Tuesday, January 24, 2012

သူငယ်ချင်းကောင်းတို့လေ


ကဗျာဆရာကြီးတင်မိုးကွယ်လွန်သွားတာ
၅နှစ်ပင်ကြာလာပေါ့။ သူရေးခဲ့တဲ့ကဗျာက
အနားမှာလာခေါ်နေသယောင် ဟောဒီလိုကြား
ယောင်လာပြန်တယ်။
သူငယ်ချင်းကောင်းတို့လေ

ဓားပြ သူခိုး၊ ကုလားမ ပိုးတဲ့
လှစိုးရေ …..  လာဟေ့။

ခြင်ထောင်ဘေးမှာ
ယင်ကောင်တဖွေးဖွေးနဲ့
ခင်မောင်လေး လဲ ပါပစေ။

အဆိုကျော် မာမာအေးလဲ
အလိုတော် - ဘာညာမမေးစေနဲ့
အပါကလေးသာ ခေါ်ခဲ့။

ကဗျာအရေး စာအရေးဆိုရင်
ပုဝါလေး တစနဲ့
အသာလေး ထ, လိုက်လာလိမ့်မယ်။

ပုဆိုး ထမိန်ကအစ ပေါင်မယ့်
စိုးချိန် အာဂကောင်လဲ
ယောင်တောင်တောင် လုပ်မနေစေနဲ့
ဂုတ်ဆွဲလို့သာခေါ်
ဘယာကြော် စားရအောင်။

အပျိုတွဲလဲတွဲလဲနဲ့
ကိုရဲဆိုတဲ့ ဟိုအကောင်လဲ ပါမှဖြစ်မယ်။

ပျိုတုန်းရွယ်တုန်း အရွယ်မှာ မနီးခဲ့တဲ့
ကိုဘုန်းကြွယ်ကြီးလဲ ချန်ပစ်မထားခဲ့နဲ့
ကျန်ရစ်သား ဖြစ်တာ များလှညပီ။

ဖို့တ၀ိန်းမြို့ စတိတ်နဲ့ ၀ဲလ်လမ်းက
တို့အမြဲတမ်း ထိုင်တဲ့ ဒိုးနပ်ဆိုင်ကို လာခဲ့။
ဒီဘက်က တီးတခွက် ဖျော်ပြီး
ဟိုဘက်က Lee ကြက်ကြော်နဲ့ ဆို
အမြည်းအတွက် တော်ပြီ ဟေ့။

မြန်မာပြည် အလွမ်းတွေကို
နာရီတွေ ကျွမ်းသွားမတတ်
ကဗျာစီကြ အာချောင်ကြနဲ့
မဟာအမှောင်ညတွေကို ငါတို့ ကျော်ဖြတ်ကြမယ်။

လာကြဟေ့ သူငယ်ချင်းတို့။

တင်မိုး ၂၄၊ ၉၊ ၂၀၀၆
အက်ဆမ်မြို့ ဘယ်လဂျီယမ်နိုင်ငံ။

သမီးရှိရာ ဘယ်လဂျီယမ်နိုင်ငံကနေ သူငယ်ချင်းတတွေကို တမ်းတ သတိရရင်
သဘာဝ သဘော ဟာသနှောပြီး
ရေးလိုက်တဲ့ကဗျာ ချစ်စရာလေးကို
အသစ်တဖန်တွေးရင်း အဆင်းလှလှ
ကဗျာစာစီသ လိုက်ရပါတယ်။

ဆရာမိုးရဲ့ခေါ်သံ
ဟိုအတိတ်ဆီမှာကျန်ခဲ့ပေမဲ့
သူ့ရဲ့မာန်  သူ့ရဲ့ဟန်ကတော့
ဝဲပျံနေဆဲ စွဲကျန်နေမြဲပါ။

သူ့ရေးဟန် တွေးဟန်နဲ့
ဝေးယံက အကြောင်းတွေဆက်
ကျောင်းနေဘက် သူငယ်ချင်း
အပေါင်းသင်း ရောင်းရင်းတွေကို
အကောင်းသတင်းမေးရင်း
တေးသီချင်းတွေဆို
စိတ်အလိုကိုလိုက် အပျော်တွေကြိုက်
မိုက်လဲမိုက်ရဲ တိုက်လဲတိုက်ရဲတဲ့
တက္ကသိုလ်ကျောင်းသားဘဝ
ကဗျာသ စာချ အမှန်ပ တင်ပြလိုက်ချင်တယ်။

ကျောင်းတုန်းက သူငယ်ချင်းများ
(၁) စကားအရာမှာ မမောက်ကြွား
အသောက်အစားလည်းကင်း
အပျော်အပါးလည်းရှင်းပြီး
အိမ်တွင်းပုန်း ကုလားမလို
စာကိုသာ တကုတ်ကုတ်ဖတ်
အမှတ်တွေက ပြိုင်စံရှား
နိုင်ငံခြား မရောက်ဘဲ
ရှမ်းပြည်က လက်ဘက်ခြောက်နဲ့
ဆယ်သက်လောက် စါးမကုန်
ပွဲရုံကိုအုပ်စီးတဲ့ တရုတ်ကြီးကိုစိုးကြည်

(၂) ရေကူးတဲ့နေရာမှာ ညောင်ဦးဖီး
ဗလကြီးတဲ့နေရာမှာဟာကြူရီ
ကူညီပေးတာက တရုတ်ကြီး
ဘ၀ခရီး ဘယ်လိုလျှောက်လို့
ဘယ်ပေါက်ပြီး ဘယ်ဆီရောက်
စုံထောက်ချင်းဆိုင် သတင်းပြိုင်
ကိုဝင်းလှိုင် ခရမ်းသား အကြမ်းသမား။

(၃) အစားဆို ဆူဇကာရှုံးအောင်
လူတကာပြုံးလောက်တဲ့
အိုးလုံးမှောက် အပြောင်ရှင်း
ပုလောင်ထင်း ပလင်းထောင်တော့
ယောင်တောင်တောင် ကယောင်ကတမ်း
အိပ်မက်ဆန်းတွေပါမက်ပြီး
အိနြေ္ဒပါပျက်ရတဲ့
အရက်နားနီးကိုစမန်းကြီး
အမြည်းကိုမစွန့် ကိုသောင်းညွန့်
(၄) စပယ်စော စပယ်စော နဲ့
အလယ်သဘောတောင် အဆောင်မခေါ်ဘဲ
သန်းခေါင်ကျော် အိပ်မရလို့
စိတ္တဇဖြစ်ရ တဲ့
မင်းလှ က ဗလမောင်
လှထွန်းဆိုတဲ့ကောင် ယောင်တောင်တောင်။

(၅) တရုတ်အရေးအခင်းမှာ
မရှုပ်မရှင်း တရုတ်တန်းဆင်းပြီး
ဖားပြုတ်ဖမ်းခြင်း တလွယ်လွယ်နဲ့
လူလယ်ကောင်မှာ အသားကဖြူ
တရုတ်လူ ဆိုပြီး ၀ိုင်းကာရိုက်မှ
ငါကဖါထီး လာမတီးနဲ့
ကရင်ကြီး ကရင်လိုမှုတ်
ပုဝါလှုပ် က ပြမှ
လွတ်ခဲ့ရ ကရင်ထူး
ရူတူး ဆိုတဲ့အာဂမောင် မျက်နှာပြောင်။

(၆) အရပ်ကထောင်ထောင်မောင်း
အပေါင်းအသင်းကလဲဆန့်
လူရည်ကလဲသန့်သမို့
ခန့်ငြားတော့အပျိုတွေကြား
တကယ်ပင်ရေပန်းစားခဲ့တဲ့
မင်းသားယဉ်ချော ကိုအင်စော။

(ရ) ပျော်မဆုံး မော်မဆုံး ဘော်လုံး ဘော်လုံး
ဘော်လုံးလေးကို လှမ်းလှမ်းသယ်
သူ့နာမည် က စန်းစန်းနွယ်
စန်းစန်းနွယ် အဖေါ်ရှာ
ပါပရာ နဲ့ မအေဒါ
ကော်နီ ပါ တစုထဲ
စာဖတ်တော့ လဲ တတွဲတွဲ။

(၈) ကော်လာလေးတထောင်ထောင်
ဘိုကေလေးတပြောင်ပြောင်နဲ့
အာဘောင်က ခပ်ကောင်းကောင်း
အသံကလဲ ခပ်ညောင်းညောင်းမို့
နွှဲ့နွဲ့နှောင်းပျိုမဒီ Titly ကိုမသွေကြိုက်
အသေလိုက် အကြိုက်ဆောင်
သားကောင်ကိုမိအောင်ဖမ်း
လေပန်းထိပ်တန်း ကိုစိန်ရန်း

(၉) ကျန်းမာရေးလဲ လိုက်စား
ရေကူးသွားလဲ အကြိုက်သား
အားစိုက်ခွန်စိုက် ရေကူးလိုက်
အများလဲကြိုက် ဖလားလဲပိုက်
အတန်းထဲငိုက်လို့စံချိန်ချိုး
ရေသူမလေး ရိုစီဟိုး

(၁၀) ယုန်ကလေးက အမြီးထောင်
ပညာရှိယောင်ယောင်
အဆောင်မှာသေသေသပ်
ဘေးလူတွေကအမြင်ကတ်၊
အနေတတ်လို့ ထင်ထင်ပေါ်
သူ့နာမည်က ကိုကျော်ကျော်
အဖေါ်တွေ ခေါ်စမြဲ ကပ္ပလီ ဆိုလားပဲ။

နှစ်လေးဆယ်ကျော် ရှိပြီနော်
အဖေါ်အပေါင်း အချိန်တွေညောင်း
ပြန်ပြောင်းတွေ့တော့ အာတွေချောင်
တောင်ပြောမြောက်ပြော ပြောချင်ရာပြော
မမောနိုင်မပန်းနိုင် မြဲခိုင်ခိုင်
ယနေ့တိုင်ပင် မေ့မပစ်
မိတ်ဆွေစစ်ဆိုတာ ဒီလိုပဲ
အချိန်ပြောင်းလဲ စိတ်မပြောင်း
မိတ်ဟောင်းဆွေကောင်း ကောင်ညှင်းပေါင်း
ပေါင်းဖေါ်လို့နေ စေးကပ်လေ
ဒေသကွဲလဲ စိတ်ဝမ်းမကွဲ
တိုက်ပွဲအလီလီ စိတ်အညီညီနဲ့
တည်ကြည်အားစိုက် ဒို့တတွေတိုက်မည်
စိတ်ကြိုက်က်အောင်ပွဲ ရမှာမလွဲ။

တချိန်ကချစ်ကြတဲ့သူငယ်ချင်း ကိုကိုအောင်(ခ)တက္ကသိုလ်ဘုန်းကြွယ်

No comments: