Monday, June 4, 2012

အရင်းရှင်စနစ်


by Bo K Nyein on Monday, June 4, 2012 at 10:55am ·

အရင်းရှင်စနစ်
အပိုင်း(၁)

လစ်ဖရယ်ဒီမိုကရေစီ၊ အရင်းရှင်စနစ် နှင့် မာက်စ်ဝါဒ

ဒီနေ့ကမ္ဘာကြီးမှာ ဖြစ်ပျက်မှုတွေက လျှင်မြန်လွန်းလှတယ်။ မကြုံစဖူး တချိန်ထဲမှာ ဖြစ်ပျက်ကြတာ။ အာရပ်ကမ္ဘာမှာ အစိုးရတွေကို ပုန်ကန်ကြတဲ့ အာရပ်နွေဦးရယ် ၊ တကမ္ဘာလုံးပြန့်နှံ့ သွားတဲ့ Occupy Wall St ဆိုတဲ့ ဝေါစတိ (လမ်း) ကိုသိမ်းပိုက်ကြဆိုတဲ့ လူထုဆန္ဒပြမှုတွေရယ် ၊ဥရောပ ယူလို(Euro) ငွေကြေး ပြဿနာတွေ အကြောင်းကိုပြောတာပါ။

တကယ်တန်းဆန်းစစ်ကြည့်ရင် လက်ရှိကမ္ဘာမှာရင်ဆိုင်နေကြရတဲ့ ပြဿနာတွေ အားလုံးဟာ အရင်း ရှင် စီးပွားရေးစနစ်နဲ့ ဆက်စပ်နေပါတယ်။ သို့ သော် ဆက်စပ်မှုတွေဟာ သိမ်မွေ့သလို ရှုပ်ထွေး မှုတွေ ရှိတာကြောင့် ပြဿနာအရင်းခံကိုသိရခက်တယ်။ တချိန်ထဲမှာ အပေါ်ယံရှပ်ကြည့်ရင် အရင်းရှင်စနစ် ဟာ မာက်စ်ဝါဒလို လမ်းဆုံးရောက်ပြီလားလို့ ထင် စရာ၊ မေးစရာ ရှိတယ်။

အမေရိကန် သတင်းသမားတွေက မြို့  အနှံ့ပြန့်သွားတဲ့ (သိမ်းပိုက်ကြ) ဆိုတဲ့လူထုဆန္ဒပြပွဲကလူငယ် တွေကို မင်းတို့ရဲ့  ရည်ရွယ်ချက်ကဘာလဲ၊ မင်းတို့ရဲ့ ဦးတည်ချက်ကဘာလဲ၊ လို့မေးခွန်းထုတ်တဲ့အခါ၊ တယောက်တပေါက်၊ စိတ်ထင်ရာတွေဖြေကြတယ်။ အများစု ရဲ့ မကြေနပ်မှုဟာ သဘာဝကျတယ်။ ခံစားချက်တွေဟာ တရားတယ်လို့ဆိုနိုင်ပေမဲ့ လူနည်းစုဖြစ်တဲ့ လက်ဝဲအစွန်းရောက် နိုင်ငံရေး စိတ်ကူး ယဉ်သမားအချို့နဲ့ မင်းမဲ့ဝါဒီ (Anarchist) တွေကြောင့် သတင်းသမားတချို့ ရဲ့  ဝေဖန်မှု အထင်သေးမှု ကို ခံကြရရှာတယ်။

နိုင်ငံရေးမှာ လက်တွေ့ကျကျတွေးတတ်နိုင်ဖို့ဟာ အလွန်အရေးကြီးပါတယ်။ ဒီလိုလက်တွေ့ကျကျ တွေးတတ် နိုင်ဖို့ရာ ၊ အချက်အလက်ကို မှီကိုးတဲ့ သုံးသပ်မှုရှိရပါမယ်။ သုံးသပ်မှုမှန်ဖို့ရာ နားလည်မှု (အသိ) နဲ့ (အတွေးအခေါ်) ရှိရပါမယ်။ နောက်ဆုံး (စနစ်) ကို သိရပါမယ်။

အရင်းရှင် စနစ်ဆိုတာဟာ (စီးပွားရေး) စနစ်တခုသာလျှင်ဖြစ်တယ်။ နိုင်ငံရေး(၀ါဒ) မဟုတ်ပါ။ ဒုတိယကမ္ဘာစစ်ကြီးအပြီး မှာ ထင်ရှားတဲ့ နိုင်ငံရေးကမ္ဘာ နှစ်ခုပေါ်ထွက်လာပါတယ်။ တခုက အမေရိကန် ဦးဆောင်တဲ့ (လွပ်လပ်) တဲ့ကမ္ဘာနဲ့ ဆိုဗီယက်ရုရှား ဦးဆောင်တဲ့ (ကွန်မြူနစ်) ကမ္ဘာ တို့ပါ။ လွပ်လပ်တဲ့ကမ္ဘာ (Free World) လို့ဆိုရရင်းက လစ်ဖရယ်ဒီမိုကရေစီလို့ ခေါ်တဲ့ အစိုးရကိုပြည်သူက ရွေးကောက်ပွဲနဲ့ ရွေးချယ်နိုင်တဲ့ စနစ်၊ တနည်းအားဖြင့် (ကိုယ်စားပြု ဒီမိုကရေစီစနစ်) Representative Democracy ကိုကျင့်သုံးကြလို့ပါ။

ကွန်မြူနစ်စနစ်ကတော့ မာက်စ်နဲ့ လီနင်တို့ထူထောင်သွားတဲ့ ပစ္စည်းမဲ့အာဏါရှင်စနစ် (ကွန်မြူနစ်) ၀ါဒ ကိုလိုက်နာကြလို့ပဲ။ တကယ်တော့ မာက်စ်ဝါဒ နဲ့လီနင်ဝါဒ Marxism-Leninism ကိုမှ ကွန်မြူနစ် လို့ သတ်မှတ် နိုင်ပါတယ်။  ကွန်မြူနစ်စနစ်မှာ (ပါဝင်မှုဒီမိုကရေစီ) Participatory Democracy ကိုကျင့် သုံး ကြ ပါတယ်။ ကွာခြားချက်က လစ်ဖရယ်ဒီမိုကရေစီမှာ ပြည်သူလူထု က မိမိကိုကိုယ်စားပြုမဲ့ ကိုယ်စားလယ် (representatives) တွေကိုထိုက်ရိုက် ရွေးခွင့်ရှိပါတယ်။ အစိုးရကို မဲနဲ့ ဖြုတ် ချခွင့် ရှိကြတယ်။ ကွန်မြူနစ်စနစ်မှာ ကွန်မြူနစ် (ကေတာ) တွေက သာ ဗဟို ကော် မီတီ ကိုရွေးရပါတယ်။ ပြည်သူကထိုက်ရိုက် ရွေးချယ်ခွင့် (မရရှိ) ကြပါ။ ကွန်မြူနစ်ပါတီကိုလည်း မကြိုက်ရင် ဖြုတ်ချခွင့် မရှိကြရှာပါ။

မာက်စ်ဝါဒရဲ့  ဦးတည်ချက်က Communist Utopia လို့ခေါ်တဲ့ ကွန်မြူနစ် (ဘုံ) နိဗ္ဗန်ကို ရောက်ရှိဖို့။
ဒီဘုံ နိဗ္ဗန်ကို ရောက်ခဲ့ကြရင် အစိုးရဆိုတာလည်း မရှိတော့ဖူး ဖိနိပ်မှု အမြတ်ထုတ်မှု ဆိုတွေလည်းမရှိ တော့ဖူး။ လိုတာကို ပဲ အားလုံးက၀ိုင်းထုတ်လုပ်ကြမဲ့ ဘ၀ နိဗ္ဗန် ကို ရည်မှန်းထာပါ။ ဒီအဆင့်ကို ရောက် ရင် မာက်စ်က အင်္ဂလိပ်လို (From each according to its ability to each according to its need) လို့ရေးခဲ့ပါတယ်။ လူတဦးစီရဲ့ စွမ်းဆောင်နိုင်မှုမှ လူတဦးစီ၏ လိုအပ်မှု သို့ -- လို့ဆိုခဲ့တာပါ။

ဆိုလိုတာ က လူနေမှုအတွေးအခေါ်နဲ့ အဆင့်အတန်းမြင့်တက်လာတဲ့အခါ လူ့အသိုင်း အ၀ိုင်း ရဲ့ လိုအပ် ချက်တွေကို လူတိုင်းသန်ရာသန်ရာ ၀ိုင်းဝန်းထုတ်လုပ်ကြမယ်ပေါ့၊ ဥပမာ ဆရာဝန်တွေက ဆေးကု ပေး မယ်၊ အင်ဂျင် နီယာတွေက တိုက်တွေ တံထားတွေ အဆာက်အဦးတွေဆောက်၊ လိုအပ်တဲ့ ပစ္စည်း ကရိယာ တွေထုတ်၊ ကျောင်းဆရာ ၊ ဆရာမတွေက ကလေးတွေကိုစာသင်ပေး ၊ အိုသာယာ လှ တဲ့ (ဘုံ) နိဗ္ဗန်ကြီးပဲပေါ့။

မာက်စ်ကတကယ်တော့ စိတ်ကူးယဉ်သမား။ ဒါပေမဲ့ အကြောင်းမဲ့ စိတ်ကူးယဉ်သူမဟုတ်။ အရင်းရှင် စီးပွားရေးစနစ် ရဲ့ အနိဋ္ဌါရုံတွေကို နှိုက်နှိုက်ချွပ်ချွပ်လေ့လာသုံးသတ်ပြီးမှ အရင်းရှင်လောကရဲ့ (အရင်း) အကြောင်းနဲ့ ဘယ်လို အလုပ်သမားလူတန်းစား တွေကို အမြတ်ထုတ်ခေါင်းပုံဖြတ်တယ်ဆိုတာကို Das Kapital ဆိုတဲ့ (အရင်းကျမ်း) ကို ဂျာမန်လိုရေးပြခဲ့ပြပါတယ်။ (မှတ်ချက်။ မာက်စ် က ဂျာမဏီမှာမွေးတဲ့ ဂျူးလူမျိုး မို့လို့ပါ)

မာက်စ်က ကွန်မြူနစ်ခေတ် (ဘုံ) နိဗ္ဗန် ကိုမရောက်ခင် ဆိုရှယ်လစ်ခေတ်ကို ဖြတ်သန်းရလိမ့်ဦးမည်။
အကြောင်းက စက်ရုံတွေတည်ဖို့ (အရင်း) တည်ဆောက်ရဦးမည်။ ထုတ်လုပ်သည့် ထုတ်ကုန် တွေကို ဖြန့်ဖြူးသည့် စနစ်တွေထူထောင်ရဦးမည်။ ဒီစနစ် ဒီအရင်းအနှီးတွေထူထောင်ဖို့ တည်ဆောက်ဖို့ ဆိုရှယ်လစ်စီးပွားရေးစနစ် ကိုထူထောင်ရမည်။ ဒီစီးပွားရေးစနစ်ကို “ ပြင်ဆင် စီမံ စီးပွားရေး Planned Economy” လို့ ခေါ် ကြပါတယ်။ တနည်းအားဖြင့် မာက်စ်၏ ဆိုရှယ်လစ်စီးပွားရေးစနစ် Marxist
 Socialist Economy လို့သိကြပါတယ်။

မာက်စ်ရဲ့ စီးပွားရေးစနစ်နဲ့ အရင်ရှင်စီးပွားရေးကွာခြားချက်က အရင်းရှင်စီးပွားရေးစနစ်မှာ ထုတ်ကုန်ကို စားသုံးသူကတဆင့် ဈေးကွက်ကဆုံးဖြတ်လိမ့်မယ်။ ဒီပစ္စည်း ထုတ်မယ်/မထုတ်ဖူး ဆိုတဲ့ (အာဏါ) ဟာ (စားသုံးသူ Consumer) လက်ထဲမှာပဲရှိတယ်။ ပစ္စည်းတခုကို ၀ယ်မယ်/မ၀ယ်ဖူးဆိုတာကို ဈေးကွက် ကပဲ (ဆုံးဖြတ်)ပါတယ်။ လူကြိုက်များရင် (၀ယ်အား) လိုက်မယ်။ ဒါဆို များများပိုထုတ်ပေါ့။ လူ မကြိုက် ရင် အ၀ယ်မလိုက်ပဲ စံချိန်မှီအောင် ထုတ်နိုင်ရင်ထုတ် ။ မထုတ်နိုင်ရင် စက်ရုံတွေပိတ် ပေါ့။ ဒါကို အရင်းရှင်စနစ်ရဲ့ဖခင်လို့ ပြောကြတဲ့ အဒန်စမစ် (Adam Smith) က မမြင်ရတဲ့လက် ကြီး  (Invisible Hand) က ဈေးကွက်ကိုထိန်းပေးပါလိမ့်မယ်လို့ ဆိုခဲ့လို့ နံမည်ကျော်ခဲ့ရပါတယ်။

ဥပမာ အရင်က နိုကီရာ (Nokia) ၊ မိုတိုရိုလာ (Motorola) ၊ ဆမ်ဆန် (Samsung) တို့က မိုဖိုင်းဖုံး ဈေးကွက်မှာ အအောင်အမြင်ဆုံးပဲ။ အဲလ်ပယ် (Apple) က ၀င်လာပြီး ပိုကောင်းအောင်လုပ်ပြ လိုက် တော့ အိုင်ဖုံး (iphone) ဟာထိပ်ရောက်သွားတယ်။ သုံးစွဲသူအကြိုက် ထွင်နိုင်ရင် ဈေးကွက် က အ၀ယ် လိုက်သူကို အနိုင်ပေးမှာပဲ။ ဒါကြောင့် အမြဲကောင်းအောင် ကြိုးစားနေကြရတယ်။ (ပြိုင်ဆိုင်မှု) က တွန်းအားလာဖြစ်တယ်။ ဒီတွန်းအားက တိုးတက်မှု ၊ တီထွင်မှု ကို ဖန်တီးပေးတယ်။ ဟော အခု Samsung ရဲ့ galaxy ကရေပန်းစားလာပြန်တယ်။

ဆိုရှယ်လစ်စီးပွားရေးစနစ်မှာတော့ ဒီပစ္စည်း ထုတ်မယ်/မထုတ်ဖူး ဆိုတဲ့ (အာဏါ) ဟာ (၅) နှစ်စီမံကိန်း ကိုရေးဆွဲတဲ့ ဗျူရိုကရက်တွေရဲ့ လက်ထဲမှာရှိပါတယ်။ သုံးစွဲသူ လက်ထဲမှာမရှိ။ သုံးစွဲသူအကြိုက် ထုတ်လုပ်တာမဟုတ်။ လိုအပ်တာကို အစိုးရကထုတ်ပေးတာလေ။ ပြိုင်ဆိုင်မှု မရှိတာကြောင့် တိုးတက် မှု မရှိ။ ရောင်းမထွက်တဲ့ ပစ္စည်းတွေ တောင်လိုပုံနေပြီး နောက်ဆုံး မှောင်ခိုဈေးကွက် ပေါ်လာရတာပဲ။

ဒီစီးပွားရေးစနစ်ကို မြန်မာနိုင်ငံသားတွေကောင်းကောင်း မှတ်မိကြမှာပါ။ ဦးနေ၀င်းရဲ့ မဆလ ခေတ် (၂၆) နှစ် လုံးလုံး ငတ်ခဲ့ကြတာ မာက်စ်ရဲ့ စီးပွားရေးစနစ်ကြောင့်ပဲ။ မာက်စ်ဝါဒီ ဦးဘငြိမ်ရဲ့ စေတနာ တွေပါ။

ဆိုရှယ်လစ်စီးပွားရေးစနစ်မှာ လိုအပ်တဲ့ (အရင်းအနှီး) တွေကို ဘယ်ကရမှာလဲ။ အစိုးးရအာဏါနဲ့ အားလုံးကို (ပြည်သူပိုင်) သိမ်းရပါတယ်။ ဒီလို မတရား ပြည်သူပိုင်သိမ်းဖို့ရာ လွပ်လပ်မှုနဲ့ တရားမျှတ မှု ကိုရည်စူးတဲ့ ပြည်သူက ရွေးချယ်တဲ့ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရ အောက် မှာ ပြည်သူပိုင် မသိမ်းနိုင်ပါ။ အာဏါရှင်စနစ် အောက်မှာပဲ လိုချင်တာကို ပြည်သူပိုင်သိမ်းနိုင်ပါတယ်။

ဒါကြောင့် မာ့က်စ်က ပစ္စည်းမဲ့တို့ရဲ့အာဏါရှင်စနစ် ကိုထူထောင်ရမယ်လို့ မိန့်ဆိုခဲ့တာပါ။

မာက်စ်ရဲ့ နောက်ခံက အင်္ဂလန်ရဲ့ စက်မှုတော်လှန်ရေး Industrial Revolution ခေတ်။ အရင်းရှင်စနစ် ခေါင်းထောင်ပြီး သောင်းကျန်းနေတဲ့ခေတ်။ ဆင်းရဲသားတွေကိုမတရား ခေါင်းပုံဖြတ်နေတဲ့ခေတ်။ ဒါကြောင့် မာ့က်စ်က အဖိနှိပ်ခံတွေဖြစ်တဲ့ ပစ္စည်းမဲ့တွေ ဦးဆောင်တဲ့ ပစ္စည်းမဲ့ တော်လှန်ရေးကြီးကို ဆင် နွှဲပြီးသကာလ ပစ္စည်းမဲ့အာဏါရှင်စနစ်ကို ထူုထောင်ရမယ်လို့ မိန့်ဆိုခဲ့တာဖြစ်တယ်။ ပစ္စည်းမဲ့ အာဏါ ရှင် စနစ်ကို ထူုထောင်ပြီးမှ အရင်းရှင်တွေရဲ့ အရင်းအနှီးနဲ့ လုပ်ငန်းတွေကို အာဏါနဲ့ ပြည်သူ ပိုင်သိမ်း၊ ထိုမှ ဆိုရှယ်လစ်စီးပွားရေး လမ်းကြောင်းအတိုင်း ဆိုရှယ်လစ်ခေတ်ကြီးကိုဖြတ်သန်း။ ထိုမှ ကွန်မြူနစ် (ဘုံ)နိဗ္ဗန် စီသို့ ချီတက်ကြဖို့ပါ။

ဆိုရှယ်လစ်ကာလမှာ မာက်စ်က From each according to its ability to each according to its work ၊ လူတိုင်းကိုယ်စီ အစွမ်းရှိသမျှမှ ၊ ကိုယ်စီ (လုပ်) သမျှ လို့ ဆိုခဲ့တယ်။ ဆိုလိုတာက လူတိုင်း ကိုယ်စီ မိမိလုပ်သမျှခံစားရဦးမည်။ ကွန်မြူနစ် (ဘုံ)နိဗ္ဗန် ရောက်မှ လိုသလောက်သာခံစားကြရမည်။

အများသိကြတဲ့အတိုင်း ကွန်မြူနစ်စနစ်ဟာ လမ်းခုလပ် ဆိုရှယ်လစ်စနစ် ကိုပင်မရောက်ရပဲ ကမ္ဘာကြီး မှာ ရေတိမ်နစ်ခဲ့ရပါပြီ။

ဘာကြောင့်လဲ

မာက်စ်ရဲ့စေတနာအရင်းခံဟာ အဖိနှိပ်ခံတွေအတွက် စေတနာမှန်ခဲ့တာ မငြင်းနိုင်ဖူး။ ထို့ပြင် မာက်စ်ဟာ ဒဿနိက အတွေးပညာရှင် (Philosopher) ၊ စီးပွားရေးပညာရှင် (Economist) ၊ စွယ်စုံရတဲ့ ပညာရှင်စစ်စစ်ဖြစ်တယ်။

သို့သော် စာရေးသူ၏ အမြင်အရ စထွက်ကတည်းက လမ်းမှားကြီးကိုလျှောက်ခဲ့မိလို့ ခံယူမိတယ်။
မာက်စ် ဟာ သူ့ရဲ့ အတွေးကမ္ဘာကို Materialism (ရုပ်ဝါဒ) ကို အခြေခံပြီး သခင်စိုးကြီးရဲ့ စကားနဲ့ ပြောရရင် Dialectical Materialism အနုပဋိ လောမ ရုပ်ဝါဒ နည်းနဲ့.အားလုံးကို ရှု့မြင်သုံးသပ်ခဲ့ တာကြောင့် လူတွေရဲ့စိတ်ဓါတ်ရေးရာအပိုင်း ကိုလျစ်လျူရှုခဲ့တယ်လို့ ခံစားမိတယ်။

လူတွေကို (ရုပ်) ပိုင်းဆိုင်ရာ အမြင်နဲ့ပဲကြည့်တာကြောင့် ကျောက်ရုပ်လို ၊ လိုရာအသုံးချနိုင်မယ်လို့ ထင်ခဲ့တယ်။ လူတွေရဲ့ အတ္တစိတ် ၊ တကိုယ်ကောင်းဆန်တဲ့စိတ်၊ နံမည်လိုချင်မှု ၊ မောဟ ၊ ဒေါသ ၊ မလိုဝန်တိုစိတ် စတဲ့ စိတ်ပိုင်း ဆိုင်ရာ အားနဲမှုတွေကို ထဲ့မတွက်ခဲ့တာကြောင့် လို့သုံးသတ်မိတယ်။

ဗုဒ္ဓရဲ့တရားအရ မောဟကြောင့် လူသားတွေဟာ အတ္တ မကင်းနိုင်ကြပဲ၊  (တဏှာ) ငြိတွယ်နေတာ  ကြောင့် သံသရာ ၀ဋ်ဆင်းရဲကမကျွပ်နိုင်ကြတာပဲမဟုတ်ပါလား

နောက်ဆုံးတော့ လူတွေရဲ့ (လောဘ) ၊ (အတ္တ) နဲ့ စိတ်ပိုင်းဆိုင်ရာအားနဲချက်တွေကို လစ်လျူရှုခဲ့ တာ ကြောင့် မာက်စ်ရဲ့ စိတ်ကူးယဉ်မှုဟာ လက်တွေ့ အကောင်အထည် မဖေါ်နိုင်တာမို့ ကွန်မြူနစ်စနစ် ကျဆုံးခဲ့ရရှာတာပါ။

အရေးကြီးတဲ့ နောက်တချက်က (အာဏါ) ပဲ။

မာက်စ်က ပစ္စည်းမဲ့အာဏါရှင် စနစ်ကိုထူထောင်ရမယ်လို့ ရေးခဲ့ပေမဲ့ သူရော အိမ်ဂယ် (Engles) ရောမျက်စိ ထဲမြင်နေတာက သူတို့မှီတဲ့ ပြင်သစ်တော်လှန်ရေး က ပြင်သစ်ဘုံစနစ် (Paris Commune).ဖြစ်တယ်။ လီနင်က ပစ္စည်းမဲ့တွေဦီးဆောင်တဲ့ ကွန်မြူနစ်ပါတီ ကိုဘယ်လို ထူ ထောင်ရမလဲ။ ဘယ်လိုဖွဲ့စည်းရမလဲ ဆို တာ ကို ဦးဆောင်ပြခဲ့တာပါ။ ဒါကို (ဗဟိုဦးစီးစနစ်) Democratic Centralization လို့ခေါ်ပါတယ်။ ဖြစ်နိုင်ရင် လီနင်ရေးခဲ့တဲ့ “နိုင်ငံတော်နှင့် တော်လှန်ရေး” (State and Revolution) ဆိုတာကို အင်တာနက်မှာ ရှာဖတ်စေချင်တယ်။

လီနင်က သူဘာကြောင့် ပါလီမန်ဒီမိုကရေစီကို လက်မခံရတာလဲ၊ Separation of Power အာဏါ ခွဲဝေမှုကိုဘာကြောင့်လက်မခံတာလဲ ၊ သူယုံကြည်တဲ့ Participatory Democracy ကိုဘယ်လို balance မျှတအောင်လုပ်မယ် ဆိုတာတွေကို သတိထား ဖတ်စေချင်တယ်။ ဒါပေမဲ့ လီနင်သေပြီး တက် လာတဲ့ စတာလင်က အာဏါကို မောင်ပိုင်စီးလိုက်တာ ကျန်ကွန်မြူနစ်ပါတီတွေအားလုံး စတာလင့် ပုံသဏ္ဍန်ဖြစ်ကုန်ကြတာပဲ။

စာရေးသူဟာ အာဏါရှင်စနစ်နဲ့ ကွန်မြူနစ်ဝါဒကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူဖြစ်ပေမဲ့ မာ့က်စ်နဲ့ လီနင်တို့ကိုလေးစားပါတယ်။

မာက်စ်ရဲ့ အတွေးအခေါ် တွေဟာ သိမ်မွေ့ အဆင့်မြင့်ပါတယ်။ သူ့ရဲ့စေတနာဟာ မြင့်မြတ်ပါတယ်။
ဒါကြောင့် လူငယ်လေးတွေကို မာက်စ် နဲ့ လီနင်ရဲ့ မူရင်းကျမ်း (Original Classics) တွေကို ဖတ်ပြီးလေ့လာစေချင်ပါတယ်။ သံယောင်ကြားနဲ့ ထအော်တာမျိုးမဖြစ်စေချင်ဖူး။

ဥပမာ နယူးရောက်မြို့က ဝေါလ်စတိကိုသိမ်းပိုက်ကြ ဆိုတဲ့ ဆန္ဒပြနေသူလူငယ်တချို့ကို သတင်းသမား တွေက မင်းတို့ဘာလိုချင်တာလဲ လို့မေးတဲ့အခါ အရင်းရှင်စနစ် မလိုချင်ဖူး၊ ဘဏ်လူကြီး (Bankers) တွေကို အခွန်တိုးကောက် စတဲ့ အမြင်တွေအပြင် အစိုးရမလိုချင်ဖူး စတဲ့ တောင်းဆိုချက်တွေကိုလည်း တောင်းဆိုကြပြန်တယ်။

ထို့နည်းတူစွာပဲ ဖေ့စ်ဘုဒ် (facebook) မှာမြန်မာနိုင်ငံအတွင်း က လက်ဝဲသမား တချို့ကလည်း အစိုးရ မလိုအပ်ကြောင်း ဆွေးနွေးလာပါတယ်။ ဒါမာ့က်စ်ရဲ့ ဟောကြားချက် တွေကို ကြားဖူးနားဝ နဲ့သံယောင်လိုက်ကြတယ်ဆိုတာကို ချက်ချင်းနားလည်လိုက်တယ်။ သို့သော် ကွာတာက မာ့က်စ်က ရုတ်တရက်ကြီး အစိုးရဆိုတာကိုဖယ်ရှားခိုင်းတာမဟုတ်။ အစိုးရ မလိုတော့တဲ့ လူနေမှု အဆင့်ရောက်အောင် ဆိုရှယ်လစ်အရင်းအနှီးတွေစုဆောင်း၊ ထုတ်လုပ်မှုတွေတည်ဆောက်၊ လူ့ အတွေး အခေါ် တွေ တိုးတက်မြင့်မားလာမှ လူလူချင်းအုပ်ချုပ်တဲ့ အစိုးရ မလိုအပ်တော့တဲ့ အဆင့် ရောက်ဖို့လမ်းညွှန်ခဲ့တာပါ။

အရင်းရှင်စနစ်ကျဆုံးပါစေ၊ ဝေါလ်စတိကိုသိမ်းပိုက်ကြ လို့အော်နေကြတဲ့ စိတ်ကူးယဉ် လူငယ်လေးတွေ ဟာ အိုင်ဖုံး (iPhone) ၊ အိုင်ပက် (iPad) ကိုင်ပြီးအောနေကြတာပါ။ တကယ်တော့ ဒီပစ္စည်းတွေကို ပေါ်ထွက်လာတာ အရင်းရှင်စနစ်ကြောင့်ပဲ မဟုတ်လား။ ဒီ အဲလ်ပယ်ပစ္စည်းတွေကို ဦးစီးထုတ်လုပ် ပေးတဲ့ စတိဂျော့ဘ် (Steve Jobs) ဟာ အဲလ်ပယ်စတော့ (Apple Stocks) တွေကြောင့် သန်း၆၀၀၀ အထိချမ်းသာသွားတဲ့ လုပ်ငန်းရှင် ကြီးပဲမဟုတ်ပါလား။ အရင်းရှင်ကြီးပဲ မဟုတ်ပါလား။ ဒီလို သူရဲ့တည် ထွင်မှုကြောင့် သူကိုယ်တိုင်ချမ်းသာရုံမက လူပေါင်းများစွာကိုလည်း (အလုပ်) ပေးနိုင်တယ်။

Wall St သာ မရှိခဲ့ရင် အဲလ်ပယ်ကုမ္ပဏီဆိုတာ ဘယ်လိုပေါ်ပေါက်လာနိုင်မှာလဲ ဆိုပြီးမေးခွန်းထုတ် လာသူတွေ ရှိ ပါတယ်။ တကယ်တော့ ဒီဆန္ဒပြနေကြတဲ့ လူငယ်အများဟာ Wall St ဘာကြောင့် အရေးပါရတယ်ဆို တာကိုမသိကြဖူး။ အလွန်အကျွံတွေရှိတယ်။ Wall St ကလူကြီးတွေ ငွေတွေ မတရားဝင်တယ်-ဖြုံးကြတယ် ဆိုတာကိုပဲ အကြမ်းပြင်းသိကြတယ်။ ဂဃနဏ မသိကြဖူး။ လူရီစရာ လာဖြစ်ကြရတယ်။

မာ့က်စ်ရဲ့ဝါဒနဲ့ပတ်သက်လာရင် မူရင်း အရင်းခံကျမ်းတွေကိုဖတ်ပြီးမှ ကျကျနန လုံးစေ့ပတ်စေ့ မိမိအမြင် ကို ဘာကြောင့် ဒီလိုကောက်ချက်ချရပါတယ်ဆိုတာကို ဖေါ် ပြသင့်တယ်လို့ ထင်မိတယ်။ တို့ထိတို့ထိ “မာ့က်စ် ၀ါဒဟာ အာဏါရှင်စနစ်မဟုတ်ဖူး” တို့ “အာဏါရှင်စနစ် ကို လက်မခံဖူး ၊ သို့သော် မာ့က်စ် ၀ါဒကိုတော့နှစ်သက်ပါတယ်တို့” ဆိုတာတွေဟာ “ဒို့အရေး၊ ဒို့အရေး” နောက်က လိုက်အော်တဲ့ အဆင့် သာသာ ပဲရှိ တယ်လို့ပြောနိုင်ပါတယ်။ ပညာတတ်အမြင်အရ ကြည့်ရင် Intellectually lazy ပညာတတ်ရေသာ ခိုခြင်းပဲ။

ဒါဟာ မာ့က်စ်ရဲ့ မူရင်းကျမ်းစာတွေကို တိတိကျကျမဖတ်လို့လား ၊ လေ့လာမှု မပြည့်စုံတာပဲလား၊ အင်္ဂလိပ်စာ မနိုင်လို့နားလည်မှားသည်ပဲလားမပြောတတ်ပါ။ သို့လော၊  သို့လော ထင်စရာတွေ အများကြီးပေါ်ပေါက်စေပါတယ်။

မာ့က်စ်ဝါဒရဲ့ ကျောရိုးဟာ ပစ္စည်းမဲ့ အာဏါရှင်စနစ်ပဲ။

နောက်အရေးကြီးတဲ့အချက်က မာ့က်စ်နဲ့ပတ်သက်လာရင် အစအဆုံး အလုံးစုံကိုခြေခံပြီးမှ Full Context အရပြောကြစေခြင်ပါတယ်။ ဖင်တပိုင်း ၊ခေါင်းတပိုင်းဖြတ်ပြောရင် ဟိုမရောက်၊ ဒီမရောက် ရွာလည်နေမှာသေခြာပါတယ်။

အာဏါရှင် စနစ်ကိုမတည်ထောင်ပဲ၊ ပြည်သူပိုင်မသိမ်းနိုင်၊ ဆိုရှယ်လစ်အရင်း (မ)တည်ဖို့မဖြစ်နိုင် ၊ အရင်းရှင်စနစ်ကို မဖြိုဖျက်နိုင်။ လီနင်ရဲ့ ဗဟိုဦးစီးစနစ်ကို လက်မခံပဲ ၊ကွန်မြူနစ် ပါတီမထူထောင်ရင်၊ ဘယ်သူက ပစ္စည်းမဲ့တော်လှန်ရေးကိုဦးဆောင်မှာလဲ။ ပစ္စည်းမဲ့တော်လှန်ရေး အောင်မှ ပစ္စည်းမဲ့ အာဏါရှင်စနစ်ကို ထူထောင်နိုင်မှာပါ။

လူသားတိုင်းမှာ ရုပ်နဲ့နာမ် ကိုယ်စီရှိမှ အသက်ရှင်နိုင်ကြတာပါ။ ထို့နည်းတူစွာ မာ့က်စ်ဝါဒမှာ ပစ္စည်းမဲ့ အာဏါရှင်စနစ်ဟာ (နာမ်) (၀ိဌါဉ်) အလား ပါပဲ။ ပစ္စည်းမဲ့အာဏါရှင် လက်နက်မပါပဲ အသက်မရှင်နိုင်ပါ။ ထို့ကြောင့် အာဏါရှင်စနစ်ကိုတော့ လက်မခံပါ ၊ မာက်စ်ဝါဒကိုတော့ လက်ခံပါသည်ဟု ဆိုလာရင် ဆား မပါ တဲ့ ဟင်းလို ပေါ့ရွှတ်ရွှတ် နိုင်ပါလိမ့်မည်။ တဖက်ကပြန်ကြည့်လျှင်လည်း နိုင်ငံရေးမရိုးသားတာ ဖြစ်နိုင် သလို ဖါးတပိုင်း ငါးတပိုင်းနိုင်ငံရေး ခံယူချက်ဆိုတာ ထင်ပေါ်နေပါသည်။

သတင်းစာလောကမှာ သတင်းရေးသူနဲ့ Opinion Writer လို့ခေါ်တဲ့ မိမိအမြင်ကိုရေးသူရယ်လို့ ရှိကြပါတယ်။ သတင်းရေးသူက ဒီကနေ့ ဟစ်ဟော့ပွဲမှာလူမစီ။ ဘောပွဲမှာလူချတယ်ဗျာ့ ဆိုပြီး လိုရှင်းတိုရင်း ရေးလို့ရပါတယ်။ Opinion Writer က ဒီလို ရေးလို့မရပါ။

နယူးရောက်တိုင်းက ကမ္ဘာကျော် အမြင်ရေးဆရာ တွန်ဖရီးမင်း (Tom Friedman) က ကမ္ဘာကြီးပြားတယ်ဗျာ့ (The World is Flat) ဆိုပြီး ရပ်ထား၍မရပါ။ ဘာကြောင့် ကမ္ဘာကြီးပြားရလဲ ဆိုတာကိုရှင်းပြဖို့ စာအုပ်ရေး ဖြစ် ခဲ့ရပါတယ်။ အီလစ် (Elite) စစ်လို့ထင်ပါရဲ့ သူ့စာအုပ်ဟာကမ္ဘာကျော်ပြီး လူကြီးလူငယ် အလုအရက် ၀ယ် ဖတ်ကြရပါတယ်။

ထို့ကြောင့် မြန်မာနိုင်ငံမှ လူငယ်ကလေးများ နိုင်ငံရေးခံယူချက် တိကျစေချင်တဲ့ စေတနာနဲ့ အရင်းရှင် စီးပွားရေးစနစ် ဆိုတာဘာလဲ၊ Wall St ရဲ့ ကဏ္ဍက ဘာလဲ၊ လက်ရှိ ကမ္ဘာမှာကျရောက်နေတဲ့ စီးပွားရေး အခက်အခဲ တွေဟာဘာလဲ၊ မြန်မာနိုင်ငံအပါအ၀င် အာရပ်ကမ္ဘာ မှာပြည်သူလူထု မခံမရပ်နိုင်ဖြစ်ရတဲ့ ရောင်ရင်း/ လက်ရင်းအရင်းရှင်စီးပွားရေးစနစ် (Crony Capitalism) ဆိုတာဘာလဲ စသည်တွေကို ချင့်ချိန် နိုင်အောင် ဥါဏ်မှီသမျှ တင်ပြဆွေးနွေးချင် တာ ကြောင့် ဒီဆောင်းပါးကိုရေးရတာပါ။

ဆက်ရန် ..အပိုင်း (၂)

No comments: