြုတ်နေစဉ်မှာ ဆရာမဒေါ်မြမြစိန် လန့်နိုးသွားပြီး အော်ဟစ်အကူအညီ တောင်းတဲ့အတွက် ဓားနဲ့ လည်ပင်းကို ထိုးပြီးထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တရားခံကို ဖမ်းဆီးရမိဖို့ ကြိုးစားလုပ်ဆောင်ခြင်းမရှိခဲ့ပါဘူး။ သံရွာ အထက်တန်းကျောင်းက ကျောင်းဆရာမတစ်ဦးဖြစ်တဲ့အတွက် ရွာသားတွေက ရဲစခန်းကို အတင်းအကျပ်ဖိအားပေး တောင်းဆိုမှသာ တရားခံကိုရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ရွာသားတွေရဲ့ သတင်းပေးချက်နဲ့ ဆက်စပ်သတင်းတွေအရ သတ်တဲ့တရားခံကို နှစ်ပတ်အတွင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ လူသတ် တရားခံကတော့ ကျော်မောင်း(ခေါ်) အေးမင်းဝင်း အသက် ၂၃ နှစ်၊အဘဦးသန်းဝင်း (နေ့စားအလုပ်သမား) ဖြစ်ပါတယ်။ လူသတ်သမား ကျော်မောင်း (ခေါ်) အေးမင်းဝင်းဟာ ထောင်ဖောက်ဝရမ်းပြေး တစ်ဦး ဖြစ်တယ်လို့လဲ သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေအနေနဲ့ တစ်ခြားသို့ သတင်းမပေါက်ကြားဖို့ ဖုံးမိထားတဲ့အတွက် ဒီလောက်ကြီးကျယ်တဲ့ လူသတ်မှုဟာ သတင်းစာတွေ၊ဂျာနယ်တွေမှာ ဖော်ပြတာမတွေ့ရဘူးလို့ သံရွာအထက် တန်းကျောင်းက ဆရာတစ်ဦးပြောပြပါတယ်။
အသတ်ခံရတဲ့ဆရာမဟာ သိပ္ပံလက်ထောက် အလယ်တန်းပြတစ်ဦးဖြစ်ပြီး အခုလို ရက်ရက်စက်စက်အသတ်ခံရလို့ အလွန်ပဲစိတ်မကောင်းဖြစ်မိတယ်လို့ အဆိုပါကျောင်းဆရာက ပြောပြ ပါတယ်။ ခုချိန်မှာတော့ လူသတ်တရားခံနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ကဆောင်ရွက်မှုတွေ ထင်ထင်ရှားရှားမတွေ့ရသေးဖူးလို့ သိရပါတယ်။ ရဲတပ်ဖွဲ့တွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း တရားခံဆီက ငွေသိန်းချီတောင်းပြီး တရားခံကို ထွက်ပြေးခိုင်းလိုက် ပြီလားလို့လည်း လွန်ကျော်စိုက်ပျိုးရေးခြံ ၀န်ထမ်းတွေကထင်မြင်နေကြပါတယ်။
ရဲအရာရှိတွေအနေနဲ့ သူတို့ရဲ့နယ်မြေမှာ လူသတ်မှုဖြစ်ပွားရင် အထက်ကအရေးယူအပြစ်ပေးတာခံရမှာ စိုးရိမ် ကြောက်လန့်နေကြပါတယ်။ ဒါကြောင့် ဒီလိုမျိုးမိုက်မိုက်ရိုင်းရိုင်းသတ်ဖြတ်မှုမျိုးကို လူသတ်မှုလို့ အမှန်အတိုင်းအထက် လူကြီးတွေဆီ အစီရင်ခံသလား၊မခံသလားဆိုတာ အသတ်ခံရတဲ့ ဆရာမဒေါ်နန်းနွံ(ခေါ်) ဒေါ်မြမြစိန်ရဲ့ ဆွေမျိုးအသိုင်း အ၀ိုင်းက သိချင်နေကြပါတယ်။
တရားခံကို ဖမ်းဆီးရမိထားပြီဆိုတဲ့ သတင်းစကားတစ်ခုကလွှဲလို့ တစ်ခြားထွေထွေ     ထူးထူးမသိရတဲ့အတွက် သူတို့မိသားစုတွေရဲ့ထင်မြင်ယူဆချက်ဟာ မမှားနိုင်ဘူးလို့လဲ ပြောဆိုနေကြပါတယ်။  ။
ဆရာမတပည့် ကျောက်ဆည်သား

No comments: