(Maung Khin Aye Tint)
၈၈သင်ခန်းစာနဲ့ ချိန်ထိုးသတိရကြပါ
မောင်ခင်အေးတင့်(မဒေါက်)
သြဂုတ် ၈၊ ၂၀၁၂
စိုးရိမ်စရာတွေ …
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးလမ်းနဲ့ ပတ်သက်လို့
ပြောဆိုဝေဖန်သံတွေ ကျွက်ကျွက်ညံ ကြားနေကြရပါတယ်။ စစ်အစိုးရတဖြစ်လဲ
ကြံ့ဖွတ်အစိုးရသစ်ရဲ့ သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ
တွေ့ဆုံပြီးတဲ့နောက် ဆက်တိုက်နီးပါး ဆိုသလို ဖြစ်ပေါ်လာတဲ့
အခင်းအကျင်းတွေအပေါ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကြားမှာ သို့လောသို့လော
မေးခွန်းတွေထွက်ပေါ်လာကြပြီး အမြင်သဘောထားတွေ မတူညီကွဲပြား ရှုပ်ထွေး
လာစေတာလည်း ဖြစ်ပါတယ်။
ချုပ်ပြီးပြောရင်တော့ လူထုခေါင်းဆောင်ဟာ နှစ် ၂၀-ကျော် ကိုင်စွဲ
ရပ်ခံလာတဲ့ လူထုမူတွေ အစ ရွှေဂုံတိုင်ကြေညာစာတမ်းအဆုံး ဒီချုပ်ရဲ့မူကို
လျှော့ပေးလိုက်ပြီး နည်း ဗျူဟာသစ်ကို ပြောင်းလိုက်တဲ့အပေါ်
ကျွက်ကျွက်ညံကုန်ကြတာပါ။
တနည်း … လေးစားလိုက်နာ ဆိုတဲ့ စကားလုံး ပြောင်းပေးလိုက်တဲ့ စစ်အစိုးရရဲ့
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံမှတ်ပုံ တင် ကြားဖြတ်ရွေးကောက်ပွဲ
ဝင်သွားတာက စစ်အစိုးရနဲ့၂၀၀၈ကို အသိအမှတ်ပြုလိုက်တဲ့ သဘောမျိုး
ဖြစ်သွာတဲ့အပေါ် အချို့အတိုက်အခံအင်အားစုတွေအကြား ပွက်လောရိုက်သွားတာ
ဖြစ်ကုန် တာပါ။
၂၀၀၈အခြေခံ ဥပဒေအစီအမံရဲ့အောက်မှာ အစိုးရသစ်နဲ့
ပူးပေါင်းဆောင်ရွက်နေတဲ့ပေါ် စစ်အုပ်စုရဲ့ အသုံးချခံအဖြစ်
ဆွဲသွင်းခံလိုက်ရမှာ စိုးရိမ်ပူပန်သလို အစိုးရသစ်တွက် နိုင်ငံရေး
အသက်ရှုပေါက် ကြီး ရသွားမှာအတွက်လည်း စိုးရိမ်နေကြတာက အဓိကလို့ ထင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူး သတိကြီးစွာထားပြီး ပါးနပ်လိမ်မာစွာ
အားထုတ်ကြိုးပမ်း လှုပ်ရှားဆောင်ရွက်နေတဲ့ကြားက စစ်အစိုးရတဖြစ်လဲ
ဦးသိန်းစိန်အစိုးရသစ်က ခုတုံးလုပ်အသုံးချ ထွက်ပေါက်ရယူသွားမှာကိုပါ။
အကြောင်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်ပွား လက်ရှိအစိုးရသစ်ဟာ
နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေမှာပါ အကျဉ်း
အကြပ်၊ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ကာလနဲ့လည်း တိုက်ဆိုင်နေလို့ပါ။
အနောက်နိုင်ငံတွေရဲ့ တင်းကြပ်မှု တစုံတစ်ရာရှိသော စီးပွားရေးပိတ်ဆို့မှု၊
ပြည်တွင်းက အဓိက အတိုက်အခံအင်အားစုဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နဲ့
NLDပါတ်ီလှုပ်ရှားမှုတွေ၊ လူငယ်ကွန်ယက်တွေရဲ့ အရှိန်အဟုန်
တိုးတက်နိုးထလာချိန်၊ အမည်ခံလွှတ်တော်တွင်းရှိ ဒီမိုကရက်နဲ့ တိုင်းရင်းသား
ပါတီတွေအကြား အတိုင်းအတာတခုအထိ စုစည်းညီညွတ်မှုလို ထင်သာမြင်သာရှိတဲ့
အခြေအနေအကျပ်အတည်းတွေ၊ ရုတ်တရက်ဖြစ်ပွားခဲ့တဲ့ ရာသီ ဥတုဖောက်ပြန်မှုနဲ့
လူလုပ် ဆည်/တမံတွေကြောင့် တောင်သူလယ်သမားတွေရဲ့ ထိခိုက်ဆုံးရှုံးမှုကို
တာဝန်ယူဖြေရှင်းပေးနိုင်မှု အားနည်းလွန်းတာ တွေက အစပြုလို့ အထွေထွေမကျေနပ်မှု
ဖြစ်လာပြီး အုပ်ချုပ်ရေး/ စီမံခန့်ခွဲရေးယန္တရားအပေါ် ရိုက်ခတ်လာမှာကို
ကြိုတင်ကာကွယ်ဖို့၊ တအုံနွေးနွေး လှိုက်စားခံနေရတဲ့ လူ့အခွင့်အရေးပြဿနာ၊
နိုင်ငံရေးအကျဉ်းသားပြဿနာတွေအပေါ် အစိုးရသစ်အနေနဲ့ ဟန်ရေးပြ၊ ဆင်သေကို
ဆိတ်သားရေနဲ့ ဖုံး ကွယ်နိုင်ဖို့ ၀င်ငွေခွန်/ အမြတ်ခွန်တွေ လျော့ပေါ့ပေးတာ၊
ပင်စင်စားတွေကို အနည်းငယ်သောငွေကြေး တိုးမြှင့်ပေးတာတွေအပြင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ အချိန်ကာလသတ်မှတ်ချက်မရှိဘဲ ဦးတည်ချက်မဲ့
တွေ့ဆုံဆွေးနွေးမှု၊ တိကျတဲ့လုပ်ငန်းစဉ်နဲ့ အချိန်ကာလမပါတဲ့ လူမှုရေး၊
စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို ဟန်ပြလုပ်ဆောင်ပြီး အကျဉ်းအကျပ်ထဲက
ထွက်ပေါက်ရှာနေတဲ့ အနေအထားမျိုးမှာ ပြည်သူ့မဲန်းဒိတ်ရထားတဲ့
လူထုခေါင်းဆောင် ဘက်ကနေ သတိလက်လွတ်ဖြစ်သွားမှာကို စိုးရိမ်ပူပန်ကြတာပါ။
အကောင်းမြင်စရာတွေ …
ကျနော့်အမြင်တော့ ဒီအနေအထား အခင်းအကျင်းကို နိုင်ငံရေးအတွေ့အကြုံ
ရင့်ကျက်ပြီး သံတမာန်ရေးရာ ဒီမိုကရေစီရေးရာအပိုင်းတွေမှာ ပါးနပ်ကျွမ်းဝင်
ရင်းနှီးလှတဲ့ ကမ္ဘာ့နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်
ဗမာပြည်သူတရပ်လုံးရဲ့ အမျိုးသားခေါင်းဆောင်လည်းဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်ကလည်း မသိပဲတော့ နေမှာမဟုတ်ဘူးလို့ ယူဆပါတယ်။
ဒါပေမဲ့လည်း အမှားကင်းတဲ့လူ ဆိုတာက ခပ်ရှားရှားဆိုတော့ ဒီအတွက်
သူ့ကိုချစ်တ၊ဲ့ အားကိုး ယုံကြည်တဲ့၊ တိုင်းပြည်ရဲ့ အကောင်းအဆိုး ကံကြမ္မာကို
အပ်နှံထားခြင်း ခံထားရသူအတွက် ပူပန်စိုးရိမ်မိကြတာက အလွန်ကို
သဘာဝကျလှပါတယ်။
တဖက်ကကြည့်ရင်လည်း လောလောဆယ်ကို ကြံ့ဖွတ်အစိုးရသစ်အတွက် အတော်လေး
အသက်ရှုချောင်သွားပါတယ်။ အသုံးချခံလိုက်ရတယ်လို့လည်း
အချို့အတိုက်အခံတွေအတွက် ကောက်ချက်ဆွဲကြမှာပါပဲ။
အနီးဆုံးပြောရရင် ၆၆-ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစိုးရသစ်အတွက်
နိုင်ငံတကာအလည်မှာ ခေါင်းမော့ရင်ကော့ပြီး ပြောနိုင်ဆိုနိုင်တဲ့ပုံမျိုး
မျက်နှာပန်းလှသွားစေတာ၊ အစိုးရသစ်တက်လာပြီး ခြောက်လ လောက်အတွင်းမှာ
နွေးထွေးလိုလားဟန်နဲ့ ပြင်ဆင်ပြောင်းလဲဖို့ကို လက်ခံသဘောတူလာပြီး
အချို့သောအပိုင်းတွေမှာ အပြောင်းအလဲတွေ အတိုးအလျှော့တွေ လုပ်လာ တာမျိုးပါ။
အဲဒီအပေါ် ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကလည်း
အကောင်းမြင်သဘောရှိပြီး အပြောင်းအလဲဖြစ်နိုင်စရာ တွေ့နေရပါပြီ၊
အပြောင်းအလဲလမ်းစပေါ် ရောက်လာနေပါပြီဆိုတဲ့ အပြောကြောင့် အတိုက်အခံ
ဒီမိုကရေစီအင်အားစု အတော်များများကို အံ့ဩစရာဖြစ်စေခဲ့ပေမဲ့ အစကတည်းကမှ
အကျိုးစီးပွားအတွက် ဝေစုခွဲချင်နေကြတဲ့ အချို့အနောက်နိုင်ငံတွေအတွက်တော့
အစိုးရသစ်နဲ့ဆက်ဆံဖို့ အခွင့်အလမ်းဖြစ်သွားသလို အကောင်းမြင်တဲ့ဖက်ကို
ပိုရှေ့ရှုရောက်ရှိသွားစေမှာမို့ပါ။
အနောက်နိုင်ငံတချို့က ပိတ်ဆို့အရေးယူထားတာတွေကို
အပြီးသတ်လျှော့ချပေးလိုက်ပေမဲ့ အမေရိကန်အပါအ၀င်
အချို့အနောက်နိုင်ငံတွေကတော့ အကန့်အသတ်နဲ့ ပြန်ဖွင့်ပေးလိုက်တာ၊
ကမ္ဘာ့အေဂျင်စီကြီးတွေက နှစ်အတော်ကြာ ဖြတ် တောက်ထားတဲ့ ငွေကြေးအကူအညီနဲ့
နည်းပညာအကူအညီတွေကို ပြန်ကမ်းလှမ်းလာတာ၊ ချေးငွေတွေ
လျော်ပစ်ပေးမယ်ဆိုတာမျိုး အစရှိတဲ့ ဖြစ်ပေါ် လာမှုတွေက
ဒေါ်အောင်ဆန်းစုကြည်ကြောင့်လို့ဆိုရင် မမှားတန်ကောင်းဘူးလို့ ထင်ပါတယ်။
အားလုံးချုပ်လိုက်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နည်းဗျူဟာပြောင်း
ရွေးလမ်းပြောင်းလိုက်တာက စစ်အစိုးရတဖြစ်လဲ ဦးသိန်းစိန်အစိုးရအတွက်
အသက်ရဲရဲရှုနိုင်သွားသလို အကျိုးစီးပွားအခြေခံ
အနောက်နိုင်ငံအများစုအမြင်မှာလည်း ဦးသိန်းစိန်အစိုးရအပေါ်
ချီးမွမ်းသံတွေကြောင့် စစ်တပ်ဗဟိုပြု ကြံ့ဖွတ်အစိုးရအတွက်တော့ အတော်လေး
မျက်နှာ ပန်းလှ ရလဒ်ကောင်း ထွက်သွားတယ်လို့ ပြောနိုင်မှာပါ။
အဆိုးမြင်စရာတွေ …
စစ်အစိုးရဘက်ကလည်း အပြန်အလှန်အားဖြင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်နဲ့
အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို
ပြန်လွှတ်ပေးပေမဲ့ ကွင်းလုံးကျွတ် မဟုတ်ဘဲ ၄၀၁ပုဒ်မနဲ့
ပြန်ချည်ထားလိုက်ပါတယ်။ သံလျင်ရေနံချက်စက်ရုံ ဗုံးပေါက်ကွဲမှုနဲ့ X2O
သင်္ကြန်မဏ္ဍပ် ဗုံးဖောက်ခွဲမှုမှာ မဆီမဆိုင် မတရားဖမ်းဆီး နှစ်ရှည်ချခံထားရတဲ့
ကိုသန်းဇော်နဲ့ ကိုဖြိုးဝေအောင်တို့လည်း လွတ်မြောက်လာကြပါပြီ။
ကိုဖြိုးဝေအောင်ကတော့ နှိပ်စက်ဒဏ်ကြောင့် ကိုယ်အောက်ပိုင်းသေသွားခဲ့လို့
ဆေးရုံတင်ကုသနေရပါတယ်။ ဒါပေမဲ့ လောလောဆယ်ကို နိုင်ငံရေးအကျဉ်း သား
၃၀၀-ကျော်လောက် ထောင်ထဲမှာ ကျန်ရှိနေပါသေးတယ်။
ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ချီတက်ဆန္ဒပြခွင့်နဲ့ သမဂ္ဂဖွဲ့စည်းခွင့်
အစရှိတဲ့ အခြေခံမူပိုင် ခွင့်ကလေးတွေကို ခွင့်ပြုပေးလာပေမဲ့ ဥပဒေက
တသမတ်တည်း စီးဆင်းမှု မရှိသေးပါဘူး၊ ဆိုလိုတာက တချို့နေရာမှာ ခွင့်ပြု တယ်၊
တချို့နေရာမှာ ခွင့်မပြုဘူး။ လောလောဆယ်မှာကို လယ်သမားဆန္ဒပြမှု၊
အလုပ်သမားဆန္ဒပြမှုနဲ့ မီဒီယာဖိနှိပ်မှု ဆန္ဒပြမှု အစရှိတဲ့ ပြည်သူလူထုရဲ့
ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားမှု တောင်းပွဲတွေက လည်း အဆက်မပြတ်
ဖြစ်ပွားနေတာပါ။ ချုပ်ပြောရင်တော့ ဟန်ပြအပေါ်ယံအပြောင်းအလဲအချို့ကို
မြင်ကြားကောင်းအောင် စစ်ရေခွံလဲအစိုးရက အပေးအယူလုပ်ပြနေတာပါ။
ပါးနပ်လိမ္မာ
အကင်းပါးလှတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာယုံကြည်တဲ့
ရပ်တည် ချက်ပြတ်သားမှု၊ တိုင်းပြည်အပေါ် စိတ်ကောင်း နှလုံးကောင်းရှိမှုနဲ့
ရိုးသားမှု၊ မိမိကိုယ်ကျိုးကို လုံးဝမငှဲ့ဘဲ စစ်အာဏာရှင်စနစ်အောက်က
အမျိုးသားပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် တစိုက်မတ်မတ် မမှိန်မသုန်
စွန့်လွှတ်ပေးဆပ်မှုအပေါ်ကိုတော့ အထူးယုံကြည်ကိုးစားပြီးသားဆိုတာ
ပြောစရာမလိုပေမဲ့ လက်ရှိ ကိုယ်ပွားအစိုးရသစ်ရဲ့ အမယ်စုံတဲ့အရွှေ့တွေက
၂၀၀၈အခြေခံဥပဒေကနေ ဆံတချည်မျှင်လေးတောင်မှ မလွဲ ချော်သေးတာကတော့ သတိပြုစရာ
သံသယဖြစ်စရာအချက်ပါ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အစကတည်းက သူလျှောက်မယ့်လမ်းကို
ရိုးရိုးရှင်းရှင်းပဲ ပြောထားခဲ့ပါတယ်။ အကြမ်းမဖက်တဲ့နည်း
ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့သာ အပြောင်းအလဲဖြစ်မှုကို အစပြုချင်ပါ တယ်၊ ဒါမှ
နောက်နောင် ခေတ်သမိုင်းတလျှောက်လုံး သမိုင်းမျိုးဆက်သစ်တခုလုံးအတွက်
အင်မတန်မှ ကြီးမားနက်ရှိုင်းပြီး အေးချမ်းတည်ငြိမ်နိုင်မယ့်
လူ့ဘောင်အဖွဲ့အစည်းသစ်တခု မျိုးဆက်တခုလုံး ယဉ်ကျေးမှု အပြောင်းအလဲကို
စဉ်ဆက်မပြတ် တောက်လျှောက် ရရှိခံစားသွားနိုင်မယ်လို့
နိုင်ငံတကာဒီမိုကရေစီနေ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာကြောင့်
သူ့ရွေးချယ်တဲ့ လမ်းကြောင်းအတိုင်း သူဖာသာ ရုန်းထွက်လှုပ်ရှားနေတဲ့ အပေါ်
ဝန်းရံသင့်တာ ၀န်းရံပြီး မိမိယုံကြည်ရာ လုပ်စရာရှိတာ ကိုယ်လုပ်သင့်တာကို
ဆက်လုပ်သွားဖို့သာ ရှိပါတယ်။
ခရီးမတ်တပ် လမ်းခုလပ်တွေ …
၂၀၁၁ခုနှစ် စက်တင်ဘာ(၃၀)ရက်နေ့မှာ သမ္မတကြီးဦးသိန်းစိန်က
မြစ်ဆုံစီမံကိန်းကို သူ့အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားမယ်လို့ ထုတ်ဖော်
ကြေညာလိုက်တဲ့နောက် ဗမာပြည်သူလူထုတွေရဲ့ အကြားမှာ အားပေးထောပနာပြုသံတွေ
ထွက်ပေါ်လာခဲ့ပါတယ်။ အမှန်ကတော့ တခါတည်း အပြီး သတ်ရပ်စဲလိုက်မှသာ
ဒီမြစ်ဆုံဆည်စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးကြီးတွေရန်က
ဝေးမှာဖြစ်ပါတယ်။
ဘာကြောင့်ဆို ဒီမြစ်ဆုံဆည်အပါအ၀င် အခြားဘီလီယံပေါင်းများစွာ
ရင်းနှီးမြှုပ်နှံထားတဲ့ ဆည်တည်ဆောက်ရေးစီမံကိန်းတွေက ၂၀၀၅-၂၀၀၆ခုနှစ်
ပတ်ဝန်းကျင်လောက်ကတည်းက အစပြုထားခဲ့ကြတာပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊
ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ လက်ထက်ကတည်းက သဘောတူ ထားခဲ့ကြတဲ့
နှစ်ရှည်စီမံကိန်းတွေ ဖြစ်ပါတယ်။ ၃.၆ဘီလီယံ ရင်းနှီးမြှုပ်နှံထားတဲ့
ဒီမြစ်ဆုံဆည် တည်ဆောက်ရေးကို ရပ်ဆိုင်းလိုက်တယ်ဆိုပေမဲ့ အခြား သော
ဆည်စီမံကိန်းတွေ အမြောက်အမြား ကျန်ရှိနေပါသေးတယ်။
အဲဒီအထဲက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဆို အရင်းအနှီး အမေရိကန်ဒေါ်လာ
အနည်းဆုံး ဘီလီယံ ၂၀လောက် မြှုပ်နှံထားတာပါ။ ဒီထားဝယ်ရေနက်စီမံကိန်းကနေ
တရုတ်ပြည်ရဲ့ အကြီးအကျယ် စွမ်းအင်လိုအပ်ချက်အတွက် မြန်မာ ပြည်က
ဒီသဘာဝဓါတ်ငွေ့လောင်စာတွေကို ပိုက်လိုင်းကြီးတွေ သွယ်တန်းပြီး တရုတ်ပြည်ရဲ့
ကုန်းတွင်းပိတ်ဖြစ်တဲ့ ယူနန်ပြည်နယ်ဆီ တင်သွင်းထုတ်ယူမှာ ဖြစ်တာကြောင့်
အခု ၃.၆ဘီလီယံလောက်ရှိတဲ့ မြစ်ဆုံဆည်ရပ်ဆိုင်းရေးကို တရုတ်အနေနဲ့
ကြီးကြီးမားမား တုန့်ပြန်လိမ့်မယ်လို့ မဆိုနိုင်ပါဘူး။
ဒါ့ပြင် တရုပ်ဆင်ဟွာသတင်းဌာနမှာဆို ဒီမြစ်ဆုံဆည်စီမံကိန်းကို ဆက်လက်
လုပ်ဆောင်သွားမယ်လို့ တိုက်တိုက်တွန်းတွန်း ဖော်ပြထားသလို ကြံ့ဖွတ် အမတ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကလည်း
ဒီမြစ်ဆုံဆည်စီမံကိန်းကို မဖြစ်မနေ ဆက်လုပ်သွားမယ်လို့ တရုပ်သတင်းဌာန
တခုနဲ့ အမေးအဖြေခန်းမှာ ဖြေကြားသွားခဲ့တာကလည်း သမ္မတကြီးနဲ့
ပြောင်းပြန်ဆိုတော့ မြစ်ဆုံဆည်ရပ်တန့်ရေးဆိုတာ အပြီးသတ် ယုံကြည်စိတ်ချ
ထားလို့ မရပါဘူး။ ဒါ့ပြင် သမ္မတကြီး ဦးသိန်းစိန်ကလည်း
ကျန်းမာရေးအကြောင်းပြချက်နဲ့ ၂၀၁၅ခုနှစ်မှာ တာဝန်က အနားယူမယ်လို့
လေသံပစ်ထား တာက ဒီမြစ်ဆုံဆည်ကိစ္စအပါအ၀င် နောက်ကိုအရွေ့ပြန်သွားနိုင်တယ်လို့
ဆိုရမလားပါပဲ။
နောက်တခုကလည်း ဒီမြစ်ဆုံဆည်စီမံကိန်း အစပြုချက်မှာကိုက
အလွဲကြီးဖြစ်ခဲ့တာပါ။ အဲဒီအချိန် တရုတ်နဲ့ သွားရောက် ဆွေးနွေးကြကတည်းက
အစမကောင်းခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးဘိန်းဘုရင် လော်စစ်ဟန်ရဲ့သား
စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်ပိုင်တဲ့ အေးရှားလ်ဝေါကုမဏီရဲ့
ကမကထပြုချက်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒီစီမံကိန်းကို
သဘောတူခေါင်းညိမ့်ခဲ့တာပါ။
ဦးထွန်းမြင့်နိုင်ဆိုတဲ့ စတီဗင်လောဆိုတာဟာ အမှန်တကယ်ကတော့ ကိုးကန့်လူမျိုး
တရုတ်အမျိုးသားတယောက်ပဲ ဖြစ်ပါတယ်။ ရရှိလာတဲ့ ဧရာမအကျိုးစီးပွားကြီး
တွေကိုလည်း စစ်အာဏာရှင်အုပ်စု ဗိုလ်ချုပ်ကြီးတွေနဲ့ လက်ဝေခံအပေါင်းအပါတွေသာ
မြိုးမြိုးမြက်မြက် ဆွေစဉ်မျိုးဆက် ရရှိခံစားရမှာဖြစ်ပြီး တိုင်းပြည်
အကျိုး၊ ပြည်သူအကျိုးအတွက်တော့ မပါရှိပါဘူး။ အဲဒါကြောင့် ကျနော်တို့
မြန်မာပြည်သူ အမျိုးသားတရပ်လုံးက မဆလ၊ န၀တ-နအဖစစ်အစိုးရနဲ့ အခု
စစ်ယူနီဖေါင်းပေါ် အရပ်သားဝတ်ရုံ ထပ်ခြုံထားလိုက်တဲ့
ဦးသိန်းစိန်အစိုးရသစ်အပေါ်လည်း အရင်စစ်အာဏာရှင်တွေလို ထောင်မြင်လို့
ရာစွန့်တာပဲ ဆို တာ သံသယမရှိ သဘောပေါက်ယုံကြည်ထားဖို့ လိုအပ်ပါတယ်။
အခိုင်အမာ သက်သေပြချက် အထောက်အထားတွေကလည်း အများကြီးရှိခဲ့တာမို့ အထူး
သတိကြီးကြီးနဲ့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
၈လေးလုံးက သင်ခန်းစာတွေ …
ဥပမာပြရရင် ရှစ်လေးလုံးအရေးတော်ပုံကြီးကာလဆီ
ပြန်သွားကြည့်လိုက်ကြရအောင်ပါ။ ချုပ်၍ပဲ ဆိုချင် ပါတယ်။
တပြည်လုံးအတိုင်းအတာဆောင်တဲ့ လူထုလှုပ်ရှားမှုကြီး အင်အားကောင်း
အသာစီးရနေချိန် ဖြစ်တဲ့ ၁၉၈၈ခုနှစ် ဇူလိုင်(၂၃)ရက်နေ့မှာ ဗိုလ်နေ၀င်း
သမ္မတအဖြစ်မှ နှုတ်ထွက်ပေးလိုက်ပြီး ဩဂုတ် (၁၂)ရက်နေ့မှာတော့ သားသတ်သမားအဖြစ်
ကျော်ကြားလူသိများတဲ့ ဗိုလ်စိန်လွင်ကို သမ္မတအဖြစ် ခန့် လိုက်ပြီး
အရေးတော်ပုံကြီးကို ကိုင်တွယ်ခိုင်းခဲ့ပါတယ်။
(၇)ရက်သာခံလိုက်ပြီး ဗိုလ်စိန်လွင် သမ္မတ ရာထူးက ဆင်းပေးလိုက်ရပြန်ပြီး
ဩဂုတ်လ(၁၉)ရက်နေ့မှာတော့ ဗိုလ်နေ၀င်းရဲ့ အတ္ထုပတ္တိသမိုင်းကို သာသာထိုးထိုး
ဖာထေးရေးသားခဲ့တဲ့ ဒေါက်တာမောင်မောင်ကို သမ္မတအဖြစ် တာဝန်ယူစေပြီး ပါတီစုံ
ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း စစ်အစိုးရပိုင်မီဒီယာကနေ
ဗိုလ်မောင်မောင်က တိုင်း ပြည်သို့ ကတိပေးကြေညာလိုက်တဲ့အတွက် တင်္ဒဂအားဖြင့်
အရေးတော်ပုံကြီးဟာ ယာယီ အရှိန်လျော့ သွားခဲ့ပါတယ်။
ဘယ်နေ့ရက်၊ အချိန်နာရီဆိုတာကို အတိအကျမပြောဘဲ ရွေးကောက်ပွဲ ကျင်းပပေး
ပါ့မယ်ဆိုရုံလေးနဲ့ လူထုဟာ ၀မ်းသာသွားပြီး ရွေးကောက်ပွဲဆိုတဲ့ဘက်ဆီ
ပိုအာရုံရောက်သွားရာက အငိုက်မိသွားခဲ့ပါတယ်။ ပြည်သူလူထုကြီးရဲ့ဆန္ဒကို
လိုက်လျောပေးလိုက်တဲ့ သဘောမျိုးနဲ့ ယာယီထိန်းလိုက်တာပါပဲ။ အမှန်ကတော့
ဒီလိုမဟုတ်ပါဘူး၊
သူတို့စစ်တပ်အတွက် နောက်တချီ စစ်အာဏာပြန်သိမ်းဖို့ အချိန်ဆွဲလိုက်တာပါ။
ပြင်ဆင်ချိန်ယူလိုက်တာပါ၊ တပ်အချိန်းအပြောင်းတွေ လုပ်ပစ်လိုက်ပြီး
စစ်ရာထူးတွေ ချက်ချင်းတိုးပေးလိုက်ပါတယ်၊ ဆိုလိုတာက
တစုံတရာပြည်သူလူထုတွေနဲ့ ဆက်ဆံရေးပြေလည်နေတဲ့ တပ်တွေနဲ့ တောထဲတောင်ထဲမှာ
အနေကြာအချိန်ကြာလာတဲ့အတွက် အရိုင်းအစိုင်း စိတ်ဝင်နေတဲ့ တပ်တွေ တနည်း
မဲမဲမြင်ရင်ပစ်ချင်နေတဲ့ တပ်တွေနဲ့အစားထိုးလိုက်ပြီး အဲဒီတပ်တွေကို
တလွဲအမိန့်သုံးပြီး ပြည်သူတွေကို ရက်ရက်စက်စက် ပစ်သတ်ခိုင်းဖို့ပါ။
အခြားတဘက်ကလည်း အပြည်ပြည်ဆိုင်ရာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အမြင်
သဘောထားကို အကောင်းဘက်ကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ပြည်တွင်း
ပြည်သူလူထုတွေရဲ့စိတ်ကိုလည်း ရွေးကောက်ပွဲနဲ့ ဖမ်းစားထားလိုက်ပြီး
ဝိုးတိုးဝါးတား ဇဝေဇ၀ါဖြစ်သွားအောင် လုပ်လိုက်တာကြောင့် တိုက်ပွဲအရှိန်ဟာ
တစုံတရာ လျော့ကျသွားသလို တင်းမာမှုလည်း တစုံတရာ ပြေကျသွားပြီး ပြည်သူအပေါ်
စိတ်ရင်းစေတနာ ရှိသယောင်ယောင် သဘောထားကောင်းသယောင်ယောင် ပုံစံမျိုးနဲ့
တိုက်ပွဲအရှိန်ကို ဖြိုခွဲလိုက်တာပါ။ အမှန်က ဒီအချိန် အတောတွင်း သူတို့အာဏာ
ဆက်ဆုပ်ကိုင် တည်မြဲရေးအတွက် ကျားကွက်တရွှေ့ နိုင်ငံရေးကစား လိုက်တာပါ။
ပြီးတော့မှ စက်တင်ဘာ(၁၈)ရက်နေ့မှာ အပြစ်မဲ့တဲ့
ပြည်သူထောင်ပေါင်းများစွာကို လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ပြီး
စစ်အာဏာပြန်သိမ်းယူလိုက်တာက အာဏာရှင်တွေရဲ့ ပကတိသရုပ်မှန်အတိုင်း
ဝှက်ထားတဲ့လက်သည်းတွေကို ထုတ်ပြလိုက်တာပါပဲ။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့ တည်ဆောက်ရေး ကောင်စီ(Slorc)
အမည်ပြောင်းပြီး ပြည်သူ့ဆန္ဒကို ဗြောင်စော်ကား ချိုးဖောက်လိုက်တာက အရင်
စစ်ယူနီဖေါင်းဝတ် စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း အခု
ဦးသိန်းစိန်အစိုးရသစ်အထိပါပဲ။
ပြောရင်တော့ အထင်ကရ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာနဲ့ မြစ်ဆုံဆည်ရပ်စဲ
ရေးအပါအ၀င် အခြားသော တစုံတရာ အခြေခံမူပိုင်ခွင့်တချို့ကို
ခွင့်ပြုလိုက်လျောပေး လိုက်တာဟာ စစ်တပိုင်းအရပ်သားအစိုးရရဲ့ အမှန်တကယ်
ငြိမ်းချမ်းရေးကိုလိုလားတဲ့ အရင်းခံစေတနာမှန်လား ဒါမှမဟုတ် သူတို့ရဲ့
အကျပ်အတည်းတွေထဲကတခုကို ယာယီ ဖြေရှင်းပေးလိုက်တာလားဆိုတာ
ဗမာပြည်သူတရပ်လုံးအတွက် ၈၈သင်ခန်းစာကိုယူပြီး သတိချပ်စောင့် ကြည့်ကြဖို့ပါ။
အာဏာရှင်တို့မည်သည် ဘယ်တော့မှ သူ့လက်ထဲကအာဏာကို လွယ်လင့်တကူ ပေးရိုးထုံးစံ
မရှိပါဘူး။ ဘယ်ကမ္ဘာ့သမိုင်းမှလည်း ရှာတွေ့ မှာ မဟုတ်ပါဘူး။
ရှိလည်းမရှိပါဘူး။ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတရပ်လုံးရဲ့
အသက်သွေးချွေးတွေနဲ့သာ အောင်ပွဲကို အရယူပေးဆပ်ခဲ့ရတာ ချည်း ဖြစ်ပါတယ်။
ပြည်သူပါရင် အရာရာပြီးမြောက်ပါတယ်။
ခက်အောင်လုပ်နေဖို့ မလိုတဲ့အရာတွေ …
အမှန်တကယ် တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို
ခိုင်ခိုင်မာမာ ရှေ့ရှု့ဦးတည်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို
ချွင်းချက်မရှိ ပြန်လွှတ်ပေးလိုက်ရင် ပြီးနေတာပဲ။
ပြီးမှ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာကြမယ်ဆိုရင် ကချင်၊
ကရင်၊ ကရင်နီ၊ ရှမ်းစတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်
ဆယ်စုနှစ်ပေါင်းများစွာ တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုင်းပြည်အနှံ ဖြစ်ပွားနေတဲ့
စစ်ရေးတိုက်ပွဲ၊ စစ်ရေးတင်းမာမှုတွေဟာလည်း သူ့အလိုလို
ပြီးပျောက်ချုပ်ငြိမ်းသွားမှာ မလွဲဧကန်ပါပဲ။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွား
လာတဲ့ ရာစုဝက်ကျော်ကြာ ပြည်တွင်းစစ်မီးလည်း ရပ်စဲသွားမှာပါ။
ဒီကနေမှ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ပြည်နယ်ပေါင်းစု
ပြည်ထောင်စုကြီးဆီကို ဆက်လက် တည်ဆောက်သွားနိုင်မှာ မဟုတ်ပေဘူးလား။
ဆင်ကြီးတကောင်လုံးကို တွေ့နေရမှ ဆင်ခြေရာကို လိုက်ရှာနေစရာ
မလိုတော့ပါဘူးဆိုတာ အာဏာရှင်အစိုးရအဆက်ဆက်လည်း ဒီလောက်ညံ့ဖျင်းမတန်သလို ၂၀၀၈အခြေခံဥပဒေအရ ဖြစ်ပေါ်လာတဲ့ သမ္မတဦးသိန်းစိန် အစိုးရလည်း သိပြီးသားဖြစ်မှာပါ။
အာဏာရှင်တွေရဲ့ အဓိက အခြေခံရပ်တည်ချက်က အမှန်တကယ် ငြိမ်းချမ်းရေးနဲ့
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကို မဖြစ်မြောက်စေချင်ဘူးဆိုတဲ့
အာဏာရှင်တွေရဲ့ အတွင်းစိတ်ရင်းအမှန်ပါပဲ။ မူလအရင်းခံကိုက မရိုးသားဘူးဆိုတာ
ရှင်းနေတာပါပဲ။
ချုပ်ရင်တော့ သမ္မတသစ်ဦးသိန်းစိန်အစိုးရဆိုတာဟာ အရင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရပုံစံတမျိုးသာဖြစ်ပြီး
ဗမာပြည်သူတမျိုးသားလုံးရဲ့ စဉ်ဆက်မပြတ် တစိုက်မတ်မတ် လိုလားတောင်းဆိုနေတဲ့
ပြည်တွင်းစစ်ရပ်စဲရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊ တန်းတူရေးနဲ့
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတာတွေကို အသိအမှတ်ပြု လေးစားတန်ဖိုးမထားဘဲ
တန်းတူရည်တူ တွေ့ဆုံဆွေးနွေးရေးကို မသိကျိုး ကျွံ့ပြု လစ်လျူရှုကာ ဘာတခုမျှ
စစ်စစ်မှန်မှန် မဖော်ဆောင်ပေးဘဲ ချိုသာပျော့ပြောင်းတဲ့
စကားအသုံးအနှုံးတွေကိုသုံးနေဆဲဖြစ်တယ်။
ပြည်သူတရပ်လုံးရဲ့ လိုလား တောင်းဆိုချက်တွေကို မျက်ကွယ်ပြုပစ်ပယ်ပြီး
လူမှုရေး၊ စီးပွားရေးအပိုင်းတွေမှာလောက်သာ လုပ်ကိုင်ဆောင်ရွက်ပြနေတာဟာဖြင့်
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၄ ပါ နိုင်ငံတော်ရဲ့
အချုပ်အခြာအာဏာဟာ နိုင်ငံသားများဆီမှ ဆင်းသက်ပြီး နိင်ငံတ၀ှမ်းလုံးမှာ
တည်တယ်လို့ ဆိုထား တာနဲ့လည်း မကိုက်ညီဘဲ အံချော်နေတာကြောင့်
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အစိုးရရဲ့ မယောင်ရာဆီလူး ဟန်ပြရုပ်လုံးဖော်
ဆောင်ရွက်ချက်တွေ အပေါ် မြန်မာပြည်သူအမျိုးသားတရပ်လုံးအနေနဲ့
မျှော်တလင့်လင့် ဖြစ်လာနိုး စိတ်ကူးယဉ်နေကြရမယ့် အချိန်မဟုတ်တော့ပါ။
မိမိတို့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို ဆက်လက် လုပ်ဆောင်ကြပြီး
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မှန်ကန်တဲ့ ၀န်းရံမှုမျိုးနဲ့အတူ
ရှစ်လေးလုံးစိတ်ဓါတ်ကို ဆုပ်ကိုင်ပြီး ပြည်သူနဲ့ တသားတည်း တစည်းတလုံးတည်း
ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်သွားရန်သာရှိပါကြောင်း တိုက်တွန်းနှိုးဆော်ရင်း
ကြီးမြတ်ဂုဏ်ရောင်ပြောင်တဲ့ မဟာ ရှစ်လေးလုံးအရေးတော်ပုံကြီး ရွှေရတုအကြို
(၂၄)နှစ်မြောက် အခါသမယမှာ ပေးဆပ်စွန့်လွှတ်သွားတဲ့ အာဇာနည်အထောင်အသောင်းကို
နက်ရှိုင်း တည်ကြည်စွာနဲ့ ဦးညွတ်ဂါရ၀ပြုလိုက်ပါတယ်။

No comments:
Post a Comment