Sunday, August 26, 2012

ခက်တာပဲ




ဒီနေ့မနက်တော့ မနေ့ကလောက် အိပ်ရာထမစောပေမယ့် အရင့်အရင်နေ့တွေကထက်တော့ စောနေပါသေးတယ်။

နံနက် ၅း၁၂ နာရီ….။ ဘလော့ဂ်တွေ ရေးလေ့ရှိတဲ့ ဘလော့ဂါတစ်ယောက်ဟာ သူရေးတဲ့ စာကို လူဘယ်နှစ်ယောက်ဖတ်နေသလဲဆိုတာထက် သူ့ကို လူဘယ်နှစ်ယောက် ဆဲသွားသလဲ ဆိုတာကို စိတ်ဝင်စားတတ်ပါသတဲ့။ ဟိုတစ်နေ့က သူ့ရဲ့ စီဘောက်စ်ထဲမှာ ရေးသွားတဲ့ မိတ်ဆွေတစ် ယောက်က သူ့ကို ခပ်စပ်စပ်လေးလုပ်လိုက်သလို “သဘောပါရဲ့လားဟေ့” လို့ သူ့ကိုယ်သူပဲ မေးလိုက် ပါတော့တယ်။

“သဘောပါရဲ့လား” ဆိုတဲ့ စကားကို သူက ရင်းနှီးနေတာ ကြာပါပြီ။ မိုးကုတ်ဆရာတော် ကြီးရဲ့လက်သုံးစကားပါ။ငယ်ငယ်ကိုရင်ဘ၀ထဲက ဆရာဘုန်းတော်ကြီးက ပရိယတ်စာပေပို့ချမှုကနေ ပဋိပတ် နယ်ကို ကူးပြောင်းသွားတဲ့အခါ မိုးကုတ်ဝိပဿနာဆိုတဲ့ စကားလုံးတွေ သူတို့နေတဲ့ ကျောင်းလေးထဲ ရောက်လာပါတော့တယ်။

ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲဆိုတာမျိုး ဖြစ်လာတာ တွေ့လာရပါတယ်။ အရင်တုန်းက စာချနေတဲ့ ဆရာဘုန်းကြီးဟာ အလွန်ကြည်ညိုစရာကောင်းပါတယ်။ (ဘာပဲဖြစ်ဖြစ် အခုလည်း ကြည်ညိုဆဲပါပဲ ဆရာ)၊

လောက ဓမ္မ နှစ်ဌာနကို မျှမျှတတ ယူဆတတ် ဆုံးမတတ်ပါတယ်။ အစွဲအလမ်းကင်းစွာလည်း ဘုန်းတော်ကြီးရဲ့ တရားဟောဓမ္မာသနပလ္လင်တော်မှာ ဂိုဏ်းဂဏမရွေး၊ ရိပ်သာမရွေး၊ နည်းလမ်းမရွေး တရားဟောဆရာတွေ ဟောပြောခွင့်ပေးခဲ့ဖူးပါတယ်။

အင်း… ခက်တာက ပိုပိုမြင့်မားသွားရမယ့် ၀ိပဿနာကို ခံယူကျင့်သုံးလိုက်ခါမှ အစွဲအလမ်းက ပိုကြီးသွားပါတော့တယ်။
“ မိုးကုတ်တရားမှ အားမထုတ်ဖူးရင် အမျိုးပြုတ်ဖို့ မလွယ်ဘူး” ဆိုတဲ့ အပြောမျိုးတွေ ပြောပါ တော့တယ်။

ဒီနေရာမှာ အမျိုးပြုတ်ဆိုတာ လူဝင်မှုကြီးကြပ်ရေးရုံးမှာ အရင့်အရင်တုန်းက “မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်” နဲ့ မဆိုင်ကြောင်း သတိပြုစေလိုပါတယ်။။ ဒီနေရာမှာ အမျိုးဆိုတာက ဥပါဒါနပစ္စယာ ဘဝေါ ထဲက အမျိုးကို ပြောတာပါ။ ဆရာဘုန်းတော်ကြီးက စာချကောင်းမို့ အပြောလည်းကောင်းပါတယ်၊ ဒါပေမယ် ခက်တာက “မိုးကုတ်ဝိပဿနာ”ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ပြီးချိန်မှာ ဆရာဘုန်းတော်ကြီးရဲ့ ကျောင်းနံရံတွေမှာ အခြားအခြားသော ဓမ္မကထိက အကျော်အမော်တွေရဲ့ တရားသံတွေ ပဲ့တင်ထပ်ခွင့် မရှိတော့ပါဘူး။

မိုးကုတ်ဆရာတော်ကြီးဆိုတာက မြန်မာနိုင်ငံမှာ လယ်တီဆရာတော်ကြီးနောက်ပိုင်း ဗုဒ္ဓအရှင်မြတ်ရဲ့ တရားတော်တွေကို မိခင်ဘာသာစကားနဲ့ ဟောတဲ့ပြောတဲ့နေရာမှာ ရှင်းလင်းလွယ်ကူ ထိမိလွန်းလို့ လူကြိုက်များခဲ့သလို လိုက်နာပွားသူတွေလည်း များခဲ့ပါတယ်။ ယဉ်ကျေးလိမ္မာတဲ့ တာဝန်သိတတ်တဲ့ ရိုးသားချင်တဲ့ ရိုးသားခွင့်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းတည်ထောင်ရေးမှာ များစွာ အထောက်အကူပြုနိုင်ခဲ့ပါတယ်။

မိုးကုတ်ဆရာတော်ကြီးကတော့ ကရုဏာကြီးစွာ သံသရာအပူတွေထဲ လောကီဝဲတွေထဲ မြဲမြဲမြံမြံ ဟန်မကျဖြစ်နေတဲ့ ဝေနေယျတွေကို အစွဲဖြုတ်ခဲ့ရှာပါတယ်။ အစွဲအလမ်းတွေ ကင်းကြ။ ဉာဏ်တွေ ရှင်းကြ၊ အမြင်တွေလင်းကြ၊ ဒါပေမယ့် ခက်တာက ဆရာတော်ကြီးခမျာ ခုနောက်ပိုင်း မြင်ကွင်းကိုတော့သာဓု ခေါ်နိုင်ဖွယ်မမြင်ဘူး ။ တံဆိပ်တပ် ခံလိုက်ရရှာပါတယ်။ မိုးကုတ်ယောဂီ မဟာစည်နဲ့ ဝေးပြီ။

သူကတော့ မဟာစည်ဆရာတော်ကြီးကိုလည်း ကြည်ညိုခွင့်ရခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံရဲ့သာသနာသမိုင်းမှာ စွဲစွဲမြဲမြဲ ထင်ကျန်နေတော့မယ့် ဆဋ္ဌသံဂါယနာပွဲတော်ကြီးမှာ မဟာစည်အမေး မင်းကွန်းအဖြေဆိုပြီး ရဲရဲတောက်ခဲ့တဲ့ ပိဋကတ်သူရဲကောင်းကြီးအဖြစ် ကိုရင်လေးဘ၀မှာကတည်းက လေးစားကြည်ညိုခဲ့ရ။ မဟာစည်ဆရာတော်ကြီးလို မင်းကွန်းဆရာတော်ကြီးလို မိန့်မိန့်ကြီးထိုင်ပြီး တရားစာတွေ ရွတ်ချင် ဖတ်ချင်စိတ် လွန်ကဲခဲ့ဖူးတာကလား။

သာသနာ့တက္ကသိုလ် နောက်ဆုံးနှစ်မှာတော့ “လေးနှစ်တာပရိယတ္တိစာပေနှင့် ခေတ်ပညာကို သင်ယူပြီးမြောက်ကာ သာသနာပြုကြရမည့် တက္ကသိုလ်ကျောင်းတော်သား ရဟန်းတော်များသည် ပဋိပတ်ကို နည်းရသည်အထိ အားထုတ်ရမည်” ဆိုတဲ့အသံကို ကြားလိုက်ရတာပါ။ ဒီလိုနဲ့ မဟာစည်ကမ္မဌာန်း နည်းပြဆရာတွေ တက္ကသိုလ် ဘွဲ့နှင်းဓမ္မာရုံထဲ ရောက်လာပါတော့တယ်။ နာခဲ့ ကျင့်ခဲ့ နည်းယူခဲ့ဖူးပါရဲ့။ သတိပဋ္ဌာန် နည်းအမှန်ကို ညွှန်ကြား ပြသကြတဲ့ ထိုထို ကမ္မဌာနာစရိယအပေါင်းကို ဦးခိုက်လိုက်ပါရဲ့။

ဒါပေမယ့် အင်း… ဒါပေမယ့်ပါပဲ…..။ မဟာစည်ဆရာ အချို့ခမျာလည်း မဟာစည်ဆရာတော်ကြီးရဲ့ ရည်မှန်းချက်တွေကို ထမ်းမထားနိုင်တာမျိုး တွေ့လာရပြန်ပါတယ်၊ သတိပဋ္ဌာန်သုတ်တော်ကြီးကို လည်ချောင်းနာအောင် ရှင်းခဲ့ရ လင်းခဲ့ရ….“ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” ။ သတ္တ၀ါတွေ စင်ကြယ်ဖို့ တစ်ခု တည်းသော လမ်းကြောင်းကတော့ ဒါပါပဲ လို့ ဆရာတော်ကြီးခမျာ အသံတော်ဝါကို ပြာအောင် ဟောတော်မူုခဲ့ရရှာပေမယ့် စင်ကြယ်ရာလမ်းကို မလှမ်းချင်တဲ့ တပည့်အဆန်း ယောဂီအဆန်းလေးတွေလည်း ရှိနေတတ်ပြန်ပါတယ်။

မဟာစည်အလုပ် မိုးကုတ်အပြောဆိုတဲ့ စကားမျိုးကြားဖူးပါရဲ့။ ဆိုလိုချက်ကိုကား နားခွက်က မီးမတောက်ချင်လေပြီ။

ဒါကတော့ ရိပ်သာကြီးနှစ်ခုရဲ့ မြင်ကွင်းပါ။ ဆရာတော်ကြီးနှစ်ပါးသာ ရှိရင် ဆွမ်းတစ်ဝိုင်းတည်း ထိုင်ဘုန်ပေးပြီး တရားဆွေးနွေးတော်မူကြမယ့် မြင့်မြတ်တဲ့ပုံရိပ်ကို ကြည်ညိုမှန်းဆနိုင်ပါတယ်။ “အခြားအခြားသော စွန်းလွန်း၊ သဲအင်းဂူ၊ ဖားအောက် စသည် စသည်များသာမက နောက်နောက်တိုးလာကုန်သော မက်ဒီတေးရှင်း မာစတာအပေါင်း ယောဂီအပေါင်းတို့သည်လည်း ဆရာတော်ကြီးများက တော်တော် မယ်ဘော်တွေက ကဲ ” လို့သာ မှတ်ချက်မပေးပါရစေနဲ့။

ဆရာတော်ကြီးတွေကပါ (အချို့) မှားနေတာဗျ ဆိုလေတော့။ အင်း ခက်တာပဲ။ ဓမ္မ၊အဓမ္မ ၀ိနိစ္ဆယရုံးတွေ ခဏ ခဏဖွင့်နေရတာ မျက်နှာပူစရာကောင်းသေးတော့..။

နိုင်ငံတကာယောဂီတစ်ယောက်ကတော့ မျက်စိလည်ပြီး သူ့ကို မေးပါတယ်။
“ယူတို့ရွှေပြည်ကြီးက ထေရ၀ါဒဆိုတဲ့ ဆိုင်းဘုတ်အကြီးကြီးချိတ်ပြီး ရောက်လာလို့ တရားဓမ္မအစစ်တွေနာရမယ်ထင်လို့ သွားသွားနာမိတာ ယူတို့ မက်ဒီတေးရှင်းမာစတာ(Meditation Master)တွေကလည်း တစ်ပါးနဲ့ တစ်ပါးမတူပါလား၊ နည်းမတူတာတော့ ထားတော့ ကိုယ့်နည်းကတော့ မှန်တယ် သူ့နည်းကတော့မှားတယ်ဆိုတော့ အိုင်တို့ ဘယ်နှယ်လုပ်ရပါ့။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်၊ သူတို့အားလုံး ကာလာမသုတ်တော့ အလွတ်ရကြတယ်” ဆိုပဲ။

အော် ကောင်းစွ ကောင်းစွ င့ါနှမ ဟုသာ စာထဲကအတိုင်း ထိုယောဂီမလေးရဲ့ နဖူးလေးကို လက်ညှိုးလေးနဲ့ တောက်လိုက်ချင်ပါတော့တယ်။( စာထဲမှာက “ ကောင်းစွ ကောင်းစွ င့ါနှမဟု နဖူးတင်ထား လက်ချောင်းများကိုလည်း ပေးကြကုန်၏၊” လို့ပါတာပါ၊ ဘာလဲဆိုတာကတော့ နီးစပ်ရာ ဓမ္မာစရိယဆရာတော်တစ်ပါးပါးကို မေးကြကုန်ရာသတည်း။)

အင်း ခက်တာပဲ နိုင်ငံတကာမှ မဟုတ်ပါဘူး။ ရွှေပြည်ကြီးနှင့် မကင်းရာမကင်းကြောင်း ယောဂီ အပေါင်း တို့သည်လည်း ခေါင်းကိုသာ တွင်တွင်ကုတ်လျှက် မလှုပ်မယှက် ရုတ်တရက် သေချင်ဆိုသလို ဆရာအစစ် လိုက်ရှာနေရပါသတဲ့။

တကယ်တော့ ကမ္မဌာန်းဆရာတွေ မျက်နှာမစုံကြတာက အရင်းအမြစ်ပါ။ ပဋိပတ် ဆွမ်းစားဝိုင်းတွေ ဆွေးနွေးပွဲတွေ ရိပ်သာများညီလာခံတွေ မဖြစ်မနေလိုအပ်လာပါပြီ။ ဓမ္မကထိကများ ညီလာခံကလည်း အရေးပေါ်လိုနေပြန်သေးရဲ့။ အဲဒီလို ဆွေးနွေးပွဲတွေ ညီလာခံတွေ မရှိလို့ ငြင်းကြခုန်ကြ မျက်နှာပျက်ရ မျက်နှာငယ်ရ။ ဘလော့ဂ်တွေ အလုပ်များရဖြစ်ကြရတာပါ။

ထမင်းချက်သူများညီလာခံ။ တိုင်းရင်းဆေးသမားတော်များညီလာခံ၊ ဖိနပ်ချုပ်သမားများညီလာခံ၊ အတွင်းခံ ထည်ချုပ်သူများညီလာခံ၊ ပူစီပေါင်းရောင်းသူများညီလာခံဆိုတာမျိုးတွေတောင် ထူးထူးကဲကဲ ကျင်းပနေကြတဲ့ ခေတ်မှာ ရွှေပြည်ကြီးရဲ့ ဓမ္မကထိကများညီလာခံနဲ့ ကမ္မဌာနာစရိယများမျက်နှာစုံညီအစည်းအဝေးများ ကျင်းပကြဖို့ စပွန်ဆာဘယ်သူလုပ်မလဲ။

ကဲကဲ ညီလာခံခေါ်ကြစို့ဗျား မင်းကြီးများ။:D

အဲလေ ခက်တာပဲ။ ၀ါဒအသစ်အသစ်တွေကလည်း ပေါ်ပေါ်လာတတ်လွန်းလို့ ဒီမိုကရေစီ ရွှေခေတ်ကြီးမှာ ပွင့်လင်းမြင်သာရှိအောင် “ ၀ါဒအသစ်မိတ်ဆက်ပွဲနှင့် စာနယ်ဇင်းများထံ အပ်နှံ” ဆိုတာမျိုးတော့ လုပ်ကြဦးလေ…။

ဓမ္မဂင်္ဂါ

No comments: