Thursday, January 19, 2012

ကိုအေးအောင်ကိုလွတ်ပေးပါ

ရုပ်ရှင်

by Ye Yint Thet Zwe on Thursday, January 19, 2012 at 7:50am
 (Thar Swe via yahoogroups.com မှရယူပါသည်။)



ရုပ်ရှင်

အရင်တုန်းကလည်း
အကြာကြီး စောင့်နေခဲ့တာပဲ
လက်မှတ်ပေါက်နား ရောက်မှ
နောက်က ကြားဖြတ်တဲ့ လူတွေနဲ့
အော်ဟစ် တွန်းတိုက်ပြီး
လက်မှတ်ရအောင် ၀ယ်ခဲ့တာပဲ
ညစ်ပတ်နံစော်နေတဲ့ အိမ်သာအထဲ
နှာခေါင်းပိတ်ပြီး ကိစ္စရှင်းလိုက်တာပဲ
မပြခင် မှောင်နေတဲ့ရုံထဲ
ကိုယ့်ခုံ ကိုယ်တွေ့အောင်ရှာတာပဲ
ကိုယ်ခုံ သူများဝင်ထိုင်နေလည်း
မောင်းထုတ်တန် မောင်းထုတ်
ရန်ဖြစ်တန် ရန်ဖြစ်လိုက်တာပဲ
ဂျပိုးကိုက်တာလောက်ကို
စာမဖွဲ့ပဲ ကြည့်ကြတာပဲ
ဇီးစေ့နဲ့ အပေါက်ခံရလည်း
ဆဲစရာရှိ ဆဲလိုက်တာပဲ
မီးပြတ်သွားတာမျိုးလည်း
ဟေး ၀ါး နဲ့ အော်လိုက်တာပဲ
တုန်တာ မှုန်တာ တွေကျတော့
တုန်းခြင်း မှုန်ခြင်း သည်းခံပါဆိုတာ
စကတည်းက သိပြီးသားပဲ
ဘေးနားက ခလေးသေးတည်လို့
ကိုယ့်ခြေထောက် စိုနေတာမသိ
ရုပ်ရှင်ထဲ ငြိနေတာပဲ
ဒါဖြင့် ခုမှဘာဖြစ်လို့ ပြောနေသလဲဆိုတော့
ခုဟာက ဇာတ်လမ်းမှ မကောင်းတာ။


AA ရေးဖွဲ့သည်။
..............................
............................................................................................

အဲဒီ ရုပ်ရှင် ဆိုတဲ့ အပေါ်က ကဗျာကို ကိုအေးအောင် တယောက် ထောင်ထဲကနေ ခံစားရေးဖွဲ့ခဲ့တာပါ။
ကိုအေးအောင်ဘယ်သူလဲ၊ ဘယ်လိုလူလဲဆိုတာ အကျဉ်းချုပ်ပြီးတင်ပြချင်ပါတယ်

 
၁၉၉၆ ခုနှစ်မှာ ကိုအေးအောင် ဟာ ဒဂုံတက္ကသိုလ် အဝေးသင် ရူပဗေဒ အဓိက ဒုတိယနှစ် ကျောင်းသား တယောက်ဖြစ်ပြီး ၁၉၉၆ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးလှုပ်ရှားမှု (၉၆ ကျောင်းသား လှုပ်ရှား မှု)တွေမှာ တက်ကြွစွာပါဝင်ခဲ့သူဖြစ်ပါတယ်။ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူဖြစ်ပါတယ်။

ကိုအေးအောင်ဟာ ၁၉၉၈ ခုနှစ်မှာ တက္ကသိုလ်အဝေးသင် စာမေးပွဲတွေကို တက္ကသိုလ်ကျောင်းတွေမှာ ဖြေဆိုခွင့်မပြုတော့တဲ့ အစိုးရ ရဲ့ မတရားတဲ့အမိန့်တွေကို ကန့်ကွက်ခဲ့ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ပါတီရဲ့ ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ခေါ်ယူရေးကို ၀န်းရံထောက်ခံပြီး ကျောင်းသားလှုပ်ရှားမှုတွေဖော်ထုတ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပါတယ်။

၁၉၉၈ စက်တင်ဘာလထဲမှာ ကိုအေးအောင် ဟာ ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမျိုးမင်းဇော်နဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ ၄င်းတို့နှစ်ယောက်ဟာ စစ်ကြောရေးမှာ ထောက်လှမ်းရေးတွေရဲ့ ရက်ရက်စက်စက် ညှင်းပမ်းနှိပ်စက်တာကို ခံခဲ့ရတဲ့အပြင် စစ်အစိုးရရဲ့ အငြိုးအတေးနဲ့ပဲ ထောင်ဒဏ် နှစ်ရှည်ကျခံခဲ့ရပါတယ်။ အဖမ်းခံခဲ့ရစဉ်က အသက်  ၂၀ အရွယ်ရှိသေးတဲ့ ကိုအေးအောင်ဟာ ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ထောင်တွင်းတိုက်ပွဲတွေမှာ ကိုအေးအောင် တက်ကြွစွာပါဝင်လေ့ရှိပါတယ်။

စစ်အစိုးရရဲ့ အငြိုးအတေးဟာ ဒီမှာတင် ပြီးဆုံးသွားခဲ့ခြင်းမရှိပါဘူး။ ကိုအေးအောင်ကို မိဘဆွေမျိုးများနဲ့ ဝေးတဲ့ ကလေးမြို့   ကလေးထောင်ကို ပို့ခဲ့ပါတယ်။ ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို တိုက်ပိတ် ထားလေ့ရှိပါတယ်။ ထောင်ထဲမှာ ထောင်အာဏာပိုင်တွေရဲ့ မကြာခဏ ရိုက်နှက်ညှင်းပမ်းမှုကို ခံကြရပါတယ်။  ကလေးထောင်ဟာ နာမည်ကြီးပါတယ်။ မူးယစ်ဆေးဝါးမှုနဲ့ ထောင် ၂ လ ကျလာတဲ့ ကလေးမြို့ သား မောင်ဝင်းကို ကို ထောင်အာဏာပိုင်တွေက လူရှေ့ သူရှေ့ မှာတင် သေတဲ့အထိ ရိုက်သတ်ခဲ့ဖူးပါတယ်။

ကိုအေးအောင်ကို စစ်ထောက်လှမ်းရေးတွေက အကြိမ်ကြိမ်ဆွေးနွေးပြီး လွတ်လာရင်ဘာလုပ်မလဲလို့မေး ပါတယ်။ ဒီအခါမှာ ကိုအေးအောင် ပြန်ဖြေတတ်တာက သူဟာ ဓမ္မ နဲ့ အဓမ္မကို ကောင်းကောင်းခွဲခြားသိမြင်သူမို့  အဲဒီ ဓမ္မ ကို ချစ်မိတဲ့ဒဏ် သူရဲရဲဝံ့ဝံ့ခံမယ်တဲ့။ ကိုအေးအောင် ဟာ အမြဲတမ်း လန်းလန်းဆန်းဆန်းနဲ့ တက်တက်ကြွကြွ ရှိနေတတ်သူဖြစ်ပါတယ်။ ရိုးသားတယ်၊ ရဲရင့်တယ်၊ အမှန်တရားကို ချစ်မြတ်နိုးသူဖြစ်တယ်။ 

လတ်တလော ပြန်လွတ်လာတဲ့ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှာထင်ရှားတဲ့ အရှင်ဦးဂမ္ဘီရဟာ ကလေးထောင်က ပြန်လွတ်လာတဲ့ သံဃာတော်ဖြစ်ပါတယ်။ ကိုအေးအောင် အကြောင်းကို အရှင်ဂမ္ဘီရပြောပြနိုင်ပါလိမ့်မယ်။


ထောင်ဒဏ် (၅၉ )နှစ် ချမှတ်ခံထားရတဲ့ ကလေးထောင်က ကိုအေးအောင် ရဲ့ သတင်း (၁၈.၁.၂၀၁၂) http://soundcloud.com/dvbradio/aye-aung-father-interview

ရည်ညွန်း
http://www.yeyintnge.com/2011/07/blog-post_9868.html
http://naratheinsound.blogspot.com/2011/05/blog-post_08.html
http://ppdict.blogspot.com/2011/11/blog-post_17.html
https://www.myanmarisp.com/20080816/NewsRecord03/news0759
http://www.mizzimaburmese.com/edop/songpa/8852-2012-01-08-07-24-48.html
 

No comments: