Thursday, June 21, 2012

သတင်းထောက်တစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်မှု ဖြစ်ပွား


စည်သူလွင်
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)
မန္တလေးမြို့တွင် သတင်းထောက် တစ်ဦးအား အရပ်သားတစ်ဦးက ကိုယ်ထိလက်ရောက် စော်ကားကျူးလွန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယခုလ ၁၇ ရက်နေ့ ည အချိန် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ၆၂ လမ်း စည်ပင်ရုံးရှေ့၌ ယာဉ်တိုက်မှု ဖြစ်ပွားရာ အခင်းဖြစ်ပွားရာ နေရာသို့ မန္တလေး အရုဏ်ဦးဂျာနယ်မှ မန္တလေး တာဝန်ခံဆရာလွတ်လပ်ငြိမ်း သတင်း သွားရောက်ယူရာ ယာဉ်ထိန်းရဲနှင့် ပါလာသူက ကိုယ်ထိလက်ရောက် ကျူးလွန်မှု ဖြစ်ပွားခဲ့သည်။
"သတင်းထောက်တစ်ဦး အနေနဲ့ သတင်းဖြစ်တဲ့နေရာကို သတင်းသွားယူတာပါ။ အကျိုးအကြောင်းကို သိချင်လို့ ယာဉ်ထိန်းရဲကို မေးတာသူနဲ့ ပါလာတဲ့ အရပ်ဝတ်နဲ့လူက ကိုယ်ထိ လက်ရောက် ကျူးလွန်ဖို့လုပ်တယ်။ လူတွေဝိုင်းဆွဲလို့ ဘာမှ မဖြစ်လိုက်ဘူး။ သိချင်ရင်ရုံးကို လိုက်ခဲ့ပါလို့ပြောပါတယ်။ အားလုံးလည်း သွားရော အဲဒီလူက ပြန်ရောက်လာပြီး ကျွန်တော့ကို လက်သီးနဲ့ ထိုးတယ်။
"ကျွန်တော်က ဘာမှ ပြန်မလုပ်လိုက်ပါဘူး။ သက်ဆိုင်ရာကိုလည်း ကျွန်တော် အကြောင်းကြားထားတယ်။ ယာဉ်ထိန်းက တာဝန် ရှိတဲ့သူတွေကလည်း ပြန်ပြီးတော့ တောင်းပန်ပါတယ်။ အချက်နှစ်ချက်ကို တောင်းဆိုလိုက်တယ်။ မီဒီယာသမားများကို ဒီလို အဖြစ်မျိုး နောက်ထပ် မကျူးလွန်ဖို့ရာ ၀န်ခံကတိကို စခန်းမှူး၊ ရဲမှူးတွေရဲ့ တရားဝင်စာနဲ့ ထုတ်ပေး၊ သတင်းစာကနေပြီး မီဒီယာ လောကကို တောင်းပန်တဲ့ စာထည့်ပေးဖို့ရာအချက်တွေကို တောင်းဆိုလိုက်တယ်"ဟု ဆရာလွတ်လပ်ငြိမ်းက ပြောသည်။
ကိုယ်ထိ လက်ရောက်ကျူးလွန်သူမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်မဟုတ်ဘဲ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာများသို့ ယာဉ်များကို အမြဲတမ်း လိုလို လိုက်ပါ ကူညီ မောင်းနှင်ပေးသူ ဖြစ်ကြောင်း ယာဉ်မှု စစ်ရုံးထံမှ သိရသည်။
"ကိုယ်ထိလက်ရောက် လုပ်တဲ့သူကို အဲဒီညမှာပဲ အမှတ် (၁၁) စခန်းမှာ ထိန်းသိမ်းထားလိုက်ပါတယ်။ တကယ်တော့ သတင်းထောက် မှန်း မသိလို့ ဖြစ်သွားရတာပါ။ ကျွန်တော်တို့ဘက်က လည်းတတ်နိုင်သလောက် တောင်းပန်ထားပါတယ်။ သူတောင်းဆိုတဲ့ အချက် တွေကိုလည်း ဆောင်ရွက်ပေးဖို့ အတတ်နိုင်ဆုံး စီစဉ်နေပါတယ်"ဟု ယာဉ်မှုစစ် မှ ဒုရဲအုပ်ဇော်ဇော်က ပြောသည်။
ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဆိုင်ကယ်နှင့် ကားတို့ တိုက်မိရာ ဆိုင်ကယ်မောင်းသူ သေဆုံးသွားကြောင်း၊ ကားမောင်းသူအား အမှတ် (၁၁) ရဲစခန်းမှ အမှုဖွင့် စစ်ဆေးနေကြောင်း ယာဉ်မှုစစ်ရုံးထံမှ သိရသည်။

No comments: