Friday, March 9, 2012

မတ်လ ၇ ရက်နေ့က ဟင်္သာတမြို့စာတိုက်တွင် ဗုံးတစ်လုံး ထပ်မံတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ စာတိုက်တွင် မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် ဗုံးတစ်လုံး ထပ်မံတွေ.ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဗုံးကို ဟင်္သာတစာတိုက်ဝန်းအတွင်း သန့်စင်ခန်းအနီး စာတိုက်နံရံနှင့် ရေတိုင်ကီကြားတွင် ရှိနေသည်ကို ရုံးရှေ့မျက်နှာစာတွင် ဖွင့်ထားသော ဆယ်လူလာ လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်ကိုင်သော ကလေးငယ် သန့်စင်ခန်းသို့အသွား အချက်ပေးသံကြားရာမှ သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူများမှ အဆိုပါနေရာ အား ကာကွယ်မှုများပြုလုပ်ထားခြင်း၊ ကိုက် ၅၀၀ အတွင်း တားမြစ်နယ်မြေအဖြစ် သတ်မှတ်ပြီး လူနေအိမ်များမှ ပြည်သူများအား ယာယီရွှေ့ပြောင်းခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ အချိန်တွင် တပ်မတော်မှ မိုင်းကျွမ်းကျင် အရာရှိများနှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့များမှ ပူးပေါင်းကာ water cannon  နည်းပညာဖြင့် မိုင်းဆင်ထားသောနေရာအား jumper ဆင်ပြီး ဖောက်ခွဲ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ ဖောက်ခွဲမှုကြောင့် စာတိုက်အမိုးနှင့် ပြတင်းပေါက်မှန်အချို့ ထိခိုက်ခြင်း၊ ရေတိုင်ကီအား ရေအပြည့်ဖြည့်ပြီး ကာရံထားသဖြင့် တိုင်ကီအောက်ခြေတွင် ဘောစေ့များ ထိမှန်မှုတို့သာရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဗုံးမှာ ဟင်္သာတမြို့တွင် နှစ်ရက်အတွင်း တတိယမြောက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပထမဆုံးဗုံးမှာ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ဒုတိယဗုံးကို ဆက်သွယ်ရေးရုံးတွင် မတ်လ ၆ ရက်နေ့ တစ်ရက်တည်းမှာပင် ထပ်မံတွေ့ရှိခဲ့ကာ ဖယ်ရှားဖျက်ဆီးနိုင်ခဲ့ပြီး တတိယမြောက်ဗုံးကို မတ်လ ၇ ရက်နေ့တွင် ဟင်္သာတစာတိုက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

No comments: