Saturday, March 24, 2012

ကြားဖြတ် ရွေးကောက်ပွဲသတင်းများ

ပြိုင်ဆိုင်မှုပြင်းထန်မည့် ကြားဖြတ်ရွေးကောက်ပွဲ

'နေပြည်တော်မှာ အင်န်အယ်လ်ဒီရဲ့ အဓိက ပြိုင်ဘက်က ကြံ့ခိုင်ရေးပါတီပါ'ဟု ဆိုနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော် သီရိလေးမြို့နယ် တွင် ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲသည် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကြား ပြင်းထန်သည့် ပြိုင်ဆိုင်မှုဖြစ်မည်ဟု နိုင်ငံရေး ပါတီများနှင့် ဒေသခံများက ဆိုသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော နေပြည်တော် ဥတ္တရ သီရိ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိနှင့် ပုဗ္ဗသီရိ မြို့များရှိ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကသာ မဲဆန္ဒနယ် လေးနယ် စလုံး တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ဦးကြည်မြင့် က ဥတ္တရသီရိမြို့ မဲဆန္ဒနယ်နှင့် ပုဗ္ဗသီရိ မြို့နယ်တွင် တစ်သီးပုဂ္ဂလိက ကိုယ်စား လှယ်လောင်း ဦးမြင့်လွင်သန်း တို့ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။

"နေပြည်တော်မှာ အင်န်အယ်လ်ဒီရဲ့ အဓိကပြိုင်ဘက်က ကြံ့ခိုင်ရေးပါတီပါ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥတ္တရ သီရိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမင်းသူက ပြောသည်။

"ကျွန်တော်တို့ ဇမ္ဗူသီရိမှာမှ မဟုတ်ပါ ဘူး။ တစ်နိုင်ငံလုံးမှာ ပါတီကြီးနှစ်ခုဖြစ် တဲ့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီနဲ့ အင်န်အယ်လ်ဒီက အကြိတ်အနယ် ယှဉ်ပြိုင်ရမှာပါ"ဟု ပြည်ခိုင်ဖြိုးပါတီ၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးက ပြောသည်။

လက်ရှိ သမ္မတဦးသိန်းစိန် ၂၀၁၀ ပြည့် နှစ် ရွေးကောက်ပွဲက အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်ဖြစ်သည့်အတွက် တာဝန်ကြီး သည့်အပြင် မျှော်မှန်းထားသည့်နေရာ မဟုတ်သော်လည်း အနိုင်ရမည်ဟု ယုံကြည်ကြောင်း ဦးဝင်းဌေးက ပြောသည်။ ပါတီများအနေဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နောက်ပိုင်းမှစတင်၍ စည်းရုံးရေး ဆင်းမှုများပြုလုပ်ခဲ့ပြီး ယခုအချိန် (မတ် လ ၂၀ ရက်)အထိ သက်ဆိုင်ရာ မဲဆန္ဒ နယ်ရှိ ရပ်ကွက်၊ ကျေးရွာအားလုံးနီးပါး ကို ဆင်းထားပြီးဖြစ်သည်ဟု ကိုယ်စား လှယ်လောင်းများက ပြောကြားသည်။

"၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးက စည်းရုံး ရေးတော်တော်ဆင်းတယ်။ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီက စည်းရုံးရေး ဆင်းတာ နည်းတယ်။ အခု တော့ အင်န်အယ်လ်ဒီက ပြည်ခိုင်ဖြိုး ထက် စည်းရုံးရေးဆင်းတာ ပိုများတာ တွေ့ရတယ်"ဟု နေပြည်တော်ခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောသည်။

"စည်းရုံးရေးက တော်တော်များများ ဆင်းပြီးပါပြီ။ ကိုယ့်အနေနဲ့က ရုံးမရှိသေး တဲ့၊ မရောက်သေးတဲ့နေရာတွေက ဖိတ်ခေါ်ထားတာ တွေ ရှိပါတယ်"ဟု အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးမင်းသူက ပြောသည်။

ပြည်သူများအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်အား လေးစားအားကိုး ယုံကြည်မှု၊ အင်န်အယ်လ်ဒီပါတီ၏ ၂၃ နှစ်ကြာမျှ ပြည်သူ့ အကျိုးအတွက် ရပ်တည်ခဲ့မှုများအတွက် မဲပေးလိမ့်မည် ဟု အင်န်အယ်လ်ဒီ ကိုယ်စားလှယ် လောင်းများက ပြောသည်။

"ကျွန်တော်ကတော့ ဇမ္ဗူသီရိမြို့နယ် တစ်ခုလုံး ကွက်ပြည့်နင်းထားပါတယ်။ ပြည်သူတိုင်းလည်း အကောင်းမြင်သမား မဟုတ် ဘူးလေ။ အဆိုးမြင်တာလည်း ရှိပါတယ်။ အများအားဖြင့် ကျွန်တော်တို့ ကို ထောက်ခံတာတွေ့ရပါတယ်" ဟု ဦးဝင်းဌေးက ပြောသည်။

ဒေသခံဖြစ်ခြင်း၊ ဒေသဖွံ့ဖြိုးမှုများကို အသင်းဘ၀ကပင် လုပ်ဆောင်ပေးခဲ့ ခြင်းကြောင့် ပြည်သူက ထောက်ခံမည် ဟု ထင်ကြောင်း ၎င်းက ပြောသည်။

"ကျွန်မတို့ ဒေသခံမဟုတ်ပေမယ့် တစ်နိုင်ငံလုံး ဒီမိုကရေစီအရေးအတွက် လုပ်လာတာပါ။ ဒေသတစ်ခုတည်း အတွက် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးက ပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးအတွက်ပါ"ဟု ဇမ္ဗူသီရိမြို့နယ်၊ အင်န်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ပြောသည်။

ဇမ္ဗူသီရိမဲဆန္ဒနယ်တွင် မဲပေးနိုင်သူ ပေါင်း ၄၄,၀၀၀ ကျော်အနက် မဲပေးနိုင် သူ ၀န်ထမ်းဦးရေ ၃၇,၀၀၀ ကျော် ရှိသဖြင့် မဲပေးနိုင်သူ ဦးရေ၏သုံးပုံ နှစ်ပုံကျော်ရှိ သည်ဟုဆိုနိုင်ကြောင်း၊ ၀န်ထမ်း ရပ်ကွက် ကိုးရပ်ကွက်လုံး၌ စည်းရုံးရေး ဆင်းပြီးဖြစ်သည်ဟုလည်း ၈၈ မျိုးဆက် ကျောင်းသူတစ်ဦးဖြစ်သူ ဒေါ်စန္ဒာမင်း က ပြောသည်။

"၀န်ထမ်းတွေမှာ ဘယ်ကိုမဲပေးရ မယ်။ ဘယ်ကိုမဲမပေးရဘူးဆိုပြီး ဖိအား ရှိမနေပါဘူး။ ကျွန်မကိုလည်း တကယ့် ကို လှိုက်လှိုက် လှဲလှဲ အားပေးထောက်ခံ ကြတယ်။ အနိုင်ရမယ်လို့ ယုံကြည်ပါ တယ်"ဟု အကျဉ်းသားဟောင်းတစ်ဦး ဖြစ်သူ ဒေါ်စန္ဒာမင်းက ပြောသည်။

မဲဆန္ဒရှင်များတွင် ဒေါ်အောင်ဆန်း စုကြည်အား ကြည်ညိုလေးစားခြင်း၊ အင်န်အယ်လ်ဒီ၏နှစ်ပေါင်းများစွာ ဒီမို ကရေစီရေး ကြိုးပမ်း မှုများကြောင့် မဲထည့်မည့်သူများရှိသကဲ့သို့ လက်ရှိ အစိုးရအဖွဲ့ခေါင်းဆောင်၏ ပါတီဖြစ် ခြင်း၊ လမ်းဖောက်ပေးခြင်း၊ ရေရရှိရေး ဆောင် ရွက်ပေးခြင်းစသည့် ဒေသဖွံ့ဖြိုး ရေးဆောင် ရွက်မှုများကြောင့် ပြည်ခိုင် ဖြိုးပါတီ မဲထည့်သူများလည်း ရှိမည်ဟု ဒေသခံများက ပြောသည်။

"ကျွန်တော်တို့က ရွာကတော့ ပြည်ခိုင် ဖြိုး မဲထည့်မယ့်သူများတယ်။ သူတို့က လမ်းဖောက်ပေး၊ မီးပေးတာတွေ လုပ် ပေးနိုင်တယ်။ အိမ်က လူကြီးတွေက လည်း ပြည်ခိုင်ဖြိုးကို မဲထည့်မှာဆိုတော့ ကျွန်တော်လည်း ထည့်ရမှာပေါ့" ဟု လူဦးရေ ၅၀၀ ခန့်ရှိသည့် ဇမ္ဗူသီရိမြို့၊ သဲကြီးကုန်းရွာနေ အသက် ၂၅ ခန့်ရှိ ကိုဆန်းမင်းထူးက ပြောသည်။

"ကျွန်တော်ကတော့ ဇေယျာသော်ကို မဲပေးသွားမယ်။ အမေစုကို ထောက်ခံ လို့ ဇေယျာသော်ကို မဲပေးစို့ဆိုတာ သိပ်သဘော ကျတယ်"ဟု ပုဗ္ဗသီရိ မြို့နယ်၊ ၀ဏ္ဏဒီပရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် ကိုဖြိုးက ပြောသည်။

"ကျွန်တော်တို့ရင်ထဲမှာ ဘယ်သူ့ကို မဲပေးမယ်ဆိုတာ ရှိပြီးသားပါ"ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဥတ္တရ သီရိ၌ ဦးမင်းသူ (အင်န်အယ်လ်ဒီ)၊ ဦးလှသိန်းဆွေ (ပြည်ခိုင်ဖြိုး)နှင့် ဦးကြည် မြင့် (တစည)၊ ပုဗ္ဗသီရိ၌ ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်(အင်န်အယ်လ် ဒီ)၊ ဦးသာဌေး(ပြည်ခိုင်ဖြိုး)နှင့် ဦးမြင့် လွင်သန်း(တစ်သီးပုဂ္ဂလ)၊ ဇမ္ဗူသီရိ၌ ဒေါ်စန္ဒာမင်း(အင်န်အယ်လ်ဒီ)နှင့် ဦးဝင်းဌေး(ပြည်ခိုင်ဖြိုး)နှင့် ဒက္ခိဏသီရိ ၌ ဦးနိုင်ငံလင်း (အင်န်အယ်လ်ဒီ)နှင့် ဦးမောင်ရှိန်(ပြည်ခိုင်ဖြိုး)တို့ ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အားလုံးတွင် ပြိုင်ဘက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကို ပြတ်ပြတ် သားသား အနိုင်ရခဲ့ပြီး အနိုင်ရကိုယ်စား လှယ်များသည် သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ၀န်ကြီးများအဖြစ် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသည်။

သတင်း...မြန်မာတိုင်းဂျာနယ်


မဲဆန္ဒနယ် ၄၀ ၀န်းကျင်လောက် နိုင်မယ်လို့ မျှော်လင့်ပါတယ် - ဦးဉာဏ်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရက်အနည်းငယ်သာ ကျန်ရှိသည့် အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုနှင့် ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းအား မြန်မာတိုင်း(မ်)မှ ရွှေယင်းမာဦးက မတ်လ ၂၁ ရက်နေ့၌ တွေ့ဆုံမေးမြန်းထားသည်။

* အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးမှု နည်းဗျူဟာကို ရှင်းပြပေးပါ။

အဓိကအားဖြင့် ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ ကြေညာ စာတမ်း ပေါ်မှာ အခြေပြုပြီးလုပ်တယ်။ ဒီရွေးကောက်ပွဲ ကြေညာစာတမ်း မှာပါတဲ့ အချက်တွေကို ပြည်သူတွေအားလုံး နားထဲ လက်ထဲ ရောက်အောင် အန်ကယ် ကြိုးစားလုပ် တယ်။ အန်ကယ်တို့လုပ်တဲ့ ကာလမှာ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲတွေ အများကြီးရှိတယ်။ လူတိုင်း သိနေတဲ့ မဲ စာရင်းတွေက အလွန့်အလွန်ကို မှားနေတယ်။ ဘာ ကြောင့်ဖြစ်လဲ စဉ်းစားတဲ့ အခါမှာ အောက်ခြေ ကော်မရှင်ရုံး တွေက ရုံးမရှိဘူး။ ၀န်ထမ်းမရှိဘူး။ လိုအပ်တဲ့ စက်ပစ္စည်းတွေမရှိဘူး။ အဲတော့ သူတို့က လည်း နိုင်သလောက်အင်အားနဲ့ပဲ လုပ် လို့ ဒီလိုဖြစ် တယ်လို့ နားလည်ထားတယ်။ အဲဒီလို မဲစာရင်းမပြည့်မစုံတာတွေဟာ အခုထိ မပြေလည်သေးဘူး။ မဲစာရင်းကို မရတဲ့နေရာတွေ၊ ဥပမာ တောင်တွင်းကြီးမှာ မရသေးတဲ့ကျေးရွာတွေ အများကြီး ရှိသေးတယ်။

* အဲဒီပြဿနာကို ဧပြီ ၁ ရက်နေ့အထိ ဖြေရှင်းလို့ မပြီးဘူးဆိုရင် ဘယ်လို ဖြစ်လာမလဲ။

ဖြေရှင်းလို့မပြီးဘူးဆို အန်ကယ်တို့ရဲ့ အဖွဲ့ဝင်တွေကိုမှာနေတာ။ အန်ကယ် တို့မှာ မဲရုံကိုယ်စားလှယ်၊ မဲရုံအကူ ကိုယ် စားလှယ် နှစ်ယောက်ရှိတယ်။ ဒီနှစ် ယောက်ကို ဒီအမှားအယွင်းစာရင်းကို ကိုင်ခိုင်းထားမယ်။ မဲလာပေးလို့ ဒီအမှား စာရင်းထဲကဆို ကန့်ကွက်ရမယ်။ ဒါ နောက်ဆုံး Checkpoint ပဲလို့ နားလည် ထားတယ်။

* ၂၀၁၀ တုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မှတ်ပုံလည်းမတင်ဘူး၊ ၀င်လည်းမပြိုင်ဘူးပေါ့နော်။ အဲဒီ ရွေးကောက်ပွဲကို မြင်ခဲ့ရတာနဲ့ အခု ကြားဖြတ်ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ် ပေးပါလား အန်ကယ်။

၂၀၁၀ မှာတုန်းကတော့ မဲစာရင်းကို ကူးလို့ရှိရင် တစ်မျက်နှာကို ကျပ် ၂၀၀ ပေး ရတယ်။ အလွန်များတယ်။ မဲစာရင်း စာရွက်ကလည်း ထောင်ချီနေတော့ ငွေ အများကြီးကုန်တဲ့အတွက် မကူးကြဘူး။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတော့ မသိဘူး။ ကျန် ပါတီတွေ ဘယ်သူမှမကူးဘူး။ မကူးတော့ စစ်ဆေး ကြည့်ဖို့ အခက်အခဲရှိတယ်။ မလုပ်နိုင် ဘူး။ မစစ်ဆေးနိုင်တဲ့အချက်တွေကိုပဲ တချို့ကော်မရှင်တွေက အဲဒါကိုပဲ ထိုး တင်ပေးလိုက်တဲ့သဘော။ ၂၀၁၀ တုန်း က ရှိပြီးတော့ ယနေ့ကွယ်လွန်သွားကြတဲ့ လူတွေ (စာရင်းထဲမှာ) အဲဒီအတိုင်းရှိနေ တယ်။ အဲဒါကြောင့် အဲဒီလိုဖြစ်နိုင်တယ် လို့ တွက်တာ။

* ဒါဆို ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှုရှိတယ် မရှိ ဘူးဆိုတာကျတော့ အန်ကယ်တို့ ဒီ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ် ဆေးမှာလား။

ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ် လပ်ပြီး တရားမျှတတယ်လို့ ပြောရတဲ့ အဆင့်ကို အန်ကယ်တို့ အများကြီး စိုးရိမ်တယ်။ အန်ကယ်တို့ အခုလုပ်နေ တာလည်း မဲစာရင်းတွေကိုပြင်ဖို့ ပြုဖို့ လိုတာတွေထည့်ဖို့၊ မှားတာတွေပြင်ဖို့ လုပ်နေတာဟာ တရားမျှတတဲ့ ရွေး ကောက်ပွဲဖြစ်ဖို့လုပ်နေတာ။ အင်န် အယ်လ်ဒီပါတီတစ်ခုတည်း အကျိုးခံစား ရမှာမဟုတ်ဘူး။ ပါတီအားလုံး အကျိုး ခံစားရမယ့် အလုပ်ကို လုပ်နေတာပါ။

* တကယ်လို့ ရွေးကောက်ပွဲဟာ တရား မျှတမှုမရှိခဲ့ဘူးဆိုရင် ရွေးကောက်ပွဲ အပြီးမှာ အန်ကယ်တို့ ဘာဆက်လုပ် မှာလဲ။

ကမ္ဘာပေါ်မှာ ဘယ်ရွေးကောက်ပွဲ ဖြစ်ဖြစ် ချို့ယွင်းချက်ရှိတာပဲ။ ချို့ယွင်း ချက်လေးတွေ့ရုံနဲ့ free and fair မဖြစ် ဘူးလို့လည်း ပြောလို့မရဘူး။ အားလုံး ခြုံငုံပြီးတော့မှ ပြောလို့ရတော့မယ့် ကိစ္စ။ အခုလည်း ရွေးကောက်ပွဲနီးလာ ပြီ၊ ပြဿနာတွေ များတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ ဘယ်လောက်ထိ မျှမျှတတ မဲရုံမှူးတွေက ကြီးကြပ်မလဲ။ အန်ကယ်တို့ကရော ဘယ်လောက် ထောက်ပြနိုင်မလဲ။ ဒီအပေါ်မှာ မူတည် ပြီးမှ free and fair ဆိုတာကို အန်ကယ် တို့ ပြန်သုံးသပ်ရမှာပေါ့။

* ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည် ထောင်စုအဆင့်က ၄၆ နေရာပဲရှိတာ ဆိုတော့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ အသွင်ပြောင်းရေးမှာ ဘယ်လောက် အထိ အကျိုးသက်ရောက်မှုရှိမယ်လို့ ထင်ပါသလဲ။

အရေအတွက်အားဖြင့် ပြောမယ်ဆို ရင်တော့ အရေအတွက်က ရာခိုင်နှုန်း အများကြီးနည်းပါတယ်။ ဒါပေမယ့် အန်ကယ်တို့ရဲ့ ပြည်သူတွေရဲ့ဆန္ဒတွေ၊ ပြည်သူတွေ အကျိုးရှိမယ့်ကိစ္စတွေကို ဒီလောက်နည်းနည်းနဲ့လည်း လွှတ်တော် မှာ တင်ပြနိုင်တယ်။ ဥပဒေကြမ်းလုပ်နိုင် တယ်။ မေးခွန်းထုတ်နိုင်တယ်။ အန်ကယ် တို့လုပ်တာသည် ပြည်သူကို အကျိုးပြု တာဖြစ်လို့ ကျန်သော လွှတ်တော်ကိုယ် စားလှယ်တွေကလည်း ပါဝင် နိုင်တယ်လို့ အန်ကယ်တို့ ယုံကြည်ထားတယ်။

* အန်ကယ်တို့ ၀င်ပြိုင်မယ့် ၄၇ နေရာ မှာ ဘယ်နှနေရာလောက် နိုင်မယ် လို့ ကြိုခန့်မှန်းထားလဲ။

အန်ကယ်တို့ခန့်မှန်းခြေကတော့ ၄၀ ၀န်းကျင်လောက်တော့ နိုင်လိမ့်မယ်လို့။ ဒါပေမယ့် ဆောင်ရွက်နေတာကတော့ ၄၇ နေရာ စလုံးနိုင်အောင်လို့ ဆောင်ရွက် နေပါတယ်။



ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံတွင်း ဝင်ရောက်ခွင့်ရရှိသူများ ဝတ်စားဆင်ယင်မှု ကန့်သတ်

ဧပြီ(၁)ရက်နေ့တွင်ကျင်း ပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံသည် မဲဆွယ်စည်းရုံးရန်နေရာ မဟုတ်သည့်အတွက် မဲရုံတွင်းသို့ဝင် ရောက်ခွင့် ရှိသူများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဝတ် စားဆင်ယင် မှုကိုကန့်သတ်ထား ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကျင်းပသည့် နေ့တွင် မဲရုံးတွင်းဝင်ရောက်ခွင့် ရှိသည့်ေးရွကောက်ပွဲဝင် ကိုယ်စား လှယ်လောင်းများ၊ ကိုယ်စားလှယ် လောင်း၏ ကိုယ်စားလှယ်များ၊ မဲရုံကိုယ် စားလှယ်နှင့် အကူကိုယ်စားလှယ် များ သည် မဲရုံးတွင်း သို့ ဝင်ရောက် ခွင့်ရှိ သူ များဖြစ်ခြင်း ကြောင့် အဆိုပါပုဂိုလ် များအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထိုနေ့တွင် သပ်ရပ်သန့် ရှင်းသော ဝတ်စုံနှင့် တိုင်းရင်းသားဝတ် စုံများ ကိုဝတ်ဆင်ကြရန် ထုတ်ပြန် ထားကြောင်းသိရသည်။

‘‘ကျွန်မတို့ ခရိုင်ကော်မရှင်ရုံး ကိုသွားတော့ ကော်မရှင်က ပြောလိုက်တာက မဲရုံကိုယ်စားလှယ်နဲ့ အကူ ကိုယ်စားလှယ်တွေပါတီယူနီဖောင်း မဝတ်ရဘူး၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေပါတဲ့ စပို့ရှပ်တွေ မဝတ်ရဘူး၊ သပ်သပ် ရပ်ရပ်ဝတ်စုံတွပေဲ ဝတ်ရမယ်လို့ပြောတယ် အမှန်တကယ်တော့ ဒီအဝတ်အစားတွေ ဝတ်ရုံနဲ့တော့ မဆိုင်ပါဘူး ဘာကြောင့် ကန့်သတ်တယ်ဆို တာတော့ မသိပါဘူး မဲထည့်တဲ့သူတွေ ဝတ်လာရင်တော့ ကန့်သတ် လို့ရမှာ မဟုတ်ပါဘူး၊ ကျွန်မရဲ့ မဲရုံကိုယ်စားလှယ်တွေ အကူကိုယ်စားလှယ်တွေကိုတော့ မိန်းကလေးဆိုရင် အင်ကျီအဖြူနဲ့ ယောထမီ ၊ ယောက်ကျား လေးဆိုရင်တော့ အင်ကျီအဖြူနဲ့ ကချင်လုံချည်တွကေို ဝတ်ဆင် သွားမှာပါ ’’ ဟု မရမ်းကုန်းမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စား လှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာမေဝင်းမြင့် ကဆိုသည်။

''ကိုယ်စားလှယ်လောင်း နဲ့သူတို့တွေရဲ့ ကိုယ်စားလှယ်တွရော ၊မဲရုံကိုယ်စားလှယ်တွေ ၊အကူကိုယ် စားလှယ်တွေ အနေနဲ့မဲရုံဆိုတာ မဲဆွယ် စည်းရုံးတဲ့နေရာ မဟုတ်တဲ့အတွက် မဲရုံအတွင်းမှာ ပါတီရင်ထိုး တံဆပ်က လွဲလို့ ပါတီ အမှတ်အသား ပါတဲ့ အဝတ် အစားတွေ စည်းရုံးရေး အသွင်ဆောင်တဲ့အဝတ်အစားတွေ ဝတ်ဆင်လို့မရပါ ဘူး။ ဒါကြောင့် သက်ဆိုင်ရာပါတီ နဲ့ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ဂုဏ်သိက္ခာနဲ့ အညီ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ဖြစ်သောဝတ်စုံနဲ့ တိုင်းရင်းသား ဝတ်စုံများကို ဝတ်ဆင်ကြဖို့ ထုတ်ပြန်ထားတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကို ကိုကဆိုသည်။

အဆိုပါ ကြေညာချက် အား မတ်(၁၃)ရက်နေ့ကထုတ်ပြန်ခဲ့ ပြီး နိုင်ငံရေးပါတီများသို့ လည်းပေးပို့ ထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း.... Yangoon Media Group
 

ကချင်ပြည်နယ် ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်တို့၌ ဧပြီလ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေကောက်ပွဲများကို ရက်ရွှေ့ပြောင်းလိုက်ကြောင်းသိရ

ကချင်ပြည်နယ်ရှိ လစ်လပ်မဲ ဆန္ဒနယ် သုံးနေရာဖြစ်သော ဖားကန့်၊ ဗန်းမော်၊ မိုးကောင်းမြို့နယ်တို့တွင် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို လုံခြုံရေး အခြေအနေအရ ရက်ရွှေ့ပြောင်း လိုက်သည်ဟု သတင်းရရှိသည်။ မည်သည့်ရက်တွင် ပြန်လည်ကျင်းပမည်ဆိုသည်ကိုမူ မသိရှိရသေးပါ။

ဧပြီလ ၁ ရက်နေ့၌ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာထားရာ ယခုကဲ့သို့ ရွှေ့ ဆိုင်းလိုက်သောကြောင့် ၄၅ နေရာ တွင်သာ ကျင်းပတော့မည်ဖြစ်သည်။

သတင်း..... Eleven Media Group

လွတ်လပ်သော ရွေးကောက်ပွဲ အကဲခတ်အဖွဲ့ Anfrel က မြန်မာအစိုးရအား ရိုးသားဖြောင့်မတ်ရန်ဆို


(Bangkok Post မှ 22 March 2012 ရက်စွဲပါ Anfrel calls for Myanmar sincerity သတင်းကို YC မှဘာသာ ပြန်ဆိုသည်)။
လွတ်လပ်သော အာရှ ရွေးကောက်ပွဲ စောင့်ကြည့်သူများ ကွန်ရက်အဖွဲ့ (Asian Networks for Free Elections- Anfrel) အမှုဆောင် ဒါရိုက်တာ ဆွမ်ဆရီ ဟာနာနမ်တာဆပ်နှင့် လက်ထောက်နှစ်ဦးကို မြန်မာအာဏာပိုင် များက ပြည်နှင်ဒဏ် ပေးပြီးနောက် ကြာသပတေးနေ့တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး လွတ်လပ်ခွင့်ပေးမှုသည် ချွင်းချက် မရှိသင့်ဟု ဆွမ်ဆရီက ပြောကြားလိုက်သည်။

မစ္စဆွမ်ဆရီက မြန်မာအာဏာပိုင်များသည် သူမအား အင်္ဂါနေ့ ညပိုင်းက အတင်းအကျပ် ပြန်လည် ထွက်ခွာခိုင်းခဲ့ပြီး သူမ၏ လက်ထောက်များ ဖြစ်ကြသော ရန်ဆီမာနှင့် တက်ဆရူးတို့သည်လည်း နောက်တစ်နေ့တွင် အလားတူ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

ရွေးကောက်ပွဲ လေ့လာ စောင့်ကြည်သူ စစ်မှုထမ်းဟောင်း မစ္စ ဆွမ်ဆရီသည် မြန်မာနိုင်ငံတွင် ၆ ရက်ကြာ နေထိုင်ပြီးနောက် ပြည်နှင်ဒဏ် ပေးခံရခြင်း ဖြစ်ပြီး လက်ထောက်နှစ်ဦးမှာမူ ဗုဒ္ဓဟူးနေ့ညက ဘန်ကောက်သို့ ပြန်လည် ထွက်ခွာကြရန် မြန်မာ အာဏာပိုင်များ၏ အဓမ္မ ဖိအားပေးမှုကို ရင်ဆိုင်ခဲ့ကြရသည်။ anfrel အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မည့် ကြားဖြတ် ရွေးကောက်ပွဲ ကာလအတွင်း အဖွဲ့အစည်းနှင့် မဟုတ်သည့် လွတ်လပ်သော အကဲခတ်စောင့်ကြည့်သူများအား အစိုးရက ခွင့်ပြုမပြု ဆိုသည်ကို အတိအကျ စုံစမ်းရန်အတွက် မြန်မာနိုင်ငံသို့ မတ်လ ၁၅ ရက်ကပင် ရောက်ရှိနေကြခြင်း ဖြစ်သည်။ anfrel အာရှ ရွေးကောက်ပွဲ အကဲခတ် အုပ်စုသည် ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှတစ်ဆင့် နေပြည်တော်သို့ တရားဝင် တောင်းဆို လျှောက်ထားခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုကိုမျှ မရခဲ့ကြပေ။ ထို့ပြင် ယင်းတို့ ၃ ဦးသည် မှားယွင်းသော ပြည်ဝင်ဗီဇာဖြင့် ဝင်ရောက်လာခြင်း ဖြစ်သည်ဟု အာဏာပိုင်များ၏ ပြန်လည် စွပ်စွဲမှုကို ခံကြရသည်။

anfrel အဖွဲ့ကို ပြည်နှင်ဒဏ် ပေးပြီးနောက်တွင် နေပြည်တော် အာဏာပိုင်များက ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ အီးယူ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံများမှ ရွေးကောက်ပွဲ အကဲခတ်သူ နှစ်ဦးစီနှင့် သတင်းထောက် ၃ ဦးစီကိုသာ ခွင့်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များသည်လည်း မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ လေ့လာသူများ စေလွှတ်နိုင်ကြမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ နောက်ဆုံးပြုလုပ်ခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြိုတင် စည်းဝါးရိုက်ထားသော အကဲခတ် လေ့လာသူ အနည်းသာ ရှိခဲ့ပြီး တစ်ကမ္ဘာလုံးက ဝိုင်းဝန်း ရှုတ်ချခဲ့သော အဆိုပါရွေးကောက်ပွဲကို ဂုဏ်ပြု ချီးကျူးသော နိုင်ငံဟူ၍ မြောက်ကိုရီးယား တစ်နိုင်ငံတည်းသာ ရှိခဲ့သည်။ နေပြည်တော် အာဏာပိုင်များ ပြုလုပ်နေသော နိုင်ငံရေး လွတ်လပ်ခွင့် ဆိုသည်မှာ အစိုးရနှင့် အဆက်အသွယ်ရှိသူများ အတွက် သီးသန့် ဖြစ်ပုံရသည်ဟု မနှစ်က ဆွမ်ဆရီက ဘန်ကောက်တွင် ပြောကြားခဲ့သည်။

"တကယ်လို့ ဒီနိုင်ငံမှာ ဒီမိုကရေစီ ကူးပြောင်းမှုကို အဆက်မပြတ် ပြုလုပ်မယ်၊ မြန်မာအစိုးရကလည်း ပွင့်လင်း ရိုးသား ဖြောင့်မတ်မယ် ဆိုရင် ဒေသတွင်းက အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ လွတ်လွတ်လပ်လပ် စောင့်ကြည့် အကဲခတ်နိုင်အောင် ခွင့်ပြုရမှာပေါ့" ဟု သူမက ဆိုသည်။

အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းရေးနှင့် အလဲအလှယ် လုပ်ရန် အနောက်နိုင်ငံ အကဲခတ်များကို ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ နေပြည်တော် အစိုးရတွင် မြှုပ်ကွက်တစ်ခုခု ရှိနေသည်ဟု မစ္စဆွမ်ဆရီက သံသယ ရှိလျက် ရှိသည်။ "အရေးကြီးဆုံး အချက်ကတော့ ဒီအကဲခတ် လေ့လာသူတွေဟာ ဘယ်မဲဆန္ဒနယ်ကိုမဆို ဘယ်မဲရုံကိုမဆို လွတ်လွတ်လပ်လပ် သွားခွင့် ရှိဖို့ လိုပါတယ်။ အစိုးရက ရွေးချယ် ပြသတဲ့ နေရာတွေကို ကြည့်ရုံနဲ့ မလုံလောက် ပါဘူး။ ဒီလိုမှမဟုတ်ရင် စောင့်ကြည့် လေ့လာတယ်ဆိုတာကလည်း အပေါ်ယံ အတုပဲ ဖြစ်မှာပေါ့" ဟု ပြောသည်။

ဆွမ်ဆရီအနေဖြင့် စီးပွားရေး ပြည်ဝင်ဗီဇာ ပြန်လည်လျှောက်ထား၍ ရွေးကောက်ပွဲကို သွားရောက် လေ့လာ ရမည်လား ဆိုသည်ကို မဆုံးဖြတ်ရသေးပါဟု မစ္စ ဆွမ်ဆရီက ဆက်လက် ပြောသည်။

လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကြိုတင် အကွက်ချ ကြံစည်မှုများ ရှိနိုင်သည်ဟု ပြည်တွင်း ပြည်ပ လေ့လာသူများက သံသယ ရှိနေကြသည်။
 
 
 

No comments: