Thursday, March 8, 2012

ကိုယ့်အခြေနေများ ကိုယ်နားလည်ထားပါ




ကြိုတင်မဲပေးစနစ်နဲ့
အညစ်အနွမ်း အသစ်ဆန်းထွင်
အာဏာရှင် လူ့ချဉ်ဖတ်
အမျိုးမျိုး ညစ်ပတ်
အပစ်အခတ်ကျွမ်းသလို
အညစ်အပတ်မှာလည်း ပန်ကာ
လူတကာကိုညာပြီးရင်းညာ အခါခါ
ညာတဲ့နေရာ ပါရဂူမြောက်
ပညာတွေပေါက်ပါပေတယ်။

ကောက်ကျစ်တဲ့နေရာမှာ
လည်ရှာတဲ့ မြေးခွေးတောင်
မနှေးအမျိုးတော် ဘိုးတော်ဝင်ခေါ်မှာ။

မဟုတ်တဲ့နေရာမှာ…. ခေါင်း
တလွဲဆံပင်ကောင်း
မြန်မာပြည်သူအပေါင်းသာမက
ကမ္ဘာတလွှားက လူများပါ
ဒင်းတို့တတွေအား တပြားသားမှ မယုံ
မယုံဆို နုံချာငတိတွေက
ပုံပမာရှိအောင်လုပ်ထားတာ…မတိမ်။

လိမ်ပြီးရင်လိမ်…. အကြိမ်ကြိမ်
အူလိမ်အောင်လည်း မဟုတ်ကဟုတ်ကတွေနဲ့
လုပ်ဇာတ်တွေခင်း ငယ်နိုင်လိုညှဉ်း
အပင်းတွေဆို့ မယွင်းအသရေချို့အောင်
တို့မီးရှို့မီးတွေနဲ့
တိုင်းရင်းသားအချင်းချင်းတီးအောင်
မီးမောင်းထိုး နည်းပေါင်းအမျိုးမျိုးနဲ့ဆိုးခဲ့ကြတယ်။

တိုးချဲ့ပြီး တဆင့်တက်
အစိုးရသစ်နဲ့ ဖြည့်စွက်
လှည့်ကွက် တမျိုးနဲ့ အကွက်ထွင်
ကြားဖြတ်ရွေးကောက်ပွဲကိုပြင်ဆင်
အောင်ပွဲမ၀င် လမ်းခုလပ်တခုတွင်
(ဂျင်ကလိနဲ့) ဒေါ်စုကိုသတ်ဖို့ပြင်
အကွက်ထဲမ၀င် လွတ်မြောက်ခဲ့ရင်လည်း
နောက်တကွက် တက်ပြီးဆင်ထား
ဥာဏ်များတဲ့ ငတိအစွယ်အပွား
(မဲပေးစာရင်း) အယွင်းယွင်းအမှားမှားနဲ့
ဒေါ်စုကား မတတ်နိုင်ပေါင်
အပြတ်နိုင်အောင် ကြံဆောင်အုံးမှာ။

ဒီအလွှာကျော်လျှောက် တဖန်လွတ်မြောက်ခဲ့ရင်လည်း
ဆင်ပေါက်(ဒေါ်စု)ကိုကျုံးထဲသွင်း
ထောင်ချောက်ထဲကိုဆင်း
အတွင်းကျကျ လွှတ်တော်ထဲခေါ်ဆောင်လာပြီးမှ
လက်ထောင်ကြ မဲခွဲကြရင် သူတို့သာအနိုင်ရ
ပြင်ချင်ကြတဲ့၂၀၀၈-ဥပဒေ… မပြင်နိုင်တော့ပေ။

ထုခြေစရာ အကြောင်းမလျှော်
သူတို့ဆွဲခေါ်ရာအနောက် တကောက်ကောက်လိုက်
ကြိုက်ကြိုက် မကြိုက်ကြိုက်
အုပ်စုနဲ့အနိုင်တိုက် အကြံအိုက်လည်း
ခံလိုက်ရအခါခါ အဲဒီလွှတ်တော်ထဲမှာ
ခိုင်မာနေတဲ့၂၀၀၈-ဥပဒေအောက်
ပြားပြားသာမှောက်ရပေတော့မှာ။

သူတို့တတွေပေးတဲ့ ရွှေရည်စိမ်လွတ်လပ်ရေး
သူတို့တတွေကျွေးတဲ့
ဒီမိုကရေစီအတုယောင်လေးနဲ့
မနှေးအခါခါဝါး ပြေးကာသာစားကြပေတော့။

ကမ္ဘာတလွှားက လူအများအတည်ပြုပြု မပြုပြု
မြန်မာလူထုတွေကို အခါမနှေး
ပေးလိုက်တဲ့ ဖါးတပိုင်း ငါးတပိုင်းဒီမိုကရေစီကို
အတည်အကြည်နဲ့ ရီစရာဖြစ်အောင်
ပုံဆောင်ကာ ကပြသွားပါတော့မယ်ခင်ဗျား။

အဲဒီလိုဗလောင်းဗလဲနဲ့
အပြောင်းလဲ လုပ်ပြနေတာကို
အကောင်းပဲလို့ထင်နေကြရင်
အာဏာရှင်တသိုက်
မီးမြိုက်တာကိုခံ
အပူဒဏ်မခံနိုင်လို့
ခုန်ထွက်ဖို့ကြံရင်
အားအင်တွေကုန်ခမ်း
လူမှန်းပင် မသိတော့
ကျော့ကျော့ကလေး
မျော့မျော့ကလေးနဲ့
ပေါ့ပေါ့ကလေးသာ
ကံကြမ္မာအလိုက်
မသာယာဉ် ဆိုက်ပေတော့မှာ။

အာဏာရှင်တွေဟာ
ပမာသွားပုပ် နှုတ်ကိုနှိုတ်မှ
အဟုတ်ကို ဒီမိုကရေစီသွားသစ်
ပြန်စိုက်လို့ဖြစ်မယ်။

သွားကိုနှုတ်ရာ ပလာရာ
မနာအောင်ပျိုး ထုံဆေးထိုး
အားကိုးစရာ သွားဆရာဝန်ပါ
လိုတာပေါင်းလိုက် အောင်ပွဲဆိုက်။

ထုံဆေးနေရာ ဒေါ်စုပါ
လွှတ်တော်ဝင်ကာ စည်းရုံးပါ
ပလာရာကိုကိုင် မင်းကိုနိုင်
အပိုင်နှုတ်ပေး သွားဆရာဝန်လေး
စုဝေးပေါင်းစု လူထုထောက်ခံမှု
သုံးခုသုံးပိုင် သုံးပွင့်ဆိုင်
တူပြိုင်မောင်းထုတ်
အာဏာရှင်အမှန်ပြုတ်
တကယ့်ကို မြန်မြန်လုပ်။



ခုနေအခါ ဒို့တတွေမှာ
စူးနေရာစူး တော်နေရာတော်
အမြော်အမြင် ဆင်ခြင်စဉ်းစား
အငြင်းမပွား စကားမများနဲ့
ကိုယ်အားဥာဏ်အား
တတ်အားသမျှ အားမွေးထားကြ။

နေသေးသမျှချုံထဲက
ချိုသွေးလို့တမြမြ
ပြင်ဆင်ထားကြ စည်းရုံးထားကြ
အချိန်ခါကျလို့ လက္ခဏာပြ
တ၀ုန်းဝုန်းပေါက်ကွဲကြ
အရေးတော်ပုံကြီး အောင်မြင်မယ်ဗျ။

တက္ကသိုလ်ဘုန်းကြွယ်
မတ်လ-၈-၂၀၁၂


















No comments: