Friday, June 1, 2012

အစိုးရတပ်များ ကရင်ပြည်နယ်အတွင်း အင်အားဖြည့်တင်းမှုရှိနေ


အစိုးရတပ်များ ကရင်ပြည်နယ်အတွင်း အင်အားဖြည့်တင်းမှုရှိနေ

မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးတို့ အပစ်အခတ် ရပ်စဲရေး
သဘောတူညီထားကြပေမယ့် KNU ထိန်းချုပ် ဒေသအတွင်းမှာ မြန်မာ့
တပ်မတော်ဖက်က စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းနေတာတွေ ဆက်ရှိနေပြီး
ဒါတွေဟာ နှစ်ဖက် အပြန်အလှန် ယုံကြည်မှုရရှိရေး အတွက်
အနှောက်အယှက် ဖြစ်စေတယ်လို့ KNU တာဝန်ရှိသူ တွေက ဒီကနေ့
ထုတ်ဖေါ် ပြောဆိုပါတယ်။

ထိုင်းမြန်မာနယ်စပ် အခြေစိုက် Free Burma Rangers (FBR) အဖွဲ့က လေ့လာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၊ KNU နယ်မြေအတွင်း
မြန်မာ စစ်တပ်တွေ အင်အားဖြည့်တာ ရိက္ခာ/လက်နက်ဖြည့်နေတာတွေ
ရှိနေတယ်လို့ ဖေါ်ပြထားပြီး မြိတ် ထားဝယ်ခရိုင်မှာ အရပ်သားတွေကို
အစိုးရ တပ်သားက ပစ်ခတ်မှုတွေ ရှိသလို၊ မူထရောနဲ့တောင်ငူခရိုင်
(တော်ဦး) ဒေသမှာ ခြောက်လှန့် ပစ်ခတ်မှုတွေ၊ လက်နက်ခဲယမ်း
သယ်ဆောင်မှုတွေ ရှိကြောင်း ဖေါ်ပြထားပါတယ်။

ဒီသတင်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး KNU ကို မေးမြန်းစုံစမ်းရာ မှာတော့-
၄၅ ရက်လောက် အတွင်းမှာတော့ တိုက်ပွဲအနေနဲ့ တက်လာတာတော့ မတွေ့သေးကြောင်း၊ ဒါပေမဲ့ တပ်စခန်းချဲ့တာ၊ ရိက္ခာ/ လက်နက်ဖြည့်နေတာတွေ ရှိနေကြောင်း၊ ဒီလို လုပ်ရပ်တွေ နဲပါးသွားရမှာ
ဖြစ်သလို အခုလို ဖြစ်ရပ်တွေဟာ တင်းမာမှု လျော့ကျရေးကို အထောက်အကူ မပြုကြောင်း၊ လူထုပြန်လည် လာရောက်နိုင်ရေး အတွက် အခြေအနေများ ဘာမှ ထူးခြားလာခြင်း မရှိသေးကြောင်း KNU
ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေ က ပြောပါတယ်။

Free Burma Rangers (FBR) အဖွဲ့ဟာ ပြည်တွင်းစစ် ဖြစ်နေတဲ့
ဒေသတွင်းက ရွာပုန်းရွာရှောင် ဒေသခံ ပြည်သူတွေ အတွက် ဆေးဝါးနဲ့ အခြေခံ လူသုံးပစ္စည်းတွေကို ကူညီထောက်ပံ့ပေးနေတဲ့ အမေရိကန်
အခြေစိုက် အဖွဲ့တဖွဲ့ ဖြစ်သလို စစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို
လွတ်လပ်တဲ့နည်းနဲ့ စုံစမ်းဖေါ်ထုတ်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
 
 

No comments: