4:51pm Jan 22 |
စစ်နဲ့ ငြိမ်းချမ်းရေး ၊ ကျွဲတစ်ဖက် နွားတစ်ဖက် ဖိနပ်စီးပြီး
သံချေးတက် မျှော်လင့်ချက်ကို ဓားတစ်လက်လိုသွေးရင်း
အကြောက်တရားကို ရာဇ၀င်မှာ ခေါက်သိမ်းထားခဲ့
အဟောင်းထည်များ ၀တ်ဆင်ဖို့
မဲဆွယ်နေတဲ့ ဈေးသည် မဟုတ်ဘူး...။
ခံစားချက် ပြင်းထန်တဲ့ ကောင်းကင်ကို
အမှောင်တိမ်များ နားမျက်စိ ပိတ်ဖို့ ကြိုးစား
ပစ္စုပ္ပန်ဟာ စုတ်ပြီးသားကြံဖတ်လို စုတ်ပြတ်သတ်နေတာ မေ့လျော့
အနာဂတ်ဟာ ဖျာတစ်ချပ်ဖြစ်ရင်တောင်
ပွဲလန့် တုန်း ဖျာခင်းယုံမက
နှစ်ချို့ အတွေးအခေါ်နဲ့တစ်ချို့ မင်းသားမလုပ်ရလို့ ပန်းမကြီးပါထိုးဖောက်ချင်ကြတယ်.
သံတမန်တွေ ခဏခဏ ရောက်တဲ့ ဟန်ပြချိတ်ထားစဲ ပြက္ခဒိန်နေ့ရက်တွေမှာ
အမှောင်များ ကျန်းကျန်းမာမာ ခြေကျင်လျောက်
ကျောင်းတော်က ရန်စ သွေးစတွေက မင်းမူကာ
ပြုပြင် ပြောင်းလဲခြင်းကို အတိတ်တစ္ဆေလို ကြောက်နေတယ်...။
သက်ပြင်းတွေ အခါခါချရင်း မျက်တွင်းများလဲကျ
ဘ၀ဟာ ဆင်ဆာဖြတ်ရုပ်ရှင်လို ပေါ့ပျက်ပျက်
အိပ်စက်နေတဲ့ ယုံကြည်ချက်တွေ တစ်ဖန်နိုးထဖို့
ခံစားချက်များကို နာရီလို သံပတ်ပေးလိုက်ကြ......။
ခပ်ပေါ့ပေါ့ အပေါစား ဈေးဝယ်ထွက်နေတာ မဟုတ်ဘူး
အမှန်တရားကို အမဲလိုက်နေတာ
အမှားတွေအား တစ်သွင်သွင် အားပါးတရ ခေါင်းခါ
ပေးဆပ်ခဲ့ ဒုက္ခ သစ်သီးတွေ တစ်နေ့ မှာ ဆေးဖက်ဝင်လာလိမ့်မယ်....။
အောင်ခိုင်မြင့်
22 January 2012
![]() | New Generations: ခံစားချက်များကို နာရီလို သံပတ်ပေးလိုက်ကြ......။
|
No comments:
Post a Comment