23 March 2012
"ဘဏ်သို့ရောက်လာသော အက်ဖ်အီးစီများကို ပြန်မထုတ်သော နည်းလမ်းဖြင့် သိမ်းနေပြီ"
ဘဏ်စနစ်ထဲသို့ ရောက်လာသည့်
အက်ဖ်အီးစီကို ပြန်မထုတ်ပေးသော နည်းလမ်းဖြင့် ပြန်လည်သိမ်းဆည်းနေပြီဟု
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
အက်ဖ်အီးစီအား ဖျက်သိမ်းသွားမည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌကြီးမှ တရားဝင် ထုတ်ဖော် ပြောဆိုမှုများရှိခဲ့ရာ မည်သည့် အချိန်နောက်ဆုံး ထားကာ သိမ်းယူမည့်အပေါ် ဗဟို ဘဏ်မှ တာဝန်ရှိသူကပင် ‘သတိမထား မိကြလို့ပါ။ ဗဟိုဘဏ်အပါအဝင် ပုဂ္ဂလိကက ဘယ်ဘဏ် ကို ရောက်ရောက် ပြန်မှ မထုတ်ပေးတော့တာ”ဟု ပြောသည်။ လှည့်လည် သုံးစွဲငွေများထဲမှ ၁၅ ကျပ်၊ ၄၅ ကျပ်နှင့် ကျပ် ၉ဝ တန် ငွေစက္ကူကဲ့သို့ တဖြည်းဖြည်း သိမ်းယူသည့် နည်းလမ်းများဖြင့် ပပျောက်သွားရန် ဆောင်ရွက်သွား မည်ဖြစ်ရာ အက်ဖ်အီးစီမှာမူ အချိန်များစွာ ယူရမည်တော့ မဟုတ်ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။ နိုင်ငံတွင်း၌ အက်ဖ်အီးစီး စတင်ထုတ်စဉ် အခါကတည်းက ယာယီ သဘောသာဖြစ်ပြီး ပြန်လည် သိမ်းမည့်အစီအစဉ် ရှိထားပြီးဖြစ်သော်လည်း၊ အချိန် ကြာမြင့်သွား ခဲ့ကြောင်း၊ ယခုမှာမူ အက်ဖ်အီးစီကို သိမ်းရန်ဆုံးဖြတ် ခဲ့မှုကြောင့် ယခုကဲ့ သို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းဆိုသည်။
”အက်ဖ်အီးစီကို စထုတ်ကတည်းကိုက ပြည်တွင်း ကို ရောက်လာ တဲ့ နိုင်ငံခြားသားတွေ ငွေကြေးကိုင်ဆောင် သုံးစွဲရမှု အဆင်ပြေအောင် လုပ်ပေးထားတဲ့ သဘောပဲလေ။ အခုနိုင်ငံခြား ငွေလဲလှယ် တဲ့ကောင်တာတွေကို လွတ်လွတ်လပ်လပ် ဖွင့်ပေးထားတဲ့ အတွက် ဒီအက်ဖ်အီးစီ ကို ပြန်သိမ်းတဲ့သဘောပါပဲ။ လက်ရှိကိုင်တွယ် သုံးစွဲနေမှုနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မဖြစ်စေရပါဘူး။ ဆက် သုံးနေလို့ရပါ တယ်။ ဘယ်သူ့အတွက်မှ နစ်နာဆုံးရှုံးမှု မရှိစေအောင် စီစဉ်ထားတာပါ။ ဒီအတွက် ဘာမှစိုးရိမ်စရာ မရှိ ပါဘူး”ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူက ဆက်လက်ပြောသည်။
စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ”ဒါက ဗဟိုဘဏ် အနေနဲ့ လုပ်သင့် လုပ်ထိုက်တာကို လုပ်တဲ့သဘောလို့ပဲ မြင်ပါတယ်” ဟု ပြောသည်။
ဗဟိုဘဏ်အနေဖြင့် အက်ဖ်အီးစီအား ဈေးကွက်မှတဖြည်းဖြည်း ဖျက်သိမ်းသွားနေသည့်အပြင် အမျိုးမျိုးဖြစ်နေသော နိုင်ငံခြားငွေ လဲလှယ်နှုန်း ထားအား တစ်မျိုး တည်းဖြင့် နှုန်းရှင် သတ်မှတ်သော ငွေကြေး မူဝါဒအား ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အစတွင် ပြောင်းလဲ ကျင့်သုံး သွားမည် ဟုလည်း ဗဟိုဘဏ်မှသိရသည်။ ဗဟိုဘဏ် တာဝန်ရှိသူက ”နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ငွေကြေး စနစ်အတိုင်း သွားတဲ့ သဘော ပါပဲ”ဟုပြောသည်။ စီးပွားရေး ပညာရှင် ဒေါက်တာစိုးထွန်းက ”ဒါကလည်း ကောင်း တဲ့ လက္ခဏာပါ။ ဒါကိုဗဟိုဘဏ်က ထိန်းညှိပေးဖို့ တော့ လိုပါတယ်။ ဒါမှ ဈေးကွက်က လည်ပတ်နိုင်မှာပါ” ဟု ပြောသည်။

သတင်း...... Popular Myanmar News Journal
၂၀၁၂ မန္တလေးသင်္ကြန်တွင် မန္တလေးလူရွှင်တော်များစုပေါင်း၍ သံချပ်အလှပြယာဉ် ထွက်မည်။
CJ Myanmar
သတင်းနှင့် ဓာတ်ပုံ - ရဲဘော်သူရိန်(မတ်-၂၂၊ ကြာသပတေး)
မန္တလေးလူရွှင်တော်များစုပေါင်း၍ ၂၀၁၂ မန္တလေးသင်္ကြန်တွင် နှစ်ပေါင်း အတော်ကြာ ပိတ်ပင်ခံထားရသော သံချပ်များထိုးခြင်းဖြင့် မန္တလေးပြည်သူများကို လှည့်လည်ဖျော်ဖြေမည်ဖြစ်ကြောင်း လူရွှင်တော် ပါပါလေးမှ CJ Myanmar သို့ ပြောကြားလိုက်သည်။ သံချပ်အလှပြယာဉ်ဒီဇိုင်းကို မန္တလေးကာတွန်းဆရာများမှ ပါဝင်ဖျော်ဖြေမည့် လူရွှင်တော်များ၏ ကယ်ရီကေးချားရုပ်ပုံများဖြင့် အလှဆင်ပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ တိမ်မြုပ်ပျောက်ကွယ်လုဖြစ်နေသော မြန်မာ့ရိုးရာသံချပ်ကို ပြန်လည်ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် သင်္ကြန်အကြိုနေ့ မတိုင်မီ ၃ရက် အလိုလောက်မှ စတင်လှည့်လည်ဖျော်ဖြေမည်ဖြစ်ပြီး ရရှိလာမည့် အလှူငွေများပေါ်မူတည်၍ သင်္ကြန် (၅) ရက်အတွင်း ဆက်လက်ဖျော်ဖြေနိုင်မည်ဖြစ်သည်။ မန္တလေးလူရွှင်တော်များသံချပ်အဖွဲ့အတွက် အလှူငွေများ ထည့်ဝင်လိုပါက ၃၉လမ်း၊ ၈၀x၈၁ကြားရှိ ပါပါလေးအငြိမ့်အိမ်တွင် လာရောက်ထည့်ဝင်နိုင်ကြောင်းလည်း သိရှိရသည်။ မန္တလေးလူရွှင်တော်များ သံချပ်အဖွဲ့သည် မတ်လ (၃)ရက်နေ့ အန်တီစု မန္တလေးစည်းရုံးရေးခရီးစဉ်မတိုင်မီကလည်း မြို့တွင်းသို့လှည့်လည်ကာ လှုံ့ဆော်ရေးသံချပ်များဖြင့် ပြည်သူလူထုကို ဖျော်ဖြေခဲ့ကြသေးသည်။ ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်တွင် နှစ်ပေါင်းအတော်ကြာ ပျောက်ကွယ်နေပြီဖြစ်သော သံချပ်အဖွဲ့များ ရန်ကုန်၊ မန္တလေးမြို့များတွင် ပြန်လည်ဖော်ထုတ် ဖျော်ဖြေကြရန် ပြင်ဆင်နေကြကြောင်းလည်း CJ Myanmar မှ သိရှိရပါသည်။
လူရွှင်တော် ပါပါလေးနှင့် အဖွဲ့
အန်တီစု၏ မန္တလေးစည်းရုံးရေးခရီးစဉ်
မတိုင်မီ မြို့တွင်းသို့ လှည့်လည်ဖျော်ဖြေနေကြသော မန္တလေးလူရွှင်တော်များ သံချပ်အဖွဲ့

No comments:
Post a Comment