Posted: 12 Aug 2012 11:01 PM PDT
(ဆောင်းပါးရှင် ကိုမျိုး- မြန်မာစာ)
ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်
“လူတိုင်းတွင်
လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ
ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့် အယှက်မရှိဘဲ
လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်ပါဝင် သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို
ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့်
လွတ်လပ်စွာရှာယူ ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့်
ဝေငှဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။”
[အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း Article (19)]
ကမ္ဘာ့အံ့ဘွယ်The
Guinness Book of Records စာအုပ်တွင် ကမ္ဘာ၌ဘာသာပြန်ဆိုမှု အများဆုံး
စာတမ်းတစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရသည့် “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး
ကြေညာစာတမ်း”ပါနာမည်ကျော်Article (19)ခေါ် ဤအပိုဒ် ၁၉ကိုတော့
မီဒီယာဥပဒေတို့၊ စာနယ်ဇင်းကောင်စီတို့ ဖေါ်ဆောင်လိုဟန် ရှိချိန်လာသည့်ယနေ့
ကျွန်တော်တို့ နိုင်ငံတော်ကြီးမှာ မကြားဝံ့မနာသာ မဟုတ်တော့ပါဟု အရဲကိုး
ဆိုလိုက်ချင်ပါသည်။ သို့ သော်ကျွန်တော်သည် လွတ်လပ်သော စာရေးဆရာတစ်ယောက်
မဟုတ်(Freelance Writer မဟုတ်ဘဲ ဂျာနယ်Editorတစ်ဦးဖြစ်နေ)သည့်အတွက်
အထက်ပါအဆိုကို“စာရေးသူ၏ အာဘော်သာဖြစ်သည်” ဟုသာမှတ် ယူစေလိုစိတ်
ဖြစ်ရပြန်သည်။
လွတ်လပ်သောစာရေးဆရာ
ဆိုလို့ တစ်ချိန်ကတော့ ကျောင်းသားဘ၀၊ကိုယ့် ကျောင်းစားရိတ် ကိုယ်ရှာဖို့
ဂျာနယ်မဂ္ဂဇင်းအစုံမှာ Freelance Writerအဖြစ်စာရေး ဖြစ်ခဲ့ဖူး၊
ကိုယ်နှင့်ခင်ရာ မင်ရာစာပေ၊ သဘင်၊ ဂီတ၊ ရုပ်ရှင် အနုပညာရှင်တွေ၊
မိတ်ဆွေသင်္ဂဟတွေ နှင့်စာပေတိုက်တွေကို မိတ်ဆက်ဖို့ပင် Freelancerဟူ၍
အမည်နာမကဒ်ပြားလေး လုပ်ခဲ့ဖူးသေးသည့် ဖြစ်အင်ကို ပြန်အမှတ်ရ မိသလိုရှိ၏။
သို့ရာတွင် ဂျာနယ်၊ မဂ္ဂဇင်းအယ်ဒီတာ မလုပ်တော့ ကော Freelanceဘ၀၊ လွတ်လပ်သော
စာရေးဆရာဘ၀ တကယ်ရခဲ့ပါသလား မေးများ မေးလာကြပါလျှင်ဟု ဘုရားတမိရပါ၏။
“လွတ်လပ်သောစာရေးဆရာ”
လွတ်လပ်သော
စာရေးဆရာ ဘ၀အကြောင်းကို ကျွန်တော်ဖြေရဲမည် မထင်ပါ။ အယ်ဒီတာ
အလုပ်ကိုစာပေစီစစ်နှင့် မှတ်ပုံတင်ဋ္ဌာနက ထုတ်ဝေခွင့်ပြု ထားသည့်ဂျာနယ်၊
မဂ္ဂဇင်းတွေမှာ ဆောင်ရွက်ကြရသူတိုင်း ကျွန်တော့်လို သတ္တိနည်းသူတွေချည်း
ဟုတော့မဆိုလိုပါ။
၆၂ပုံနှိပ်အက်ဥပဒေဟု ဆိုကာကျွန်တော်တို့ မမွေးမှီကပင်ကြောက်နှင့် နေရသော အနှီဥပဒေကြီး အကြောင်းနှင့်ကိုယနေ့ အချိန်မှာတော့ စာပေလောက ရပ်ဝန်းအတွင်း ပွင့်ပွင့်လင်းလင်းကြီး ဝေဖန်နေကြပြီ ဖြစ်ပေမယ့် လွတ်လပ်သော စာရေးဆရာ တစ်ယောက်မဟုတ်သည့် ကျွန်တော်တစ်ယောက်ကတော့ဖြင့် မဝေဖန်ရဲ။ ဒါတင်မက မရုတ်သိမ်းသေးသော မည်သည့်ဥပဒေ ကိုမှ မျက်စောင်းထိုးမကြည့်ရဲ။
၆၂ပုံနှိပ်အက်ဥပဒေဟု ဆိုကာကျွန်တော်တို့ မမွေးမှီကပင်ကြောက်နှင့် နေရသော အနှီဥပဒေကြီး အကြောင်းနှင့်ကိုယနေ့ အချိန်မှာတော့ စာပေလောက ရပ်ဝန်းအတွင်း ပွင့်ပွင့်လင်းလင်းကြီး ဝေဖန်နေကြပြီ ဖြစ်ပေမယ့် လွတ်လပ်သော စာရေးဆရာ တစ်ယောက်မဟုတ်သည့် ကျွန်တော်တစ်ယောက်ကတော့ဖြင့် မဝေဖန်ရဲ။ ဒါတင်မက မရုတ်သိမ်းသေးသော မည်သည့်ဥပဒေ ကိုမှ မျက်စောင်းထိုးမကြည့်ရဲ။
သို့ပါသော်လည်း
တက်သိသူတွေ၊ သတ္တိရှိသူတွေ ဝေဖန်လျှင်တော့ လွန်စွာသဘောကျမိ ရတက်ပါ၏။
မည်သူဆိုစေ ကိုယ်တိုင်သတ္တိမရှိ၊ သတိနှင့်နေရပေမင့် ဆိုခဲ့သလို ရဲဝံ့သူတို့
စာတွေဆို တလေးတစား ရှာဖွေဖတ်ဖြစ်၍ ဂျာနယ်တစ်စောင်မှာ ဆရာတက္ကသိုလ်
ဦးစိန်တင် ပင်တိုင်ရေးနေသည့် စာပေစီစစ်ရေးအကြောင်း ဆောင်းပါးတွေကိုလည်း
မလွတ်တမ်း ဖတ်ဖြစ်နေပါသည်။ ယခုတစ်ပတ်(၉)ပုဒ်မြောက် ဆောင်းပါးမှာဖတ်ရ
သည့်“စု”ကနေ“မ”ဖြစ်သွားရပုံလေးဆိုလျှင် ငိုရခက် ရယ်ရခက်ဖြစ်အင်။
“ခရစ်၁၉၈၅-၁၉၈၇၊
ဒီမိုကရေစီ အရေးအခင်းကာလ ၁၉၈၈ခုနှစ်၏ သည်ဘက်ပိုင်း ကာလများတွင်
ဧကရီစုဖုရား စာအုပ်ကို အကြိမ်များစွာ(မမှတ်မိတော့ လောက်သောအကြိမ်)
တင်ပြခွင့်ပြုချက် တောင်းခံပါ၏။ စာပေစိစစ်ရေးသည် ခေါင်းလည်းမခါ
ခေါင်းလည်းမညိတ်၊ အကြောင်းတစ်စုံ တရာမျှပင် အဖြေမပေး။ အေးဆေးလှ၏။ သို့သော်၊
လာပြန်ပြီကွဲ့ သို့သော်။ ဤသို့သော်ကာ ၀မ်းသာဖွယ် သို့သော်ဖြစ်၏။ ကြည့်ပါ။
အခက်အခဲ အကျပ်အတည်းပေါင်းများစွာ ကြုံတွေ့ ခဲ့ရသော ဧကရီစုဖုရား စာအုပ်ကို
ယခုအခါတက္ကသိုလ်များ သမိုင်းသုတေသနဦးစီးဋ္ဌာနက ၂၀၀၂ ခုနှစ်တွင် တတိယအကြိမ်၊
၂၀၀၆ခုနှစ်တွင် စတုတ္တအကြိမ်၊ စာပေစိစစ်ရေးဋ္ဌာန၏ ခွင့်ပြုချက်ဖြင့်
ထုတ်ဝေနိုင်ခဲ့၏။ စာအုပ်နာမည်ကိုပို၍ပင် အဆင်ပြေအောင် ဧကရီစုဖုရားမှ ဧကရီမဖုရားဟု ပြောင်းခဲ့လေသည်။ တို့ကိုစိန်တင် စာမူခရ၍ ရွှင်ရွှင်ပျပျဆီပြန် ဟင်းကလေးနှင့် ထမင်းလွှေးနိုင်ပါပြီ။ ကျေးဇူးဗျာ.....။
တက္ကသိုလ်စိန်တင်”
(၆.၈.၂၀၁၂ရက်နေ့ထုတ် Favourite Newsဂျာနယ်၊ စာမျက်နှာ၂၁က ဆရာတက္ကသိုလ်
စိန်တင်၏ “စာပေစိစစ်ရေးနှင့် (၄၅)နှစ်ကြာခရီး(၉) ဆောင်းပါးမှ) ဤသို
ဤနှယ်စံနစ်တစ်ခု အောက်က စာပေသမားတို့ ဘ၀ဖြစ်အင်ကို ငိုရခက် ရယ်ရခက်ဖတ်ရူ
ခံစားရစေသော စာရေးသူကို ကိုယ်ချင်းစာနိုင် လိုက်ပေမဲ့ ဥပဒေ
ဆိုမျက်စောင်းမျှပင် ထိုးမကြည့်ရဲသူ ကျွန်တော်ဦးခေါင်းထဲ လင်းကနဲလက်ကနဲ
သိမြင်လိုက်သလို ရှိသည်က ဤသို့စာတစ်လုံးခြား (လက်တစ်လုံးခြားဟု မဆိုဝံ့)
လုပ်တတ်လျှင်လည်း ရပါလားဟူသည့် အသိနှင့်ထပ်တူ ဤသို့တစ်လုံးခြားပြုဖို့
ဥပဒေပေါင်ထဲ(ပေါင်ထဲ ဆိုလို့ မျက်လုံးထဲ တစ်မျိုး မမြင်ယောင်လိုက်ကြပါနှင့်
ပေါင်ကိုဘောင်ဟုဖတ်)က လူတွေကပင် သင်ကြားပေးနိုင်တာ ပါကလားဟူ၍။
တကယ်ဆို
စာရေးသူတွေဘက်က စာပေသစ္စာဖြင့် စာတစ်လုံးတစ်ပါဒတိုင်းမှာ သစ္စာကြီး
စွာတင်းခံ ငြင်းဆန်ခဲ့ သင့်သည်ဟုတော့ ယနေ့ ကာလရောက်ခါမှ မဆိုချင်တော့ပါ။
ဆိုလည်းမဆိုသင့်တော့ပါ။ အစားပြန် မရနိုင်တော့သည့် ထိုကာလတွေ
အတွင်းစာရေးသူတိုင်း စာပေသစ္စာကို ကိုင်ဆွဲကာ စာတစ်လုံးတစ်ပါဒမှ
မပြုပြင်ပေးနိုင်မဖြုတ် ပယ်ပေးနိုင်ပါဟူ၍ တင်းခံငြင်းဆန်ခဲ့ ကြပါလျှင်လည်း
ထိုခေတ်ကာလအတွင်း မြန်မာစာပေသမား မျိုးတုန်းပျောက်ကွယ် မှုကြီးတစ်ရပ်
ပေါ်ပေါက်သွားနိုင်ကြောင်းကျွန်တော်တွေးဆ ဆင်ခြင်မိ၏။ စာပေစီစစ်ရေး
အောက်ခြေ၀န်ထမ်းတွေနှင့် စာပေလောကသား (စာရေးသူ၊ထုတ်ဝေသူ)တွေ
အကျိုးတူပူပေါင်းခဲ့ကြ၊ လက်ပွန်းတတီးရင်းနှီး လျှောက်လှမ်းလာခဲ့ကြသည့်
“ဒီလိုမရလျှင်ဟိုလို” ဟူ၍ဖေါက်ခဲ့ လျှောက်ခဲ့သော လမ်းတွေ၏
အကောင်းအဆိုးအကြောင်း အကျိုးကို ယနေ့ စာပေစီစစ်ရေး ၀န်ထမ်းတွေနှင့်
စာပေလောကသားတွေ သိလျှက် ကျွန်တော်ကတော့ မည်သူမပြု မိမိမူဟုသာ
ဆိုလိုက်ချင်သည်။ သို့ရာတွင် လမ်း၏အကောင်းအဆိုးကို ထိုလမ်းမှာ လျှောက်လှမ်း
သွားလာဖူးသူ၊ လျှောက်လှမ်း သွားလာနေသူတို့အသိဖြစ်၍ ကိုယ်လျှောက်သည့်လမ်း
ကောင်းစေချင်ကြမည်သာ။ ပျက်နေသော လမ်းဟောင်းကို ပြုပြင်ဖာထေး
လျှောက်သင့်ချိန်မှာ ဖာထေး လျှောက်ခဲ့ကြတာ အပြစ်မတင်လိုပါ။ လမ်းဟောင်းပေါ်
လမ်းအသစ်ထပ်ပိုး ခင်းလိုလျှင်လည်း အပြစ်မဆိုချင်ပါ။ ကျဉ်းလွန်းသော
လမ်းမှာထပ်မချဲ့သာ တော့သည့် အဖြစ်ဆိုလျှင်တော့ လမ်းထွင်လမ်းဖေါက်ခြင်း
လုပ်ငန်းသစ်စချိန်တန်ပါပြီ။
လမ်းသစ်ဖောက်သင့်ချိန်မှာ
လမ်းသစ်ဖေါက်ပါဘဲ “ဒီလိုလေးဟိုလိုလေး”လူးသာ လှည့် သာရုံဖြင့် ဆက်လျှောက်
နေစေချင်လျှင်တော့ တိုက်မိခိုက်မိခြင်း အမှုအခင်း အကျိုးဆက်တွေ မကြားချင်
မကြုံချင်လျှက် ကြားရကြုံရတော့မည်။ မလွှဲမရှောင်သာဆိုသည့် စကားထက်
ရှောင်နိုင် ရှောင်လွှဲနိုင်ဖို့“နည်း”သို့မဟုတ် “လမ်း”ဆိုသည်မှာ မရှိမဖြစ်
ရှိရပါတော့မည်။ သို့ဖြစ်ရာလမ်းမ ဖောက်ပေးနိုင်သေး၍ လမ်းမလျှောက်ကြနှင့်ဟု
ပိတ်ပင်တားမြစ်ခြင်းမှာ လူ့အခွင့်အရေး ဖေါက်ဖျက်ခြင်း မည်သည်ဟုသာ
ယနေ့ကာလစာပေနှင့် စာနယ်ဇင်း အရေးအရာများအပေါ် ကျွန်တော် သုံးသပ်
လိုက်ချင်ပါတော့သည်ခင်ဗျာ။
(သြော်......ဒါလည်း
စာရေးသူ၏ အာဘော်သာဖြစ်သည်ဟုသာ မှတ်ယူပေးကြပါဦး။) အင်း... ကျွန်တော့်မှာ
လွတ်လပ်သော စာရေးဆရာ တစ်ယောက် မဟုတ်သော ဂျာနယ်Editor တစ်ယောက်
ဆိုသည့်အဖြစ်ကို မမေ့ဖို့ ကိုယ့်ပေါင်ကိုယ်ဆွဲဆိတ် သတိပေးနေရသည့်
အဖြစ်နှင့်ပေကိုး......။
ကိုမျိုး(မြန်မာစာ)
၈.၈.၂၀၁၂

No comments:
Post a Comment