by ငြိမ်းအေးအိမ် on Monday, August 27, 2012 at 1:07pm ·
1961
ခုနှစ်တွင် မေယုခရိုင်အုပ်ချုပ်ရေးဖွဲ့စည်းပြီးနောက်
ထိုးစစ်များဆင်နွဲခဲ့ရာ၊ နှစ်လအကြာတွင် ဘူးသီးတောင် တောင်ပိုင်း
မူဂျာဟစ်ပါတီဥက္ကဌ “ရော်ဘီဟူလာ”၊ ဒုဥက္ကဌ“မော်စတော်ဖီ”နှင့် အဖွဲ့ဝင်290ကျော်
လက်နက်ချခဲ့ရာမှ မူဂျာဟစ်တို့ အင်အားလျှော့နည်းသွားခဲ့သည်။
1962ခုနှစ် ဗိုလ်ချုပ်နေ၀င်းအာဏာရချိန်နောက်ပိုင်းတွင် ရိုဟင်ဂျာအဖွဲ့သည် မြေအောက်အဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ “ခွဲထွက်ရေး”တောင်းဆိုချက်များ ကျယ်ကျယ်လောင်လောင်လုပ်လာကြပြန်သည်။
1966 ခုနှစ်ခန့်တွင် “ကာဆင်”၏ မူဂျာဟစ်လက်ကျန်မွတ်ဆလင်များ ပြန်လည်လှုပ်ရှားလာကြပြန်သည်။ ယခင် က မွတ်ဆလင်ဘာသာရေး ကြွေးကြော်သံဖြင့် “ဂျီဟတ်”စစ်ပွဲဆင်နွဲရန် လှုံ့ဆော်စည်းရုံးရေး မအောင်မြင်သည့်အခါ၊ နည်းဗျူဟာသစ်များချမှတ်ဆောင်ရွက်လာကြသည်။ ၎င်းနည်းဗျူဟာကိုအကောင်ထည်ဖေါ်ဆောင်ရွက်ခဲ့သူမှာ ဖဆပလ အမတ်အဖြစ်လည်းကောင်း ဖဆပလ၏ ကျန်းမာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဆောင်ရွက်ခဲ့သည့် “စူလ်တန်မာမွတ်” ဖြစ်သည်။ ၎င်း၏ နောက်ကွယ်တွင် မော်လ၀ီဆရာများရှိသည်ဟု ယူဆရသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ မေယုကမ်းသွယ်(မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်၏ အနောက်ဘက်ခြမ်း) တစ်ခုလုံးကို “အာကစ္စတန်” (Arkistan) အမည်ဖြင့်၊ နိုင်ငံသစ် တစ်ခု ထူထောင်ရန်ဖြစ်သည်။ ထိုဒေသသည် ရခိုင်(Arkan) နှင့် ပါကစ္စတန်ကြားရှိ ဒေသဖြစ်သဖြင့် ထိုဒေသနှစ်ခု အမည်ပါသော ဘာသာရေးဆိုင်ရာ မွတ်ဆလင်နိုင်ငံ ထူထောင်ရန် ကြံစည်ခြင်းဖြစ်သည်။
1969တွင် ဘီအေဇော်ဖောခေါင်းဆောင်သော မြေအောက်သောင်းကျန်းသူမျာသည် တောင်ပိုင်းနှင့်မြောက်ပိုင်း ဒေသများတွင် ဆူပူလှုပ်ရှားမှုများ ပြန်လည်စတင်လာခဲ့သည်။
1971 တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက်၊ ပြည်သူ တို့ထံ အကြံအဥာဏ်ပေးရန်တောင်းခံခဲ့သည်။ ထိုအချက်ကို အခွင့်ကောင်းယူပြီး၊ မြေပေါ်မြေအောက် မွတ်ဆလင် လှုပ်ရှားသူများ ပြန်လည်ခေါင်းထောင်လာခဲ့ကြသည်။ ၎င်းတို့က ရိုဟင်ဂျာအမည်ခံ မွတ်ဆလင်တို့အတွက် အခွင့်အရေး တောင်းသော “ရိုဟင်ဂျာလူမျိုးများက အကြံပေးဆန္ဒပြုစာတမ်း” ဟူသောအမည်ပါ စာတမ်းကို အစိုးရသို့ တင်ပြခဲ့သည်။ မောင်တောမြို့နယ်ပြည်သူများ၏ သဘောထားနှင့် အကြံပေးချက်တွင် ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု ပေးရန် အကြံပြုထားသည်။(ထိုဒေသတစ်ခုလုံးကို မွတ်ဆလင်ဦးရေက အများဆုံးကြီးစိုးထားသည်။) ဘူးသီးတောင် မြို့နယ်မှ အကြံပေးချက်တွင် ဘူးသီးတောင်နှင့်မောင်တောကို မေယုခရိုင်အဖြစ်ဖွဲ့စည်းပေးရန်၊ မေယုခရိုင်ရှိ မွတ်ဆလင် များကို ရိုဟင်ဂျာလူမျိုးအဖြစ်ပြဌာန်းရန် တောင်းဆို အကြံပေးထားသည်။
1974 ခုနှစ်တွင် တပ်မတော်ထိုးစစ်ကြောင့် ဘီအေဇော်ဖော အဖွဲ့သည် တဖြည်းဖြည်း ပြိုကွဲသွားခဲ့ရသည်။ ဘူးသီးတောင်၊ မောင်တောရှိ မူဂျာဟစ်တို့လည်း တစ်ဘက်နိုင်ငံသို့ ထွက်ပြေးကြရပြန်သည်။
1978 ခုနှစ်၊ ဖေဖေါ်ဝါရီလ(၆)ရက်နေ့မှ စတင်ပြုလုပ်ခဲ့သော “နဂါးမင်းစစ်ဆင်ရေး”တွင် သုံးလအတွင်း၌ မွတ်ဆလင်ပေါင်း နှစ်သိန်းနှင့်နှစ်သိန်းငါးသောင်းကြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။ UN မှ ဒုက္ခသည် စခန်း များဖွင့်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ထို ထွက်ပြေးသွားသူများကို နှစ်နိုင်ငံ သဘောတူညီချက်အရ “ဟင်္သသာ စီမံချက်” ဖြင့် ပြန်လည် လက်သင့်ခံခဲ့သည်။ သည့်နောက်ပိုင်းတွင် ရိုဟင်ဂျာ တို့ စစ်ရေးလှုပ်ရှားမှု အရှိန်သေသွားခဲ့သည်။
1990 တွင် မြန်မာ့တပ်မတော်က ရိုဟင်ဂျာတို့ကို မောင်းထုတ်စဉ်တွင် ရိုဟင်ဂျာတို့၏ စစ်ရေးလှုပ်ရှားမှု အလွန်အားပျော့သွားခဲ့သည်။
1994တွင် မောင်တောဒေသအတွင်း၊ (Rohingya Solidarity Organization/ RSO) က ထိုးဖေါက် စစ်ဆင်ရေး လုပ်ခဲ့သော်လည်း စောစီးစွာ ချေမှုန်းခြင်းခံလိုက်ရသည်။ ၎င်းနောက်ပိုင်းတွင် ရိုဟင်ဂျာတို့၏ စစ်ရေးလှုပ်ရှားမှု မယ်မယ်ရရ မတွေ့တော့။
ထိုကာလများ(1963-2000) အတွင်း ရိုဟင်ဂျာအဖွဲ့အစည်းများအကြောင်းကို “ရဲထွန်း၏မှတ်တမ်း” ဟူသော ဘလော့ဂ်တစ်ခုတွင် အောက်ပါအတိုင်းရေးသားဖေါ်ပြခဲ့သည်ကိုတွေ့ရသည်။
“မူဂျာဟစ်အဖွဲ့၏ မူဝါဒလုပ်ထုံးများစွာပါဝင်သော မူဂျာဟစ်အဖွဲ့ဝင်ဟောင်းများ ပါဝင်သည့် ရိုဟင်ဂျာလွတ်လပ်ရေးတပ်ဖွဲ့ (Rohingya Independence Force)ကို ၁၉၆၃ခုနှစ်တွင် ဦးနေ၀င်း အစိုးရ၏ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများအား ဖိနှိပ်မှုမှ ကာကွယ်ရန်နှင့် ရိုဟင်ဂျာကျောင်းသား များသမ္မဂ္ဂ (Rohingya Students Union) နှင့် ရိုဟင်ဂျာလူငယ်အဖွဲ့ချုပ် (Rohingya Youth League) ကဲ့သို့သော အဖွဲ့အစည်းများအားပိတ်ပင်မှုအား တားဆီးရန် ဖွဲ့စည်းခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်မစ် လှုပ်ရှားမှု (Pan Islamic Movement) ကိုအတုယူပြီး မျိုးချစ်ရိုဟင်ဂျာတပ် (Rohingya Patriotic Force)၊ နောက်ပိုင်းတွင် ရိုဟင်ဂျာလွတ်လပ်ရေးတပ်ဖွဲ့ (Rohingya Independence Force) ဟုသာသိရသည့်အဖွဲ့ကို ၁၉၇၄ တွင် ဖွဲ့စည်းပြန်သည်။ ယင်းအဖွဲ့သည် ဘင်းဂလားဒေ့ရှ် နိုင်ငံအနီးတွင် လွတ်လပ်သော မူဆလင်ပြည်နယ်ထူထောင်ရန် ကြိုးပမ်းခဲ့သည်။ ထို့အပြင်ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်လူမျိုးများ၏ အကျိုးစီးပွားကို ထိရောက်စွာ မဆောင်ရွက်နိုင်ပဲ အဖွဲ့ငယ်များအဖြစ် ပြန့်ကျဲသွားခဲ့သည်။
၁၉၈၂ခုနှစ်တွင် မျိုးချစ်ရိုဟင်ဂျာတပ် (Rohingya Patriotic Force) မှခွဲထွက်သောအဖွဲ့ သည် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) တည်ထောင်သည်။ ထိုအဖွဲ့မှ အာရကန်ရိုဟင်ဂျာမူဆလင်တပ်ဦး (Arakan Rohingya Muslim Front) က ၁၉၈၆ခုနှစ်တွင် ထပ်မံခွဲထွက်ခဲ့သည်။
အထက်ပါအဖွဲ့အစည်းနှစ်ခုသည် ဘင်းဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းတွင် အခြေပြုလှုပ်ရှားကြ ပြီး ၁၉၉၅ခုနှစ်တွင် ပြန်လည်ပေါင်းစည်းကာ အမျိုးသားရိုဟင်ဂျာမဟာမိတ်အဖွဲ့ (Rohingya National Alliance) အဖြစ်ပူးပေါင်မိကြသည်။ ထိုအဖွဲ့သည် ၁၉၉၉တွင် အာရကန်ရိုဟင်ဂျာအမျိုးသားအဖွဲ့ချုပ် (Arakan Rohingya National Organisation) အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အမည်ကို ၂၀၀၀ခုနှစ်တွင် အာရကန်ရိုဟင်ဂျာအမျိုးသား အဖွဲ့ချုပ် (Arakan Rohingya National Organisation) မှခွဲထွက်သောအဖွဲ့ငယ် ၃ခုက ထပ်မံသုံးစွဲခဲ့ ကြသည်။”
http://yehtunblog.blogspot.com/2012/06/fcaebook-rohingya-independence-force.html
ခုနှစ်သက္ကရာဇ်များအလိုက် ဖြစ်ပျက်ခဲ့သမျှကို ကြည့်လျှင် နိုင်ငံ့အချုပ်အခြာအာဏာ တည်တံ့ရေး အတွက် ဤအရပ်ဒေသ၏ အရေးပါမှုအားရှင်းလင်းစွာ မြင်နိုင်မည်ဖြစ်သည်။ နှစ်ပေါင်းများစွာကိုယ့်မြေကိုယ့်ရေပေါ်တွင် ကြံကြံ့ခံရပ်တည်ရင်ဆိုင်နေကြသော ဒေသသားတို့အား အလေးအမြတ်ပြုသောစိတ်ဖြင့် အနောက်ဘက်တံတိုင်းကို လှမ်းမျှော် ကြည့်မိပါသည်။

No comments:
Post a Comment