Thursday, March 8, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်တွေ့ဆုံ









အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီက ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် တွေ့ဆုံခဲ့သည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် မတ်လ ၈ ရက်နေ့ နံနက်က တွေ့ဆုံစဉ် “ကိုယ်စားလှယ်လောင်းများ သတိပြုရမှာက မဲဆန္ဒရှင်များစာရင်းတွင် ထောင်နဲ့ သောင်းနဲ့ ချီပြီးတော့ အမှားအယွင်းများ ရှိနေပါကြောင်း၊ အမြန်ဆုံး ပြုစုရမည်ဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးရေးခရီးစဉ်တစ်လျောက်တွင်လည်း တစ်ဖက်က မသမာမှုများ ရှိနေသည်ကိုလည်း မြင်တွေ့ရပါကြောင်း၊ ထိုဖြစ်ရပ်များနှင့်ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ကို လှမ်းပြီးတော့ သတင်းများ ဖြန့်ချိသွားမည်ဖြစ်ပါကြောင်း၊ အနိုင်ရချင်လို့ ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါကြောင်း။ နိုင်လည်း နိုင်ရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

သတင်း......Eleven Media Group.။


ပုဂ္ဂိုလ်စွဲ အုပ်စုစွဲမထားဖို့ NLD ကိုယ်စားလှယ်လောင်းတွေကို ဒေါ်အောင်ဆန်းစုကြည် မှာကြား
2012-03-08

ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက် အရွေးချယ်ခံမယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပုဂ္ဂိုလ်စွဲ အုပ်စုစွဲတွေကို ဘေးဖယ်ပြီး အင်တိုက်အားတိုက် အလုပ်လုပ်ကြဖို့နဲ့ မဲစာရင်းတွေမှာ အမှားများနေတာကို အမြန်ဆုံးပြုစုဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၄၇ ဦးနဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့တို့ ရွှေဂုံတိုင် အန်အယ်လ်ဒီရုံးချုပ်မှာ ဒီကနေ့ တွေ့ဆုံတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာပါ။

“ကျွန်မတို့က ဒီမိုကရေစီအဖွဲ့ကြီးဖြစ်လို့ကို ဘယ်လိုပဲ ကွဲခြားမှု ရှိပါစေ ရှိပါစေ၊ နောက်ဆုံးတော့ အများရဲ့ဆုံးဖြတ်ချက်အရ မူပေါ်မှာ အခြေခံပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်ဆိုတာ ကျွန်မတို့ အဓိက ကိုင်စွဲထားတဲ့ စည်းမျဉ်းစည်းကမ်း ဖြစ်ပါတယ်။ ဘယ်ကိုယ်စားလှယ်မို့လို့ ဘယ်သူ့မို့လို့ ငါတို့ကတော့ သိပ်ပြီးလုပ်မပေးချင်ဘူး၊ ဘယ်ဝါမို့လို့ ငါတို့ကတော့ ပိုပြီးတော့ လုပ်ပေးချင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးထားလို့ရှိရင် ဒါကျွန်မတို့ ရေရှည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အကျိုးပြုနိုင်မယ့် စိတ်ဓာတ်မျိုး မဟုတ်ဘူးလို့ ကျွန်မ ဒီလိုပဲ ယူဆရမှာဖြစ်ပါတယ်”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနှစ် ၂၀ ကျော် ရပ်တည်လာတာဟာ ပြည်သူတွေကြောင့် ဖြစ်တဲ့အတွက် ပြည်သူတွေကို ကျေးဇူးပြန်ဆပ်ဖို့ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ကြိုးစားဆောင်ရွက်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားပါတယ်။

တက်ရောက်လာတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ မြို့နယ်အောင်နိုင်ရေး တာဝန်ခံတွေကလည်း မဲဆန္ဒနယ်မြေ အသီးသီးက မဲစာရင်း အမှားတွေအကြောင်းနဲ့ ရွေးကောက်ပွဲအတွက် မသမာတဲ့ မဲဆွယ်စည်းရုံးမှုတွေအကြောင်း တင်ပြခဲ့ကြပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင် အမည်စာရင်းတွေကို တိတိကျကျ ပြန်လည်စိစစ်ရေးအတွက် မတ်လ ၂၁ ရက်အထိ ပြင်ဆင်ခွင့်ရက် တိုးမြှင့်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုထားပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

No comments: