Monday, August 27, 2012

ရခိုင်အရေးအခင်းကြောင့် ပြည်တွင်းရေကြောင်းလိုင်းတွင် ခရီးသည်များ လျှော့နည်းသွားသော်လည်း ကုန်စည်များ ပုံမှန်တင်ပို့နေရ


Written by ဇင်ကီး    Monday, 27 August 2012 20:37    PDF Print E-mail
D IWTaရခိုင်ပြည်နယ်တွင် ဇွန်လက ဆူပူအကြမ်းဖက်မှုကြောင့် ပြည်တွင်းရေကြောင်းလိုင်းကို ရပ်တန့်ထားရသော်လည်း ပြန်လည်စတင်ပြေးဆွဲရာ လက်ရှိအခြေအနေထိ ခရီးသွားများလျှော့နည်းသွားသော်လည်း ကုန်စည်များ ပုံမှန်တင်ပို့နေရကြောင်း သိရသည်။
" အရေးအခင်း ဖြစ်ပေါ်တော့ ပြည်တွင်းရေကြောင်းလိုင်းတွေကို ရပ်ထားရတယ်၊ စတင်ပြေးဆွဲတော့ ခရီးသည်တွေကတော့ အသွားအလာနည်းသွားတယ်၊ ကုန်ကတော့ ပုံမှန်ရနေတုန်းပဲ။ အရေးအခင်းမတိုင်ခင်ကဆိုရင် ခရီးတစ်ခေါက် ပျမ်းမျှဝင်ငွေဟာ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်ကထက် ၃ သိန်း လောက် တိုးလာတာ။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် သင်္ဘောတစ်စီး ခရီးတစ်ခေါက်ကို ၁၄ သိန်းကျော်ရတယ်။ အရေးအခင်းမတိုင်မီက ၁၇ သိန်းအထိတိုးလာတာ။ " ဟု တာဝန်ရှိသူက ပြောသည်။
" အရင်ကဆိုရင် လက်မှတ်တစ်စောင်ရဖို့အရေး ဘုရားဆုပန်ရသလိုပဲ၊ မနက်အာရုံတက်ကထဲက တန်းစီရတယ်။ လက်မှတ်မရလို့ပြန်လာရတဲ့အခါ လည်းရှိတယ်။ အခုတော့ အဲလိုမဟုတ်တော့ဘူး။ သင်္ဘောပေါ်မှာ ဗွီဒီယိုတောင် ပါသေးတယ်။ " ဟု ဘူးသီးတောင်မှ ပြန်လာသူ ခရီးသည်တစ်ဦးက ပြောသည်။
ပုဂ္ဂလိကလုပ်ငန်းတချို့ ပြည်တွင်းရေကြောင်းလိုင်းနှင့်အပြိုင် ပုံမှန်ကုန်စည်ပို့ခနှုန်းထားထက် လျှော့ယူလျှက်ရှိပြီး သင်္ဘောကုန်ပစ္စည်းများ လုံခြုံစိတ်ချရမှုရှိရန် ပုံမှန်တင်ပို့နေကျ စစ်တွေဈေးအနီးမှာ ကုန်လက်ခံ စခန်းဖွင့်လှစ်ကာ ကုန်စည်များကို အလွယ်တကူတင်ပို့နိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
" ကယ်ဆယ်ရေးကာလ၊ ပြန်လည်ထူထောင်ရေးကာလမှာ ထောက်ပံ့ရေးပစ္စည်းတွေကို ဦးစားပေးအနေနဲ့ ကျနော်တို့ ဆောင်ရွက်ပေးနေတယ်။ ဒီအနေအထားမှာ လုပ်ငန်းတွေအားလုံး အနည်းနဲ့အများ ထိခိုက်ကြရတာပေါ့ဗျာ။ ကျနော်တို့ဌာနက ၀င်ငွေအပေါ်မှာပဲ ရပ်တည်နေရတယ်ဆိုတော့ ခရီးသွားပြည်သူတွေကို ပိုပြီးတော့ စိတ်ချမ်းသာမှုပေးနိုင်ဖို့ လိုတာပေါ့။ " ဟု ပြည်တွင်းရေကြောင်း ၀န်ထမ်းတစ်ဦးက ပြောသည်။
ပြည်တွင်းရေကြောင်းလိုင်းတွင် စစ်တွေ-ဘူးသီးတောင်၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-တောင်ကုတ် ခရီးစဉ်သုံးခုကို သင်္ဘော ၁၆ စီး နှင့် ကုန်စည်ရေယာဉ်(Cargo)နှစ်စီး ပြေးဆွဲလျက်ရှိရာ၊ ယမန်နှစ်က နဂါးမင်းကုန်ပို့လုပ်ငန်း၊ ဓညထွန်းကုန်ပို့လုပ်ငန်း၊ ဦးကျောက်တောင် ကုန်ပို့လုပ်ငန်းတို့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ ယခုနှစ်တွင် ဌာနက ပြန်လည်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။
Last Updated ( Monday, 27 August 2012 20:51 )
 

No comments: