Sunday, June 10, 2012

သတင်းဌာနများအား ခေါ်ယူတွေ့ဆုံကာ သတိပေးပြောကြား

ရန်ကုန်တိုင်း ၀န်ကြီးချုပ် အဓိကရုဏ်းကိစ္စ သတင်းမီဒီယာများကို သတိပေး ရန်ကုန်၊ ဇွန် ၁၀

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အဓိကရုဏ်း ကိစ္စရပ်များအပေါ် သတင်းမီဒီယာများ သတိထားရေးသားရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ပြည်တွင်း သတင်းမီဒီယာများကို ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် သတိပေးပြောကြားသည်။

“မီဒီယာတွေ နိုင်ငံတော်နဲ့ ပူးပေါင်းလုပ်ဆောင်သင့်တယ်။ အခုကိစ္စကနေ မမျှော်မှန်းနိုင်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ်”ဟု ဦးမြင့်ဆွေက ဆိုသည်။

အဆိုပါ အဓိကရုဏ်းကိစ္စရပ်များကို ဖော်ပြရာတွင် ပြန်ကြားရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် မူဝါဒများကို ချိုးဖောက်ပါက ၀န်ကြီးဌာနမှ အရေးယူမည့် အပိုင်းရှိသကဲ့သို့ အုပ်ချုပ်ရေးပိုင်းကလည်း တည်ဆဲ ဥပဒေ ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၅ (ည) တို့ဖြင့် ဥပဒေပါ ထောင်ဒဏ် ငွေဒဏ်များ ချမှတ်အရေးယူသွားရန် ရှိကြောင်း ၄င်းက မီဒီယာများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ခေါ်ယူသတိပေးပြောကြားသည်။

ယင်းအပြင် မီဒီယာများအနေနှင့် သတင်းနှင့် စာနယ်ဇင်းကျင့်ဝတ်များကို လိုက်နာကြရန်လည်း ထည့်သွင်းပြောဆိုခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှုးချုပ် ဦးတင့်ဆွေကလည်း ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့် ပတ်သက်သည့် သတင်းများကို ဖော်ပြရာတွင် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနကို မပျက်မကွက် တင်ပြရမည် ဖြစ်ပြီး ၄င်းတို့၏ စိစစ်ဖြတ်တောက်မှု အတိုင်းသာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ယင်းသို့ မလုပ်ဆောင်ပါက ဥပဒေနှင့် အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ခေါ်ယူအသိပေးပြောကြားခံရသည့် မီဒီယာများအကြားတွင် သဘောထားအမျိုးမျိုး ဖြစ်ပေါ်လျက်ရှိပြီး အချို့သတင်းမီဒီယာသမားများမှာ ၀န်ကြီးချုပ်၏ ပြုမှုပြောဆိုသည့် အသုံးအနှုန်းအချို့ပေါ်တွင် စိတ်ပျက်ရကြောင်း၊ ပြောကြားလိုသည့် သဘောထားကို လက်ခံနိုင်သော်လည်း ယခင်အုပ်ချုပ်မှုမှ အကျင့်ဟောင်းများအတိုင်း ပြုမူဆက်ဆံသည့် အပေါ်တွင်မူ လက်ခံနိုင်ရန်ခက်ခဲကြောင်း မှတ်ချက်ပေးပြောကြားသည်။

The Voice Weekly 


 ရခိုင်ပြည်နယ်ပြဿနာများရေးသားဖော်ပြရာတွင် လှုံ့ဆော်သူများကို ဥပဒေကြောင်းအရ အရေးယူသွားမည်

ရန်ကုန် - ဇွန် ၁၀ | By Popular Myanmar News Journal

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ လွန်ကဲသောရေးသားဖော်ပြချက်များကိုတွေ့လာရသဖြင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်မှုကိုပျက်ပြားစေသည့် ရေးသားဖော်ပြမှုများ ဆက်လက်ပြုလုပ်ပါကတည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကပြောသည်။

ယနေ့ ဇွန်လ(၁၀)ရက်နေ့ ညနေ ၇ နာရီက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြည်တွင်း ပြည်ပ သတင်းဌာနများအား ခေါ်ယူတွေ့ဆုံကာ ထိုသို့သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မငြိမ်သက်မှုများဖြစ်ပေါ်လာစေရန် လှုံ့ဆော်သူများကိုလည်း ဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း၊

အရေးအကြီးဆုံးမှာ နိုင်ငံတော် အေးချမ်းသာယာရေးပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနှင့် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်တို့ပါတက်ရောက်ခဲ့ကြပြီး၊ ရခိုင်ပြည်နယ်သတင်းများနှင့်ပတ်သက်၍ စာပေစိစစ်ရေးသို့တင်ပြပြီး၊ စာပေစိစစ်၏ ညွှန်ကြားချက်များအတိုင်းသာ ဖော်ပြကြရန်ကိုလည်း မီဒီယာများအားပြောကြားခဲ့သည်။

မိုးမြင့်မြတ်-

No comments: