Wednesday, June 6, 2012

တားမရတဲ့ ဒီလှိုင်းလုံးများ


တားမရတဲ့ ဒီလှိုင်းလုံးများ
ရဲဘော်ဖိုးသံချောင်း

ဗမာပြည်မှာ အလုပ်သမားသပိတ်၊ လယ်သမားတိုက်ပွဲနဲ့ လျှပ်စစ်ရရှိရေး မြို့နေလူထုလှုပ်ရှားမှုများ တခုပြီးတခု၊ တနေရာပြီးတနေရာ ပေါ်ပေါက်နေပါတယ်။ တားမနိုင်ဆီးမရ ဆိုရင် မမှားပါဘူး။ ဒါ့အပြင် ဖျောင်းဖျလို့လည်း မရဆိုတဲ့ စကားကိုတောင် ထပ်ဖြည့်လိုက်ဖို့ ကောင်းပါတယ်။ (လုပ်ငန်းရှင်တွေကို မဖျောင်းဖျဘဲ အလုပ်သမားတွေကိုပဲ ဖျောင်းဖျနေသူတွေ ရှိနေလို့ပါ)။

ဒါပေမယ့် တကယ့်အခြေအနေက ကြည့်သောသူမြင်၏ လို့ ပြောရမလို ဖြစ်နေပါတယ်။ ဗိုလ်ချုပ်သိန်းစိန်အစိုးရက မျက်နှာလွှဲနေပါတယ် (သူတို့နှင့် မဆိုင်လေဟန်)။ မကြည့်လို့ မမြင်ဘူးပေါ့။ တချို့ကတော့ မြင်ပါတယ်။ ဒါကြောင့် အဝေးက ရှောင်ကြပါတယ်။ တချို့ရဲ့မျက်စိထဲမှာ မြင် မမြင်တော့ မသိရပါ။ သူတို့ ပြောတဲ့အထဲမှာတော့ ဒီအကြောင်းတွေ တခွန်းမှ မပါပါ။ တချို့က မြင်လည်းမြင် ခေါင်းထဲမှာလည်း လက်ကနဲ အကြံပေါ်လာပါတယ်။ ထမင်းထုတ်ပေး၊ ရေသန့်ဘူးပေး ပရောဂျက် အမြတ်ထုတ်ကွက်လို့ တန်းမြင်တယ်။ အားလုံးနဲ့မတူ တချို့ကတော့ ဒီလှုပ်ရှားမှုတွေကို ဗမာပြည်ရဲ့ပစ္စုပ္ပန်၊ အနာဂတ်အဖြစ် ကြည့်မြင်ကြပါတယ်။ အားတက်ကြပါတယ်။ အားပေးကြပါတယ်။


မှန်ပါတယ်။ ဒီတိုက်ပွဲတွေ အဆက်မပြတ် ပေါ်ပေါက်နေတာ အချို့သော မျက်စေ့တိမ်ကွယ်နေသူတွေအတွက်တော့ အရေးစိုက်စရာမလိုတဲ့ အသေးအမွှားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မြင်တတ်သူတွေအတွက်တော့ တကယ့်ကို အမှောင်ထဲမှာ ပေါ်ထွက်လာတဲ့ အားတက်စရာ အလင်းရောင်တွေ ဖြစ်နေပါတယ်။ ဒီလို အားတက်ကြတယ်ဆိုရာမှာ တို့အမျိုးသားတွေကို လိမ်ညာလို့ မရဘူး၊ ခြောက်လှန့်လို့ မရဘူး၊ ငါတို့ မျက်စေ့မလည်ဘူးဆိုတဲ့ အသံများကိုပါ ကြားနေရသကဲ့သို့ ရှိပါတယ်။


တကယ်ကျတော့ အခု ဗမာပြည် တနံတလျားမှာ တွေ့မြင်နေရတာဟာ ဗမာပြည်မှာ နိုင်ငံရေးသင်တန်းတခုလို့ မှတ်သားသင့်တယ်လို့ ထင်ပါတယ်။ ဒီနေ့အခါ ဗမာပြည်နိုင်ငံရေးမှာ လမ်းမပေါ်တက်တဲ့ နိုင်ငံရေး ခေတ်ကုန်ပြီလို့ ဆိုချင်သူ၊ ငါတို့မှ ဦးမဆောင်ရင် လူထုလှုပ်ရှားမှု မပေါ်နိုင်ဘူးလို့ အထင်ရှိနေသူ၊ လူထုကြီးဟာ ကြောက်နေတယ်လို့ ထင်နေ၊ ပြောနေသူတွေကို လုံးဝမှားကြောင်း ဒီတိုက်ပွဲတွေက ထောက်ပြလိုက်တာ ဖြစ်ပါတယ်။ လူထုရဲ့ တကယ့်လက်တွေ့ အနေအထားကို ဆုပ်ကိုင်မိပါမှ လုပ်ငန်းစဉ်၊ လမ်းစဉ်တွေ ချမှတ်တာ မှန်ကန်နိုင်ပါတယ်။ ဒါတွေဟာ ဗိုလ်သိန်းစိန်အစိုးရ ဖန်တီးထားတဲ့ “အပြောင်းအလဲ” အောက်မှာ ပထမဆုံး ပေါ်ပေါက်တဲ့ လူထုတွေရဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းပေါ်လာတော့ ပြည်တွင်းပြည်ပ နိုင်ငံရေးသမားများရော မီဒီယာသမားများပါ အံ့အားသင့်ခြင်းမက သင့်သွားကြရပါတယ်။ နောက်ပြီး ကိုယ်မစဉ်းစားမိကြောင်းလည်း ၀န်ခံကြရပါတယ်။ အခုလည်း “အပြောင်းအလဲ” ဖြစ်ပေါ်နေချိန်မှာ ၁၈ ရာစုနှစ်က လစာအရေအတွက်မျိုးကနေ မပြောင်းလဲတဲ့အတွက် ဆန္ဒပြပွဲတွေ ဆက်တိုက်ပေါ်လာမယ်လို့ မျှော်လင့်မထားကြောင်း ၀န်ခံရမယ် ထင်ပါတယ်။ တခြားမပြောနဲ့ ဗိုလ်သိန်းစိန်အစိုးရတောင်မှ ဒါလောက် ဇွဲနဲ့ မာန်နဲ့ တိုက်ပွဲဝင်ကြလိမ့်မယ်လို့ မမျှော်မှန်းနိုင်ခဲ့လို့ ဘယ်လို အရေးယူလုပ်ကိုင်ရမှန်း မသိဘဲဖြစ်နေပြီး အကျပ်တွေ့နေတယ် မဟုတ်ပါလား။ ဒီလိုအနေအထားတွေမှာ ပြောလေ့ရှိတဲ့ သူတို့ရဲ့လက်သုံးစကား “ဗကပလက်ချက်” ဆိုတာမျိုးတောင် အခုမပြောနိုင်ဘူး ဖြစ်နေပါတယ်။

ဒီနေ့အချိန်အခါမှာ ဒီ “အပြောင်းအလဲ” ကို အကြောင်းပြုပြီး တိုး၍ ချမ်းသာကြဦးမှာဟာ န၀တ-နအဖ လက်ထက်မှာ ကောင်းစားချမ်းသာနေခဲ့သူတွေသာ ဖြစ်တယ်။ တိုး၍ ဆင်းရဲဦးမှာဟာလည်း န၀တ-နအဖ လက်ထက်မှာ တလျှောက်လုံး ဆင်းရဲမွဲတေနေခဲ့သူတွေသာ ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါကို “အပြောင်းအလဲ” လို့ သမုတ်နေကြတာသာ ဖြစ်ပါတယ်။ တကယ်ပြောင်းလဲတာက အဲဒီ တိုး၍ ဆိုတဲ့ စကားလုံးလေးတလုံးသာ ဖြစ်ပါတယ်။ နောက်မကြာခင်မှာဆိုရင် အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ လှိမ့်ဝင်လာနိုင်စရာ အကြောင်းတွေ ရှိနေပါတယ်။ နောက်ပြီး အဲဒီလို ၀င်လာပြီဆိုရင် ဗမာပြည်သားတွေထဲက ဘယ်သူတွေသာ အကျိုးအမြတ်ရှိမယ်ဆိုတာ အထူးပြောနေစရာ မလိုပါဘူး။ အနောက်တိုင်းက လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေအကြား ပြဿနာပေါ်ရင်လည်း ဗိုလ်ချုပ်သိန်းစိန် စစ်အစိုးရက ဘယ်သူ့ဘက် ပါမယ်ဆိုတာ ဗေဒင်မေးစရာမလိုဘူး ထင်ပါတယ်။ ဒါကြောင့် ဆန္ဒပြပွဲဇာတ်လမ်းဟာ ငွေရောင်ပိတ်ကားကြီးပေါ်မှာ ဆက်လက်ရှုစားပါလို့ ပြောရမလို ဖြစ်ပါတယ်။

မျက်မှောက် ဗမာပြည်ရဲ့ အဓိကပဋိပက္ခဟာ ဒီဆန္ဒပြလူထုနဲ့ တပြေးတည်း ခံစားနေရတဲ့ ပြည်သူလူထုကြီးက တဘက်၊ ဗိုလ်ချုပ်သိန်းစိန်အစိုးရက တဘက်၊ ဒီနှစ်ဘက်အကြားက ပဋိပက္ခဖြစ်တယ် ဆိုတဲ့အကြောင်း အခု ဒီအရေးအခင်းတွေက အတည်ပြု ဖော်ပြနေပါတယ်။ စစ်အစိုးရက ကျယ်ကျယ်လောင်လောင် ၀ါဒဖြန့်နေတဲ့ လွှတ်တော်ထဲက ပဋိပက္ခဆိုတာတွေဟာ အဓိကပဋိပက္ခ မဟုတ်ပါဘူး။ စစ်အစိုးရဟာ အဲဒီလွှတ်တော်ထဲက အတိုက်အခံပြုမှုကို သေနတ်နဲ့ပစ် လူစုခွဲခဲ့တဲ့ ရခိုင်စစ်တွေက ဆန္ဒပြမှုလောက် မစိုးရွံ့တာလည်း သေချာပါတယ်။

အခုအထိတော့ ဒီသပိတ်တွေကို ဦးသိန်းစိန် စစ်အစိုးရက ဘယ်လို သဘောထားတယ်ဆိုတာ တခွန်းမှ တရားဝင် ပြောကြားခြင်း မရှိသေးပါဘူး။ နှာစေးဟန်ဆောင်နေခြင်းဟာ ဒီနေ့ သူတို့ရဲ့ နည်းဗျူဟာဖြစ်ပြီး နိုင်ငံရေးသမားတွေကို ဒီလှုပ်ရှားမှုတွေထဲ ၀င်မပါဖို့ သတိပေးတာ၊ တချို့နေရာတွေမှာ ဆန္ဒပြသူတွေကို ရိုက်တာ-ဖမ်းတာတို့ကတော့ သူတို့ရဲ့ တကယ့် ပေါ်လစီ သဘောထားဖြစ်တယ်လို့ ဆိုရပါမယ်။ လက်ရှိအချိန်မှာ ဖွတ်မြီးနဲ့ ဖွတ်ကို ချည်ထားသလို ဗိုလ်သိန်းစိန်စစ်အစိုးရကို သူ့ဝါဒဖြန့်ချက်တွေနဲ့ ပြန်တုပ်နှောင်ထားနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ဒင်းတို့တတွေ ငါးရိုးမျက်လက်တိုဖြစ်နေတာ အမှန်ပါပဲ။

ဦးသိန်းစိန်စစ်အစိုးရက ဘယ်လိုပဲ အကြောင်းပြပြ ဒီနေ့ အလုပ်သမား၊ လယ်သမား၊ စားသုံးသူ ပြည်သူတွေ နစ်နာဆုံးရှုံးတာတွေ အားလုံးဟာ န၀တ-နအဖအပါ ဒီနေ့ ဗိုလ်သိန်းစိန်တို့အထိ စစ်အစိုးရ အဆက်ဆက်ရဲ့ တာဝန်ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ နိုင်ငံရေးသာမက စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေမှာပါ သူတို့ထိပ်သီးတွေနဲ့ သူတို့နဲ့ အမြီးစား ခေါင်းစား မိုက်ဖော်ဆိုးဘက်တွေချည်း အခေါင်အညွန့် စားရအောင် ဖန်တီးထားတဲ့စနစ်ကြောင့် ဒီနေ့ ဒီပြဿနာတွေ ပေါ်နေတာ ဖြစ်ပါတယ်။

ဒီလို ဗိုလ်သိန်းစိန်အစိုးရ တဖြည်းဖြည်း ပွင့်သထက်ပွင့်ကျလာနေချိန်မှာ သူတို့ဟာ ပြည်သူလူထုအကြားမှာ လူမျိုးရေး ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေ ဖန်တီးဖော်ထုတ်ပြီး ကိုယ်လွတ် ရုန်းထွက်သွားမယ့် အန္တရာယ်ကို သတိပြုရပါမယ်။ အားလုံးသိကြတဲ့အတိုင်း ဗိုလ်နေ၀င်းအပါ စစ်အစိုးရ အဆက်ဆက်ဟာ ဒီလို ညစ်တီးညစ်ပတ်လုပ်ကြတဲ့ အစဉ်အလာအထင်အရှား ရှိပါတယ်။

ဒါပေမယ့် တဘက်က ပြန်စဉ်းစားကြည့်လိုက်တော့ ရှစ်လေးလုံးအရေးတော်ပုံ စတင် အရှိန်ယူနေချိန်မှာ စစ်အစိုးရက တောင်ကြီးလို မြို့တွေမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးလိုက်တော့ ရှုပ်ထွေးမှုဟာ မဆိုစလောက် ခဏလေးသာ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အရေးအခင်းကြီး အရှိန်ရ ကြီးထွားခဲ့ပါတယ်။ ဗမာပြည်သားတွေရဲ့ နိုင်ငံရေးအသိကို ကျနော်တို့ ယုံပါတယ်။

ရဲဘော်ဖိုးသံချောင်း
(ဖေ့စ်ဘွတ်ခ်မှ ...)

No comments: