ယခုဆောင်းပါးအစု၏ အရှေ့ပိုင်းတွင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး
လုပ်ငန်းအကြောင်း ရေးခဲ့ပါသည်။ ဧရာဝတီတွင် စီးဆင်းနေသည့် ရေ အရည်အသွေး
ကောင်းရန် ရေစီးရေလာ မှန်ကန်ရန် လိုအပ်သည်ဟု ဆိုရာ၌ မြစ်တွင်း နေထိုင်
ကျက်စားသော ဧရာဝတီလင်းပိုင်များ သက်ရှည် နေထိုင်နိုင်ရန်အတွက်
အလွန်လိုအပ်သော ကိစ္စများ ဖြစ်သည်။
တစ်ဆက်တည်းတွင် ဧရာဝတီလင်းပိုင်သာမက ရေနေ ငါးမျိုးများ မျိုးမတုန်း မျိုးမပြုန်းရေးမှာ ဧရာဝတီ မြစ်ကြီး ကျန်းမာမှသာ ဖြစ်ပေလိမ့်မည်။ ဧရာဝတီလင်းပိုင် အနေဖြင့် ရေကောင်းမှ နေစရာ ရှိမည်။ စားစရာ ငါးရှိမှ အသက်ရှင်နိုင်မည် ဖြစ်သလို ဧရာဝတီမြစ်အတွင်း ရေသတ္တဝါများ ပေါများမှ မြစ်ကြီး ဝန်းကျင်တွင် နေထိုင် ကြသည့် ပြည်သူများ အစားအစာ ရိက္ခာအတွက် အထောက်အကူ ဖြစ်ပေလိမ့်မည်။
ဧရာဝတီတွင် နေထိုင်ကျက်စားသော ဌာနေငှက်များ၊ ဆောင်းကာလတွင် လာရောက်ဆောင်းခိုကြသော ဧည့်သည်ငှက်များသည်လည်း မြစ်ကြောင်း ကောင်းပါမှ စားစရာ ရေမှော်၊ ငါးပုဇွန် ပေါပါမှ ဂေဟစနစ် မပျက် နေထိုင် ပျော်မြူး နိုင်ကြမည်ဖြစ်သည်။ ဧရာဝတီမြစ်ရေ သန့်ပြန့် ချိုကြည်မှ မြစ်ကြောင်းဘေး တစ်လျှောက် နေထိုင်ကြသော ပြည်သူများ သောက်ရေ သုံးရေ စိုက်ပျိုးရေးသုံး ရေကောင်း ရနိုင်မည်ဖြစ်သည်။
ထို့အတွက် ဧရာဝတီမြစ်အတွင်း ငါးမျိုး မပြုန်းတီးရန်၊ ငါးမျိုးပွားများရန် ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငါးဖမ်းဆီးမှု အပိုင်းတွင် စည်းစနစ်တကျ ဖမ်းဆီးကြရန် ဥပဒေများ ချမှတ်ထားသည်။ ငါးပေါများရန်၊ ငါးမျိုးစိတ်များ တိုးပွားရန်၊ မျိုးစိုက်ထည့်မှုများပါ ဆောင်ရွက်လျက်ရှိသည်။ ဤနေရာတွင် ငါးဖမ်းဆီးမှု အပိုင်း၌ ငါးရစ်ငါးသန်အချိန်ကာလ ၃ လခန့်တွင် ငါးမဖမ်းရန် ပိတ်ပင်ခြင်း၊ ငါးဖမ်းနိုင်သော ရာသီတွင်လည်း သတ်မှတ်ထားသော ငါးဖမ်း ပိုက်ကိုသာ သုံးစွဲ၍ ငါးဖမ်းခွင့်ပေးခြင်း၊ မြစ်ကျိုးအင်းများကို စနစ်တကျ ဆောင်ရွက်စေခြင်းများကို ဥပဒေ စည်းမျဉ်းများ ချမှတ် ကန့်သတ် ပေးထားသည် ဖြစ်၏။
တရားမဝင် ငါးဖမ်းဆီးခြင်းများကိုလည်း တားမြစ် အရေးယူလျက် ရှိပေသည်။ ထိုအထဲတွင် ငါးမျိုးပြုန်းတီးမှုကို အဆိုးဆုံး ဖြစ်စေနိုင်သည့် အဆိပ်ချ၍ ငါးဖမ်းခြင်း၊ မိုင်းခွဲ၍ ငါးဖမ်းခြင်း၊ ဘက်ထရီ/လျှပ်စစ် ရှော့တိုက်၍ ငါးဖမ်းခြင်းများကို မပြုလုပ်ရန် ကြေညာတားဆီး အရေးယူလျက်ရှိသည်ဟု ဆိုသည်။
ထိုတားဆီး ပိတ်ပင်ထားသော တရားမဝင် ငါးဖမ်းခြင်းများ၌ နောက်ဆုံးပေါ်လည်းဖြစ် အဆိုးရွားဆုံးလည်း ဖြစ်သော ငါးဖမ်းနည်းမှာ ဘက်ထရီ၊ လျှပ်စစ်ရှော့ တိုက်၍ ငါးဖမ်းခြင်းဖြစ်သည်။ ဘက်ထရီရှော့တိုက် ငါးဖမ်း ခြင်းကို စာရေးသူ စတင်ကြားသိ ခဲ့ရဖူးချိန်မှာ ၂ဝဝ၆ ခုနှစ်ဝန်းကျင်က ဖြစ်ပါ သည်။ စတင်ကြားသိရချိန်က စက်ဘီးဒိုင်နမိုကို အသုံးပြု၍ ရှော့တိုက်သည်အား တွေ့ခဲ့ရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် မော်တော် ယာဉ်သုံး၊ မော်တော်ဆိုင်ကယ်သုံး ဘထ္ထရီအိုးများ အသုံးပြု၍ ရှော့တိုက်ခြင်းများ မြင်တွေ့လာရသည်။
ဘက်ထရီရှော့ဖြင့် ငါးဖမ်းခြင်းများမှာ အလွန်မှ ငါးမျိုးပြုန်းတီးမှု ဖြစ်စေနိုင်သော တရားမဝင် ငါးဖမ်းနည်း ဖြစ်သည်။ ဧရိယာတစ်ခုတွင် ရှော့တိုက်လိုက်ပါက ရှော့ဧရိယာ အတွင်း ရေနေသတ္တဝါ ရေပိုး၊ ရေမွှာ၊ အင်းဆက် အမှုန်အမွှားလေး များမှအစ ရေသတ္တဝါ အကြီးများ ဖြစ်သည့် လိပ်၊ လင်းပိုင်စသည့် သတ္တဝါများအထိ သေဆုံးကြမည်ဖြစ်ရာ ရေနေ သတ္တဝါများ၏ အနေအထိုင် ဂေဟစနစ် တစ်ခုလုံး ပျက်စီးစေသော နည်းလမ်း ဖြစ်ရာ ဆိုးဝါးလှသော ငါးဖမ်းနည်း ဖြစ်ပါသည်။ လုံးဝ အသုံးမပြုသင့်သော ငါးဖမ်းနည်း ဖြစ်သည်။ ထို့အတွက် ငါးလုပ်ငန်း ဦးစီးဌာနက တင်းကျပ်စွာ တားမြစ်ထားသည်။
ဘက်ထရီရှော့တိုက် ငါးဖမ်းသော မသမာသည့် ငါးဖမ်းသူများမှာ ဧရာဝတီမြစ်တွင်သာမက အခြား နေရာများ တွင်ပါ တွေ့လာ ရနေသည်။ စာရေးသူ ခရီးသွားသော လမ်းများ၌ လမ်းဘေးချောင်းငယ်၊ မြောင်းငယ် များတွင်ပါ ရှော့တိုက် ငါးဖမ်းနေကြ သည်အား မြင်တွေ့လာရသည်။ ၂ဝဝ၉-၂ဝ၁ဝ ပြည့်နှစ်များတွင် ရှော့တိုက် ငါးဖမ်းသော လှေများ ဧရာဝတီအတွင်း၌ အများအားဖြင့် ညအချိန်တွင် ခိုး၍ လုပ်ဆောင်ကြသည်အား အများဆုံးတွေ့ရသည်။ တစ်ခါတစ်ရံမှသာ နေခင်း၌ အသွားအလာ ပြတ်လပ်သော နေရာများ၌ ရှော့တိုက်ခြင်း ကျူးလွန်သည့် လှေများကို တစ်စီးချင်း၊ အချို့မှာ နှစ်စီးတွဲ တွေ့ရသည်။ အရေးယူ အဖမ်း အဆီးခံကြရခြင်း များလည်း ကြုံတွေ့ရသည်။ လှေသိမ်း၊ ရှော့တိုက်ပစ္စည်းများနှင့် လူကိုပါဖမ်းဆီးကာ တရားရုံး သို့ ပို့ခဲ့သည်များ အပြစ်ဒဏ်ချခံကြ ရသည်များ တွေ့ခဲ့ဖူးသည်။
ဖမ်းဆီး အပြစ်ပေး၊ ပညာပေး ဆောင်ရွက်ခဲ့မှုများ အားနည်း၍လား၊ ပေးသည့် အပြစ်ဒဏ်များ အားနည်း၍ လား၊ သို့တည်းမဟုတ် အရေးယူ ဖမ်းဆီးနိုင်သည့် အာဏာပိုင် အဖွဲ့အစည်း ပုဂ္ဂိုလ်များ၏ အာဏာစက် လျော့နည်း အားပျော့၍လား သို့တည်း မဟုတ် တရားဝင်မဟုတ်သည့် လာဘ်ပေးလာဘ်ယူမှု ဥပဒေမျက်ကွယ် ပြုမှုများ ကြီးထွားလာ၍လားမသိပေ။ ရှော့တိုက်လှေများ ဧရာဝတီမြစ် အတွင်း ပိုမိုများပြားလာသည်ကို ၂ဝ၁၁ ခုနှင့် ၂ဝ၁၂ ခုအတွင်း စာရေးသူ သွားရောက်ခဲ့သော ဧရာဝတီခရီး၌ ဝမ်းနည်းဖွယ် တွေ့ခဲ့ရသည်။
ဧရာဝတီ တစ်ကြောမှ ဥပဒေနှင့်အညီ ငါးဖမ်း ကြသော ကွန်သမား ပိုက်သမားများ မြစ်ကမ်း ဘေးရှိ ကျေးရွာများမှ ရေလုပ်သားများနှင့် ဆုံတွေ့ ရချိန်၌ ရှော့တိုက်လှေများ မသမာသူ များ၏ သတင်းများ နားမဆံ့အောင် ကြားခဲ့ရသည်။ ထိုရှော့လှေများမှာ စက်အား အလွန်ကောင်းသော အင်ဂျင်များ တပ်ထားပြီး တစ် စီး၊ နှစ်စီး မဟုတ် အစုအဖွဲ့ဖြင့် ရှော့တိုက်လာ ကြကြောင်း၊ ရှော့လှေ သမားများမှာ ဝါး၊ လှံလက်နက်များ ကိုင်ဆောင်ကာ ပြောင်ပြောင် တင်းတင်း သောင်းကျန်းလာကြကြောင်း၊ တားဆီးကြသူများပင် အန္တရာယ် အပြုခံကြရကြောင်း သတင်းပေး ပြောကြားကြပါသည်။
ထို့ထက် ဆိုးဝါးသော သတင်း ကြားရသည်မှာ ဘက်ထရီအိုးဖြင့် ရှော့တိုက်ခြင်း သာမက ယခုအခါများ၌ လျှပ်စစ်မီး အားပေးစက်များပင် သုံး၍ အကြီးအကျယ် ရှော့တိုက်သော မသမာသူများပင် ရှိလာကြောင်းကြား သိခဲ့ရသည်။
၂ဝ၁၂ ခုနှစ် ဧရာဝတီခရီးစဉ် တွင် မိုးတားအနီးတွင် ရှော့လှေ နှစ်စင်း၊ တကောင်း အောက်နားတွင် ရှော့လှေ လေးစင်း တို့ကို နေ့ခင်း၌ ကြုံတွေ့ခဲ့ရာ စာရေးသူတို့ စီးသွားသော ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး မော်တော်ကို မြင်တွေ့ သောအခါ စက်အား ကောင်းကောင်းဖြင့် ရှောင်ထွက်ပြေး သွားကြသည်ကို ကိုယ်တွေ့ ကြုံခဲ့ရပါသည်။ ထိုလှေများမှာ စက်အား ကောင်းလှရာ စာရေးသူတို့ မော်တော် လိုက်၍မမီဘဲ ရှော့လှေမှာ လက်ပြ၍ပင် နှုတ်ဆက် သွားခဲ့သေးသည်။
၂ဝ၁၂ ခုနှစ်၊ ဧပြီ၊ မေလပိုင်း၌ စာရေးသူ၏ မိတ်ဆွေ ဧရာဝတီ မြစ်ကြောင်း၌ မှတ်တမ်းများ ရိုက်ကူး နေသော ပုဂ္ဂိုလ်တစ်ဦး ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာ မင်းကွန်း နှင့် ကျောက်မြောင်းကြား ခရီးသွားခဲ့ရာ အံ့အားသင့်ဖွယ် ရှော့လှေများ ဆုံရပြန်သည်။ ထိန်းသိမ်း နယ်မြေ၏ ဗဟိုကျသော ဧရာဝတီလင်းပိုင်များ အများဆုံးနေထိုင် ပျော်မြူးသော အင်းတောင်၊ မှော်ဦး၊ မြစ်ကမ်းကြီး တစ်ဝိုက်တွင် ရှော့လှေ ၁ဝ စင်းခန့် အစုအဝေးများဖြင့် စုစုပေါင်း အစင်း ၄ဝ ကျော်ကို တွေ့ခဲ့ရကြောင်း ပြောပြခဲ့ပါသည်။
၂ဝ၁၂ ခုနှစ် နှစ်ဦး လင်းပိုင် တွေ့မြင်ရ လွယ်ကူသော ဇန်နဝါရီမှ မေလဆန်းကာလတွင် စာရေးသူသည် မင်းကွန်းနှင့် ကျောက်မြောင်းကြား လင်းပိုင်ထိန်းသိမ်းရေး နယ်မြေသို့ နှစ်ကြိမ်ရောက်ခဲ့သည်။ စာရေးသူ၏ မိတ်ဆွေမှတ်တမ်းရိုက်ကူးသူလည်း နှစ်ကြိမ်ရောက်ခဲ့ရာ တစ်ကြိမ် လေး၊ ငါးရက် နေထိုင်လှည့်လည်ဖြစ်ခဲ့သည် ဟု ဆိုပါသည်။
စာရေးသူတို့သည် ထိန်းသိမ်းရေး နယ်မြေအတွင်းမှ လင်းပိုင်များ၏ အမူအကျင့် အပြောင်းအလဲကို ဆုံကြ ရသည်။ မင်းကွန်းနှင့် ကျောက်မြောင်း ကြားတွင် ကျက်စားသော ဧရာဝတီ လင်းပိုင်များသည် တစ်နေရာ တစ်နေရာ၌ အုပ်စုလေးများ ဖွဲ့၍ နေထိုင်ကြသည်ကို အစဉ်အလာအဖြစ် မြင်တွေ့ခဲ့ရသည်။ အုပ်စုဖွဲ့ပုံမှာ အကောင်ရေ မများပေ။ သုံးကောင်အုပ်စုခန့် အများဆုံးတွေ့ရပြီး တစ်ခါတစ်ရံ တွင်မှ ငါးကောင်၊ ခြောက်ကောင် အုပ်စုကို တွေ့ရတတ်သည်။ တစ်ကောင်ချင်း၊ နှစ်ကောင်တွဲ သင်းကွဲ နေထိုင်သော အလေ့ကိုလည်း မကြာမကြာ တွေ့ခဲ့ကြရသည်။
ယခု ဤသို့မဟုတ် ဆယ်ကောင် ဆယ့်တစ်ကောင် အုပ်စုကြီးအဖြစ် ထူးထူးခြားခြားမြင်တွေ့ခဲ့ရသည်။ ကွန်ပစ်ရေ လုပ်သားများနှင့် တွဲဖက်၍ ငါးဖမ်းသော လင်းပိုင်များ ယခင်က လိုမဟုတ် အခေါ်ရ ခက်လာသည်။ အထူးသဖြင့် စက်တပ်လှေများ၏ စက်နှိုးသံ၊ စက်မောင်းသံများကြားလျှင် လန့်၍ ထွက်ပြေးကြသည်ကို မြင်ကြရသည်။ အကောင်ရေများစွာ အုပ်ဖွဲ့လာကြသော လင်းပိုင်များ စက်သံကို အဘယ်ကြောင့် ကြောက် လာကြသနည်း။
ဘက်ထရီရှော့၊ လျှပ်စစ်အင်ဂျင်ရှော့ဖြင့် ငါးဖမ်းခြင်းသည် ပိုက်သမား ကွန်သမားများ အဖမ်းရခက်သော ငါးကြီးများ မိနိုင်ခြင်း၊ လိုချင်သော ငါးအရွယ်အစားမဟုတ်သည့် ငါး အသေး ငါးငယ်များအပြင် ရေနေ သတ္တဝါ၊ ရေပျော်ငှက်များ၏ အစာ ဖြစ်သော ရေနေဂေဟစနစ်အတွက် အရေးပါသည့် ရေပိုးရေမွှားများ ပျက်စီး ဆုံးရှုံး ရခြင်းများ ဖြစ်ပေါ် စေသည် ဖြစ်ရာ ဧရာဝတီမြစ်ကြီး၏ ရေသတ္တဝါများ အနေအထိုင်ကား ကြီးမားသော အန္တရာယ် ရှိနေပေပြီ။
ဧရာဝတီသာမဟုတ် ဘက်ထရီရှော့ လျှပ်စစ်အင်ဂျင်ရှော့တိုက် ငါးဖမ်းခြင်းကား အခြားမြစ်ကြီးများချောင်း၊ မြောင်း၊ အင်းအိုင်များကိုပါ ခြောက်လှန့်လာသော အန္တရာယ်အဖြစ် ဖြစ်တည်လာရာ ထိရောက်စွာ အရေးယူ ကြဖို့ လိုနေပါသည်။
အရေးယူရာတွင် ငါးလုပ်ငန်း၊ ရေလုပ်ငန်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ ဥပဒေအဖွဲ့အစည်းများ သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောဌာနများ အားလုံး စီမံချက်ချ၍ ဆောင်ရွက် အရေးယူမှ ဖြစ်ပါတော့မည်။ ဥပဒေကို လေးစား လိုက်နာသော ဒေသခံများလည်း အန္တရာယ်ကင်းစွာ ပူးပေါင်းပါဝင်နိုင်ရန် လိုပါသည်။ ကျူးလွန် သူများအား ပြင်းထန်စွာ အပြစ်ပေးမှ ရပါတော့မည်။
စိန်မျိုးမြင့်

No comments:
Post a Comment