by မင်းလူ၏ ၀တ္တုတိုများ on Saturday, August 25, 2012
ကိုရွှေငွေဆုံးသည့်သတင်းကို ကျွန်တော်နယ်ရောက်နေတုန်းကြားရသည်။
သူ့အတွက် အမှန်ပင် စိတ်မကောင်းဖြစ်ရပါသည်။ အဘယ့်ကြောင့်ဆိုသော်
ကိုရွှေငွေသည် ကျွန်တော်၏ မိတ်ဆွေတစ်ဦးဖြစ်သောကြောင့်ပင်။
ကျွန်တော်သည် နယ်မှာရောက်နေသောကြောင့် သူ၏အသုဘကို လိုက်ပို့ရန်သော်
လည်းကောင်း၊ ရက်လည်ဆွမ်းကျွေးသွားရန်သော်လည်းကောင်း
သူ၏ နောက်ဆုံးခရီးတွင် တတ်စွမ်းသမျှကူညီရန်သော်လည်းကောင်း အခွင့်အရေးမရနိုင်တော့ချေ။
သူတို့သည် အတန်အသင့် အခြေအနေကောင်းသူများဖြစ်၍ ငွေကြေးအကူအပံ့အဖြစ်လှမ်းပို့ရန်လည်းမလိုဟု ထင်သည်။ လောလောဆယ်ကျွန်တော်တတ်နိုင်သည်ကား သူ့အကြောင်းပြန်လည်စဉ်းစားကြည့်ခြင်းပင်ဖြစ်သည်။
လွန်ခဲ့သော ငါးနှစ်၊ ခြောက်နှစ်လောက်က ကျွန်တော်ဘွဲ့ရပြီးကာစပဲ ရှိသေးသည်။ အလုပ်အကိုင်ရှာဖွေနေဆဲကာလ ၊ အစပိုင်း တွင် ကိုယ့်ကိုယ်ကို တော်လေး အထင်ကြီးမိသည်။ ငါလျှောက်ရင် ရ ရမယ်ဟု အထင်ရောက်နေ၏။ တစ်ခုပြီးတစ်ခု လျှောက်ရင်း ၀င်ဖြေရင်း မရဖန်များလာတော့မှ ဘာပဲဖြစ်ဖြစ် ရရာအလုပ် ၀င်လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ဒါကိုက ကျွန်တော်မှာ ဘ၀င်ကလေးနည်းနည်း ကျန်သေးကြောင်းသိသာသည်။ ရရအလုပ်ဆိုပြီး ကျွန်တော်ကပဲ တဆင့်လျှော့ချပေးရသလို သဘောမျိုးဖြစ်နေသည်မဟုတ်လား၊ ကျွန်တော်ဘက်ကဒီလောက်လိုက်လျောခဲ့တာတောင် ကျောင်းကထွက်ပြီး တစ်နှစ်နီးပါးကြာမှ အလုပ်ရသည်။ ရုံးတစ်ရုံးမှာလုပ်အားပေး။
ဒီနေရာတွင် ကိုရွှေငွေ၏ အခန်းကဏ္ဍပါဝင်လာ၏။
တစ်နေ့တွင် ကိုထွေးသို့အိမ်သို့ ကျွန်တော်ရောက်သွားသည် ကိုထွေးက ကျွန်တော့်ဦးလေးတော်သည်။ ကိုထွေးအိမ်မှာ ကိုရွှေငွေကို တွေ့ရ၏။ ကိုထွေးမိတ်ဆက်ပေးသဖြင့် ကိုရွှေငွေနှင့်သိရခြင်းဖြစ်သည်။
စကားပြောကြရင်း ကိုထွေးက မင်းဘာတွေ လျှောက်ထားသေးလဲဟု အလုပ်ကိစ္စမေးသည်။ ကျွန်တော်က လျှောက်သမျှ ပြောသမျှ အလုပ်တွေ တစ်ခုမှ ဟန်မကျကြောင်း ခပ်ညည်းညည်းပြန်ပြောလိုက်သည်။
”ကိုရွှေငွေရေ အသိအကျွမ်းလေးများရှိရင် ဒီကောင့်အလုပ်ကိစ္စလေးကြည့်လုပ်ပေးပါဦး၊ ခင်ဗျားကပေါက်ရောက်တတ်ပါတယ်”
ကိုထွေးက အကူအညီတောင်းသည်။ ကိုရွှေငွေက ကျွန်တော်ကြိုးစားကြည့်ဦးမယ်ဟု ပြန်ပြောသည်။ တဆက်တည်း……
“တစ်ခုတော့ရှိတယ်။ စကေးတော့ ၀င်ချင်မှ ၀င်မယ်နော်။နေ့စားက စ၀င်ချင်ဝင်ရမှာ။ ရှေ့တက်လမ်းကောင်းရင် ပြီးတာပဲမဟုတ်လား။ ခင်ဗျားက ဘွဲ့ရပြီးသားဆိုတော့ နေ့စားဆိုရင်လုပ်ချင်ပါ့မလားလို့”
“ဟာ… ဘာပဲဖြစ်ဖြစ်လုပ်မှာပါ”ဟု ကျွန်တော်ပြန်ဖြေလိုက်သည်။ ကိုရွှေငွေပြောနေပုံက သူကိုယ်တိုင်ပင် ကျွန်တော်ကို အလုပ်ခန့်တော့မလို၊ ပိုင်ပိုင်နိုင်နိုင်ရှိလှ၏။
ဟုတ်လည်းဟုတ်သည်။ နောက်နှစ်လ၊ သုံးလအကြာတွင် ကျွန်တော်အလုပ်ရလေသည်။ လုပ်အားပေးနေ့စားပင်ဖြစ်သည်။ ကျွန်တော်တို့ဌာနအတွက် လိုအပ်သောပစ္စည်းများကို ကိုရွှေငွေက တင်ဒါသွင်းလေ့ရှိသဖြင့် ဌာနအကြီးအကဲနှင့် သူ ခင်မင်နေသည်။ ထို့ကြောင့်ကျွန်တော်အတွက်ေ ပြာပေးနိုင်ခဲ့ခြင်းဖြစ်။
ကျွန်တော်ကလည်း အလုပ်ကို ကြိုးစားလုပ်ခဲ့ရာမကြာမီမှာပင် နေ့စားမှ လခစား စာရေးဝန်ထမ်းဖြစ်လာသည်။ ဌာန အကြီးအကဲက သဘောကျပြီး သူ့အခန်းထဲခေါ်ထားသည်အထိ ဖြစ်လာ၏။ အလုပ်ဝင်ပြီး သုံးနှစ်ခန့်အကြာတွင် သုံးရာ့နှစ်ဆယ်စကေးရာထူးအတွက် ရုံးတွင်းစာမေးပွဲကျင်းပသောအခါ ကျွန်တော်သည် လုပ်သက်အားဖြင့်နုသေးသော်လည်း ပညာအရည်အချင်းသာခြင်း၊ လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်း၊ စာမေးပွဲတွင် အမှတ်အများဆုံးရရှိခြင်းတို့ကြောင့် ထိုရာထူးကို ရရှိခဲ့လေသည်။
ကျွန်တော်အလုပ်ဝင်ကာစတုန်းက ထင်ခဲ့သည်။ ကိုရွှေငွေ ကျွန်တော်ကို အလုပ်သွင်းပေးခဲ့ခြင်းမှာ ကျွန်တော်အား သူ့အကျိုးအတွက်တစ်စုံတစ်ရာ အသုံးချလို၍ဖြစ်သည်ဟူ၍။
သူ့လုပ်ငန်းနှင့်ပတ်သက်နေသောရုံးဌာနတစ်ခုတွင် သူ့အတွက်အတွင်းလူတစ်ယောက်ရှိသင့်သည် မဟုတ်လား။ သူ့ကျေးဇူးနှင့် မကင်းရာမကင်းကြောင်းဖြစ်နေသဖြင့် သူ့အတွက်ဆိုလျှင် ကျွန်တော်က ဆောင်ရွက်ပေးရတော့မည်မဟုတ်လား။
ကျွန်တော်ဌာနအကြီးအကဲ၏ ယုံကြည်ခြင်းခံရသူဖြစ်လာသည်ကပင် သူ့လက်ချက်လေလားဟု ထင်မှတ်စရာရှိခဲံသည်။
ထိုသို့မဟုတ်ချေ။ သူသည် ကျွန်တော်ကို ဘာမျှအကူအညီမတောင်းခဲ့။ အသုံးမချခဲ့။ တကယ်တော့လည်း ကျွန်တော်တို့ ဌာနအကြီးအကဲသည် ကိုရွှေငွေနှင့် ပုဂ္ဂိုလ်ရေးအရ ခင်မင်ခဲ့ခြင်းသာဖြစ်သည်။ အလုပ်နှင့်ပတ်သက်လျှင်တော့ စည်းကမ်းအတိုင်း တိတိကျကျလုပ်တတ်သည်။
ကျွန်တော်တို့ဌာနမှ တင်ဒါအများအပြားကို ကိုရွှေငွေရခဲ့ခြင်းမှာလည်း စည်းကမ်းနှင့် ညီညွတ်၍သာဖြစ်ကြောင်းသိရ၏။ သူသည် ဈေးနှုန်းအနည်းဆုံးနှင့် အရည်အသေွးစံချိန်မီသော ပစ္စည်းတွေကို ပေးသွင်းတတ်သည်။ လုပ်ငန်းကျွမ်းကျင်နှံ့စပ်မှုကြောင့်လည်းကောင်း၊ အချို့လုပ်ငန်းရှင်များလို အမြတ်များများလိုချင်ပြီး ပစ္စည်းညံ့ညံ့ပေးလိုသော ၀ိသမ စိတ်ထား ကင်းစင်၍လည်းကောင်း ပေါင်းသင်းဆက်ဆံရေးကောင်းသောကြောင့်လည်းကောင် သူအောင်မြင်ခြင်းဖြစ်သည်။
နောက်ပိုင်းတွင်ကိုထွေးပြောပြသဖြင့် သူ့အကြောင်းထပ်မံသိခဲ့ရသည်။ ကျွန်တော်နှင့် ရင်းနှီးလာသောအခါတွင်လည်း ပို၍သိလာရ၏။
ကိုရွှေငွေသည် လူတော်တစ်ယောက်ဖြစ်သည်။ စိတ်ကောင်းလည်းရှိ၏။ စီးပွါးရေးအရအောင်မြင်ပြီးအခြေအနေကောင်းသူတစ်ယောက်ဖြစ်သော်လည်း ခပ်ရိုးရိုးကုပ်ကုပ်ပင်နေတတ်သည်။ မာန်မာနမရှိ။ ကျွန်တော်ကိုလည်း သူအလုပ်သွင်းပေးထားရသူတစ်ယောက် သူ့ကျေးဇူးရှိခဲ့ဖူးသူတစ်ယောက်အဖြစ် မဆက်ဆံ။ သူနှင့်အဆင့်တူ မိတ်ဆွေတစ်ယောက်လို တတန်းတည်းထားသည်။
သူသည် သူတစ်ဘက်သားကိုလည်း ကူညီတတ်၏။
ကျွန်တော်အလုပ်ကိစ္စတုန်းက ကူညီခဲ့သည်မှာ ကျွန်တော်ကိုယ်တွေ့။ ကျွန်တော်မင်္ဂလာဆောင်တွင်လည်း အားတက်သရောကူညီပြီး ငွေနှစ်ရာလက်ဖွဲ့၏။ ကိုထွေးကိုလည်း သူအကူအညီတွေပေးသည်။
ကိုထွေးက အိမ်တင်းစက်မှုလုပ်ငန်းကလေးတစ်ခု လုပ်ချင်သည်။ ကိုရွှေငွေသည် သူ့အဆက်အသွယ်ဖြင့် ပလပ်စတစ်ဘီးလုပ်သည့်စက်ကလေးတစ်လုံးတည်ထောင်နိုင်အောင်စီစဉ်ပေးသည်။ လိုအပ်သော ငွေအချို့ကိုလည်း ထုတ်ချေးခဲ့သည်။ လုပ်ငန်းအခြေတကျဖြစ်သည်အထိ ဖေးဖေးမမ ကူညီသွား၏။
ကိုရွှေငွေသည် လူတစ်ယောက်သာဖြစ်သည့်အတွက် ချွတ်ယွင်းချက် တစ်ခုစ နှစ်ခုစတော့ရှိသည်ပင်ဖြစ်သည်။
တစ်ခုက သူ့မိန်းမကို ကြောက်ရခြင်းဖြစ်သည်။ တကယ်ဆိုလျှင်သူ့မိန်းမမလုံးတင်သည် အလိုလိုက်အရေးပေးပြီး ဖူးဖူးမှုတ်ထားရလောက်အောင် လှပသည် မဟုတ်ချေ။ ပြီးတော့လည်း ရုပ်က နည်းနည်းကြမ်းသည်ဟု ဆိုရမည်။ ပိုက်ဆံရှိတာမရှိတာနှင့်မဆိုင်။ တချို့ဆင်းရဲသော်လည်း ရုပ်သန့်တာတွေအများကြီရှိသည်။ အလုံးတင်ကတော့ မျက်နှာထားတော်တော်ဆိုး၏၊ ဒါကြီးက ငယ်နိုင်ဖြစ်သောကြောင့် ကိုရွှေငွေကို ချုပ်ကိုင်ထားနိုင်ခြင်းဖြစ်ပေလိမ့်မည်။
မလုံတင်သည် ကိုရွှေငွေအပေါ်သြဇာညောင်းသည်နှင့်အညီငွေရေးကြေးရေးကိစ္စများတွင်လည်း ခြယ်လှယ်နိုင်ခွင့်ရထားလေသည်။ ကိုရွှေငွေက ရသမျှ သူ့ကို အပ်ရသည်။ သုံးစွဲစရာရှိလျှင်လည်း စာရင်းတင်ပြရသည်။ မလုံးတင်က ကိုရွှေငွေ မိတ်ဆွေများအား ကူညီခြင်းကို သိပ်မကြိုက်။ သူတို့အိမ်သို့ နှစ်ခေါက်သုံးခေါက်သွားလည်ဖူးသဖြင့် သိရခြင်းဖြစ်သည်။
ပထမဆုံးတစ်ခေါက် သွားကတည်းက သူ့အကြောင်းသိရသည်။ ကိုရွှေငွေက ဖော်ရွေစွာဆီးကြိုသော်လည်း သူကတော့ ပျူပျူငှာငှာမရှိ။ ထိုင်ပါဟူ၍သာ ခပ်တန်းတန်းလေသံဖြင့်ပြော၏။ ကိုရွှေငွေက ကျွန်တော် တို့နှင့် မိတ်ဆက်ပေးသောအခါမှာလည်း သူ့ပြောပုံဆိုပုံက အထက်စီးဆန်သည်။ ကျွန်တော် တို့ကို ဆက်ဆံပုံ၊ကြည့်ပုံ ရှုပုံကလည်း သူတို့အပေါ်မှီခိုကပ်ရပ်စားသောက်နေရသူများဟူသော သဘောမျိုးနှင့်။
နောက်ပိုင်းအခေါက်များတွင် တစ်ခါတစ်ရံ ကျွန်တော်တို့ ရှေ့မှာပင် ကိုရွှေငွေကို မြည်တွန်တောက်တီးနေတာမျိုးကြုံခဲ့ရသည်။ ကိုယ့်ယောက်ျားကို ဧည့်သည်တွေရှေ့မှာ အပြစ်ပြောတာမျိုးမလုပ်သင့်ဟု ကျွန်တော်ထင်သည်။
နောက်ဆုံးတစ်ခေါက်တွင် မလုံးတင်ပြောလိုက်သောစကားတွေက တော်တော်ဆိုးသည်။
“လူတွေကလည်းတော်တော်ခက်ပါတယ်ရှင်။ မြင်လိုက်တာနဲ့ပိုက်ဆံချေးတော့တာပဲသူတို့စိတ်ထဲမှာကျွန်မတို့ကို ငွေတွင်းရှိတယ်များမှတ်နေသလားမသိဘူး။ ဟိုဟာလေး ကူညီပါဦးဒီဟာလေးလုပ်ပေးပါဦးဆိုတာက ရှိသေးတယ်။ အိမ်ကလူကလည်း သူများအကျိုးဆောင်ဖို့မွေးလာသလားမသိပါဘူး ”
သူကတော့ ကိုရွှေငွေကို အပြစ်တင်နေခြင်းဖြစ်သည်။
သို့ရာတွင် ကိုရွှေငွေထံမှ ငွေချေဖူးသော၊ အကူအညီယူဖူးသော ကိုထွေးနှင့် ကျွန်တော်တို့ရှေ့တွင် ခုလိုပြောလိုက်ခြင်းကတော့ စောင်းပြောတာမဟုတ်လျှင် တည့်တည့်ပြောတာသာ ဖြစ်ရပေမည်။
ကိုရွှေငွေက ကျွန်တော်တို့ကို အားနာဟန်ပြသည်။
“မင်းကလည်းကွယ် လူတိုင်းဒီလိုမဟုတ်ပါဘူး၊ငါတို့အပေါ်အများကြီးကူညီနေတဲ့ လူတွေလည်း ရှိပါသေးတယ် ”ဟု လေအေးကလေးဖြင့် စကားဖြေပြောသည်။
ကျွန်တော်တို့ကတော့ သူတို့အိမ်ကို နောက်မသွားတော့ချေ။ ကိုရွှေငွေနှင့်ကား အဆက်အဆံမပျက်။ သူကလည်း အရင်ကလိုပင် ကိုထွေးအိမ်မကြာခဏလာသည်။ ကျွန်တော့်အိမ်သို့လည်း တစ်ခါတစ်ရံလာသည်။
ကျွန်တော်သည် နယ်သို့အလုပ်ပြောင်းရသည်။ ကျွန်တော်နယ်ရောက်ပြီး နှစ်နှစ်နီးပါးအကြာတွင် ကိုရွှေငွေဆုံးသည်။ ကိုရွှေငွေဆုံးသောအခါ ကျွန်တော်အတော်စိတ်မကောင်းဖြစ်ရသည်။။ ကိုရွှေငွေမရှိသည့်နောက်ပိုင်း မလုံးတင်နှင့် ပတ်သက်စရာ မလိုတော့ဟူ၍လည်း ထင်မှတ်ခဲ့သည်။
ကိုရွှေငွေ ဆုံးပြီး သုံးလေးလအကြာတွင် ကျွန်တော်ရန်ကုန်သို့ ပြန်ပြောင်းရသည်။ မလုံးတင်နှင့် မျက်နှာချင်း မဆိုင်လှချင်သော်လည်း ကိုရွှေငွေမျက်နှာကြောင့် သတင်းမေးဖို့ တစ်ခေါက်တော့ သွားရပေဦးမည်။သူတို့အိမ်သို့မသွားခင် ကိုထွေးဆီသို့ အရင်ရောက်သွားသည်။ ကိုထွေးပြောပြသဖြင့် ကိုရွှေငွေသည် ရုတ်တရက် နှလုံးသွေးရပ်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။
“အေးဗျာ စိတ်မကောင်းစရာဘဲ။ ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်သတင်းတော့သွားမေးရဦးမှာပဲ ”
ကိုထွေး ပြုံးပြီး “သွားရင် မလုံးတင်က မင်းကို ဒိုင်ယာရီစာအုပ်ထုတ်ပြလိမ့်မယ် ”
ကျွန်တော်နားမလည်သဖြင့် “ဘာဒိုင်ယာရီလဲဗျ ”
“ကိုရွှေငွေရဲ့စာရင်းတွေမှတ်ထားတဲ့ ဒိုင်ယာရီလေ ”
“အဲဒါဘာဖြစ်လို့လဲ ”
“ဒီလိုကွာ အဲဒီစာအုပ်ခဲမှာ ကိုရွှေငွေဆီက ငွေချေးထားတဲ့လူတွေစာရင်းပါတယ်။ အဲဒီစာရင်းထဲမှာငါ့နာမည်လည်းပါတယ် ၊ သုံးထောင်ချေးထားတယ်လို့မှတ်ထားတယ်”
“ဟုတ်လား ကိုထွေးက ချေးထားတာလား”
“ငါသူ့ဆီက ပိုက်ဆံချေးထားဖူးတာတော့ အမှန်ပဲ။ ကြာပါပြီ။ ဘီးစက်စလုပ်ကာစက ခြောက်ထောင်၊ ကုန်ကြမ်းဝယ်ဖို့ အရေးတကြီးလိုတုန်းက နှစ်ထောင် အကုန်ပြန်ပေးပြီးပြီ”
“ဒါဖြင့် ဒီ သုံးထောင်က”
“အဲဒါပြောတာပေါ့ ငါချေးတာ သုံးထောင်တစ်ခါမှ မရှိဘူး ပြီးတော့ စာရင် ထဲမှာပါတဲ့ နေ့စွဲက ကိုရွှေငွေမဆုံးခင်တစ်လလောက် လုံးဝ မဖြစ်နိုင်ဘူး၊ အဲဒီင်္အချိန်က ငါ့မှာ ငွေပိုငွေလျှံကလေးတောင် နည်းနည်းပါးပါး ရှိနေတာပဲ”
“မလုံးတင်ကများ အကြံအဖန်လုပ်ပြီးစာရင်းပြတာလား”
“မဟုတ်ဘူးကွ၊ စာရင်းက ကိုရွှေငွေလက်ရေးပဲ ငါသိတယ်”
“ဒါဖြင့်”
“အစကတော့ ငါလည်းမစဉ်းစားတတ်ဘူး၊ နောက်မှ ဖြစ်နိုင်တာကို သွားတွေးမိတယ်။ ဘာလဲဆိုတော့ ကိုရွှေငွေက မလုံးတင်ကို ငယ်မယားမို့လို့သာ ပေါင်းနေရတာမင်းလဲသိတဲ့အတိုင်းပဲ။ အဲဒီမိန်းမက ကိုရွှေငွေအပေါ်သာယာအောင်မှ မထားတာပဲ၊ ဒီတော့ ကိုရွှေငွေအပြင်မှာ သာယာမှုရှာတာပေါ့။ အဲဒီလိုနဲ့ ကိုရွှေငွေဟာ ကောင်မလေးတစ်ယောက်ကို တိတ်တိတ်ပုန်းယူထားတယ်”
“ဗျာ ကျွန်တော်တောင်မသိဘူး”
“အေး ဒီကိစ္စကို ငါနဲ့သူနဲ့ နှစ်ယောက်ပဲသိတယ်။ အတည်တကျတရားဝင်ယူထားတာတော့ မဟုတ်ဘူး။ စရိတ်ကလေးဘာလေးထောက်ပံ့ ကီပင် ပေါ့ကွာ”
“ဒါနဲ့ ကိုရွှေငွေက ရသမျှငွေကို စာရင်းနဲ့တကွ မလုံးတင်ကို အပ်ရတယ်ဆို ဟိုကောင်မလေးကို ဘယ်ကငွေနဲ့ပေးမလဲ”
“စာရင်းလိမ်တာပေါ့ကွာ။ ကုန်ကြမ်းကို ဈေးနည်းနည်း တင်ပြီးစာရင်းပြမယ်ကွာ။ တချို့ဝင်ငွေတွေကို လျှိုထားမယ်ကွာ။ ဒါပေမယ့် စာရင်းက သိပ်များများလိမ်လို့မရဘူးကွ။ မလုံးတင်ကလည်း စေ့စေ့စပ်စပ်ရှိတယ်မဟုတ်လား။ အလွန်ဆုံးလေးငါးရာပဲ လိမ်လို့ရမယ်။ အဲဒီမှာပြဿနာဖြစ်တာပဲ၊ တစ်ခါတစ်လေကျတော့ သူ့ကောင်မလေးအတွက် တစ်ထောင်မျိုး နှစ်ထောင်မျိုးလုံးကနဲ ပေးဖို့လိုလာရော ငါ့ဆီကတောင် တစ်ခါနှစ်ခါ လာဆွဲသွားသေးတယ်။ သိပ်တော့မကြာဘူး။ ဆယ့်ငါးရက် တစ်လဆို ပြန်ပေးတာပဲ”
ကိုရွှေငွေလိုလူမျိုးက ကိုထွေးလို လူမျိုးဆီက ငွေပြန်ချေးရသည်မှာ ရယ်စရာကောင်းနေသဖြင့် ကျွန်တော်ပြုံးလိုက်မိသည်။
“အေးကွာ… ရယ်စရာတော့ကောင်းတယ်။ အဲဒီလိုပေါ့ကွာ။ ငါတွက်လို့ရတာက တစ်ခါတော့ ကိုရွှေငွေ ကောင်းမလေးပေးဖို့ ငွေအရေးတကြီးလိုလာမယ်။ သုံးထောင်လောက်ဆိုတော့ ငါ့ဆီက ဆွဲရမှာလည်း အားနာမယ်။ တခြားကလည်း ရုတ်တရက်ရှာလို့မလွယ်ဘူး။ ဒီတော့ ဘာလုပ်မလဲ။ ငါ့နာမည်ကို သုံးပြီး ငါ့ကို ချေးထားတဲ့အနေနဲ့ မလုံးတင်ကို စာရင်းပြမယ်။ မလုံးတင် ဆူတာပူတာတော့နည်းနည်းပါးပါး ခံရမှာပေါ့။ သူ့စိတ်ကူးက နောက်ပိုင်းသူအကြံအဖန်လုပ်လို့ရတဲ့အခါကျမှ ပြန်ဆပ်တဲ့သဘောမျိုးနဲ့ အဲဒီငွေကို ပြန်ဖြည့်သွားမယ်ပေါ့။ ဒါပေမယ့် ဒီငွေ ပြန်မဖြည့်နိုင်ခင် သူရုတ်တရက်ဆုံးသွားတော့ စာရင်းထဲမှာငါ့နာမည်ကြီးအဖတ်တင်ကျန်ခဲ့တာပေါ့ကွာ”
“ဒီတော့ ကိုထွေးဘာလုပ်သလဲ”
“ငါလား၊ ငွေသုံးထောင် မလုံးတင်ကို သွားပေးလိုက်ရတာပေါ့”
“ဟင် ကိုထွေးကလည်း တကယ်မချေးပဲနဲ့”
“ဘယ်တတ်နိုင်မလဲကွ… ငါမချေးပါဘူးလို့ ပြောရင် ဘယ်ယုံမလဲ ။ အမှန်အတိုင်းပြောပြဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး။ ကောင်မလေးကိစ္စကို မလုံးတင် လုံးဝသိတာမှ မဟုတ်ဘဲ။ ခုချိန်ကျမှတော့သေသွားတဲ့လူကို သိက္ခာကျအောင် ထပ်လုပ်လို့ ဘယ်ကောင်းမလဲ။ ကိုရွှေငွေဆိုတာ ငါ့အပေါ်အများကြီးကူညီခဲ့တဲ့လူပဲ ကျေးဇူးဆပ်တဲ့အနေနဲ့ ငါပြန်ကူညီရမယ် မဟုတ်လား”
“အဲဒီငွေသုံးထောင်ကို ကိုထွေးဘယ်လိုရှာသလဲ ပြောပါဦး”
“ဟ ဒီလောက်ငွေကို ငါတခြားမှာဘယ်ရှာနိုင်မလဲ ငါ့မိန်းမဆီက ယူရတာပေါ့”
“ဟင်… ဒီလိုဆို”
“အေးပေါ့၊ ငါ့မိန်းမကိုလည်း အမှန်အတိုင်းပြောလို့ဘယ်ဖြစ်မလဲ၊ ဘာမှ အကြောင်းမပြပြန်ရင်လည်း ငါ့အပေါ်သင်္ကာမကင်းဖြစ်မယ်။ ငါလည်း ငါ့မိန်းမကို ပိုက်ဆံအကုန်အပ်နေတာမင်းသိသားပဲ”
“ဒီတော့ ဘယ်လိုအကြောင်းပြ”
“လွယ်လွယ်လေးပါကွာ။ ကိုရွှေငွေနည်းကိုပဲ ပြန်သုံးတာပေါ့။ မိတ်ဆွေတစ်ယောက်က အရေးတကြီးငွေလိုလို့ ချေးလိုက်ရတယ်လို့ပြောရတာ့ပေါ့။ နောက်မှ ငါ့အသုံးစရိတ်ထဲက တဖြည်းဖြည်း ပြန်ဖြည့်ရမှာပဲ။ လောလောဆယ်တော့ တစ်ယာက်ယောက်နာမည်ကို အလွဲသုံးစားလုပ်ထားရတာပေါ့ကွာ”
“ဘယ်သူ့နာမည်ပြောထားလဲ”
“မင်းနာမည်”
“ဗျာ…ဟာ ကိုထွေးကလည်း”
“မင်းနစ်နာစရာမရှိပါဘူးကွာ”
“ဘာ… ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့၊ ကိုရွှေငွေစာရင်းထဲမှာ မင်းနာမည်လည်း ပါတယ်လေ။ မင်းက နှစ်ထောင်ချေးထားတယ်တဲ့။ မင်းအပေါ်မှာလည်း ကိုရွှေငွေကျေးဇူးတွေရှိနေတော့ ဒီငွေကို မင်းလဲပေးရမှာပဲ။ အဲဒီအခါ မင်းမိန်းမဆီက ပိုက်ဆံတောင်းရင် ငါ့နာမည်ကို ပြန်ပြီးအလွဲသုံးစားလုပ်လိုက်ပေါ့။ ကျေရောမဟုတ်လား။”
မင်းလူ
(သဘင်၊ နိုဝင်ဘာ၊ ၁၉၈၃)
No comments:
Post a Comment