မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် (၅)
၁၉၇၆ ခုနှစ်မှာတော့ မိုက်ကယ်ဟာ စိန့်ဂျွန်ကောလိပ်က စကောလားရှစ်ရပြီး သူ့ရဲ့ပီအိပ်ခ်ျဒီဘွဲ့အတွက်
အာရုံစိုက် အားထုတ်နေခဲ့ရပါတယ်။ ဒီတော့ ဝင်ငွေက သိပ်အခြေအနေ
မဟန်လောက်ပါဘူး။ ဒါပေမယ့် မိုက်ကယ်ကတော့ ဧည့်သည်တွေကို ခဏခဏ
ဖိတ်နေတုန်းပါပဲ။ အဲဒီလို ဖိတ်တိုင်းလည်း စုကတော့ ဟင်းပွဲအပြည့်
ပြင်ဆင်ကျွေးတော့တာပါ။ မိုက်ကယ် ကူပေးတာကတော့ ဈေးဝယ်အိတ် အလေးကြီးကို
သယ်ပေးတာပါပဲ။ အဲဒီလို နေလာလိုက်တာ သူတို့ အိမ်ပြောင်းကြတဲ့အထိ ဆိုပါတော့။
အဲဒီအခါမှာတော့ စုက ဈေးဝယ်အိတ် တစ်အိတ်ကို စက်ဘီးနောက် ကယ်ရီယာပေါ်
တင်ပြီး နောက်အိတ်ငယ်နှစ်လုံးကိုတော့ စက်ဘီးလက်ကိုင် ကိုင်းနှစ်ဘက်မှာ ချိတ်လို့ဈေးဝယ်ထွက်ပါတယ်။
သူတို့အိမ်နားက အမျိုးသမီးတချို့က စုနဲ့ ပတ်သက်ပြီး မှတ်မိနေတာကတော့
စက်ဘီးပေါ်မှာ ဈေးဝယ်အိတ်ကြီး တင်လာတတ်သလို ကလေးနှစ် ယောက်ရဲ့
နေ့ကလေးထိန်းကျောင်းရှေ့မှာ စက်ဘီးလေးနဲ့ လာကြိုနေတတ်တာကိုပါ။ စုတို့အိမ်ရှေ့မှာ ရပ်ထားလေ့ရှိတာကတော့ သံချေး တက်နေတဲ့ စက်ဘီးအဟောင်းတစ်စီးပါပဲ။
မိုက်ကယ်က အစားကြိုက်တတ်သူပေါ့။ သူက စုကီယာကီ၊ ရှာဘူရှာဘူ၊ တန်ပူရာနဲ့
မီဆိုဟင်းချိုတို့လို ဂျပန်စာဆိုရင် ဗိုက်မပြည့်တတ်သူ တစ်ယောက်လို စားတာပါ။
စုကတော့ အစားအသောက်ကို ပြင်ဆင် ချက်ပြုတ်တာ ဝါသနာပါသလောက် စားဖို့
စိတ်မဝင်စားသူပါ။ မိုက်ကယ်နဲ့ ကလေးနှစ်ယောက်က အစားကြိုက်တာမို့ သူတို့ကို
ကျွေးဖို့ စုနဲ့ ကျွန်မက ငွေမလုံလောက်တတ်ပါဘူး။ ကျွန်မမှာ ငွေပိုလေး
ရှိရင် စုမိသားစုအတွက် စားစရာလေး ဝယ်ပေးချင်မိ တတ်ပါတယ်။ အဲဒီအချိန်က
အလက်ဇန္ဒားက သုံးနှစ်သားပဲ ရှိပေမယ့် စုကီယာကီ၊ ကြက်သားတာရီယာကီနဲ့
အချိုမုန့်တွေကို ကြိုက်တတ်ပါတယ်။ စုကတော့ မျက်ခုံးလေးပင့်ကာ “နိုရီကို
သူ့ကို အချိုတွေ သိပ်မကျွေးနဲ့လေ” လို့ ဆိုတတ်ပါရဲ့။
ကျွန်မက ပဲပုပ် ဒါမှမဟုတ် ဟီဂျီကီရေညှိကို ချက်လေ့ရှိပါတယ်။ မိုက်ကယ်ကတော့
ပဲစေ့လေးတွေကို တူနဲ့ယူရာမှာ ဟင်းပန်းကန်ထဲကနေ သူ့ထမင်းပန်းကန်ထဲ
မဖိတ်မစင်ရောက်မှ ရောက်ပါ့မလားလို့ ပူတတ်ပါတယ်။ သူနဲ့ အလက်ဇန္ဒား
နှစ်ယောက်သား တူကိုင်ကျင့်ရင်း ပခုံးတွေ ဘာတွေ ခိုင်သွားမလား လို့တောင်
ကျွန်မကစိုးရိမ်မိခဲ့ပေမယ့်
သူတို့နှစ်ယောက် ကတော့ သိပ်မကြာခင်မှာပဲတူကို ကောင်းကောင်း
ကိုင်နိုင်ခဲ့ပါတယ်။ မိုက်ကယ်ဟာ ဂျပန်စာမှန်ရင် ဘာမဆိုကြိုက်တတ်ခဲ့ပေမယ့်
ကျောက်ပွင့်မှိုတစ်မျိုးကိုတော့ ကင်ဆာဖြစ်စေမယ့်အစာ ဆိုပြီးမစားခဲ့ပါဘူး။ သူက ကျောက်ပွင့်မှိုကို မစားခဲ့ပေမယ့် ဆီးကြိတ်ကင်ဆာက သူ့မှာ ဖြစ်ခဲ့ရှာပါတယ်။
မိုက်ကယ်ဟာ စိန့်ဂျွန်းကောလိပ်မှာ သုတေသီ တစ်ယောက်အဖြစ်
အလုပ်လုပ်ခဲ့ပေမယ့် သူ့လခဟာ သူ့မိသားစုအတွက် လုံလောက်ခဲ့တယ်လို့ ကျွန်မတော့
မထင်မိခဲ့ပါဘူး။ ဒါပေမယ့် အောက်စ်ဖို့ဒ်မှာရှိတဲ့ ကောလိပ်တွေရဲ့
ထုံးစံအတိုင်း ကောလိပ်တစ်ခုရဲ့ အဖွဲ့ဝင်မို့ စာကြည့်တိုက်နဲ့
ကျောင်းစားသောက် ဆောင်တွေ သုံးခွင့်လို အခွင့်အရေးမျိုး တော့ရပါရဲ့။ ၁၉၇၇
ခုနှစ်မှာတော့ သားငယ်ကင်မ်ကိုမွေးဖွားခဲ့ပါတယ်။
မိုက်ကယ်ရဲ့ သဘာဝကိုက ခင်မင်ရင်းနှီးလွယ်တာပါ။ သူ စိတ်ဆိုးတာ၊
သူများကိုမကောင်းပြောတာ၊ အော်ငေါက်တာမျိုး ကျွန်မဘယ်တုန်းကမှ
မမြင်ဖူးခဲ့ပါဘူး။ သူက အင်မတန်သိမ်မွေ့စွာ နေတတ်သူမို့ သူနဲ့ ဆက်ဆံရာမှာ
ဘာမှ ထိန်ဝှက်ထားစရာ မလိုဘူးလို့ ခံစားလာမိတတ်ပါတယ်။ သူက သံတမန်
တစ်ယောက်လို ဖြစ်နေတာပါ။ ဒါကြောင့်လည်း သူ့ကို ယုံကြည်တဲ့ ကမ္ဘာကျော်
စီးပွားရေးသမားကြီး ဂျော့ရှ်ဆိုးရပ်စ်က အောက်စ်ဖို့ဒ်မှာ
တိဘက်-ဟိမဝန္တာလေ့လာရေးဆိုတဲ့
အစီအစဉ်အတွက် သုတေသန ကျောင်းသားတွေကို ဘူတန်ကနေ ခေါ်ကာ ပညာသင်ဆုတွေ
ပေးခဲ့တာပါ။ မိုက်ကယ်ဆုံးပြီးတဲ့အထိ အဲဒီပညာသင်ဆုက ရှင်သန်နေဆဲမို့ သူဟာ
တကယ်စည်းရုံးရေးကောင်းပြီး သနားကြင်နာတတ်တဲ့ စစ်သည်တစ်ယောက်လို ပညာရေးမှာ
အားထုတ်ခဲ့တဲ့ သက်သေ ဖြစ်ခဲ့ရပါတယ်။
သူက အဲဒီလို လူမျိုးဖြစ်တဲ့
အတွက် သူ့ကို သဘောကျသူတွေ ကလည်း အများကြီးပါပဲ။ သူက တိဘက်ဘာသာစကားကို
သဘောကျရာကနေ တိဘက်-မြန်မာဘာသာစကား ပင်စည်ထဲက အကိုင်း အခက်တစ်ခုဖြစ်တဲ့
မြန်မာဘာသာ စကားပြောသူ စုကို သဘောကျသွားတာမျိုးပေါ့။ တကယ်တော့ သူက စုလို
ပညာဉာဏ်ပြည့်ဝတဲ့ ဇနီး တစ်ယောက်နဲ့ ပညာသည်ဆန်တဲ့ စကားတွေ ပြောချင်နေခဲ့သလို
မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ပြီးလည်း ပညာသည်စကားမျိုးတွေ
ပြောချင်နေတတ်တာပါ။
ဒီလိုနဲ့ အောက်စ်ဖို့ဒ်အသိုင်းအဝိုင်းမှာ
စုတို့အိမ်ဟာ စကားဝိုင်းဖွဲ့ရာနေရာ ဖြစ်လာတတ်ပါတယ်။ အဲဒီစကားဝိုင်းဖွဲ့တဲ့
စားပွဲပေါ်မှာ အရက်ပုလင်းရယ်လို့ မရှိခဲ့ပေမယ့် မိုက်ကယ်ကတော့ စုရဲ့
ပိုက်ဆံအိတ် ထဲမှာ ပိုက်ဆံ ရှိ၊ မရှိ ဘာမှမသိဘဲ ပညာရှင်တွေနဲ့ ပညာသည်စကား
တွေပြောပြီး ပညာမူး မူးနေခဲ့ပါတယ်။ စုတစ်ယောက်ကတော့ နောက်တစ်နေ့မနက်ကို
လက်ထဲငွေမရှိဘဲ ဘယ်လိုရင်ဆိုင်ရမလဲလို့ တွေးပြီး မမူးနိုင်ခဲ့ရှာပါဘူး။
ဒါပေမယ့်လည်း မိုက်ကယ်က ဧည့်တွေ ဖိတ်မယ် ပြောလာတိုင်း စုက မငြင်းတမ်း
လက်ခံခဲ့ပါရဲ့။ ကင်မ်လေးရဲ့ သူငယ်ချင်းကလေးတွေကပဲ အတူ ကစားလို့မှ မဝခင်
ဧည့်သည်တွေ လာတော့မှာဆိုပြီး အိမ်ပြန်ပေးရတာကို ညည်းညူခဲ့ကြပါတယ်။
မိုက်ကယ်နဲ့စုမှာ ငွေသားအပြတ် မြန်သလောက် ဧည့်ကတော့ ပြတ်တယ်ရယ်လို့
မရှိခဲ့ပါဘူး။
၁၉၈ဝ ခုနှစ်က ကျွန်မရဲ့ ခင်ပွန်းဟာ အောက်စ်ဖို့ဒ်မှာ ရှိနေချိန်နဲ့ ကင်မ်ရဲ့မွေးနေ့နဲ့တိုက်ဆိုင်ခဲ့ပါတယ်။ သူ့ကို မွေးနေ့ပွဲ ဖိတ်တော့ သူ သွားခဲ့တဲ့အခါ ဟတ်ခ်တောင်းန်အိမ်ရဲ့မြေအောက်ခန်းက
ထမင်းစားခန်းမှာ ပေါင်မုန့်လေးတွေ လှီးပြီး ဝက်ပေါင်ခြောက် နည်းနည်းကို
ကမ္ဘာ့နိုင်ငံတွေရဲ့ အလံငယ်လေးတွေစိုက်ကာ အလှ ပြင်ဆင်ထားတာကို
တွေ့ခဲ့ရပါတယ်။ နောက်ထပ် ကျွေးဖို့ ပြင်ထားတာကတော့ နွားနို့ပါပဲ။ မိုက်ကယ့်
မိဘတွေက မွေးနေ့ကိတ် အကြီးကြီးတစ်လုံး ယူလာတဲ့အခါမှာတော့ ကလေးတွေ အားလုံးက
အရမ်းကို ဝမ်းသာသွားကြပါသတဲ့။ အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်မခင်ပွန်းက
တော်တော် စိတ်မကောင်း ဖြစ်သွားပါတယ်။ မွေးနေ့ပွဲဆိုပြီး နေ့တိုင်းစားနေကျ
ပေါင်မုန့်လေးနဲ့ ဝက်ပေါင်ခြောက်လေးပဲ ဧည့်ခံနိုင်တာ မလုပ်ပေးချင်လို့
မဟုတ်ဘဲ မတတ်နိုင်လို့ လို့ တွေးမိတဲ့အခါ သူ့အနေနဲ့ စိတ်ထဲ
မကောင်းလွန်းတော့ ကလေးတွေနဲ့ ခဏတဖြုတ် ကစားပေးပြီး ဈေးကို အမြန်ပြေးကာ
စုကီယာကီ လုပ်ဖို့ လိုတာတွေ ဝယ်ခြမ်းခဲ့ပါတယ်။ ကျွန်မခင်ပွန်းတစ်သက်မှာ
အဲဒီနေ့က ပထမဆုံးအကြိမ် မီးဖိုချောင် ဝင်ဖူးခြင်းပါပဲ။ အဲဒီနေ့ကစပြီး
သူ့ရဲ့စုကီယာကီနဲ့ မီဆောဟင်းချို လက်ရာဟာ နာမည်ကျော် သွားခဲ့တာပေါ့။ စုက
မိုက်ကယ့်ဧည့်သည်တွေအတွက် ဟင်းတွေ စီစဉ်ပေးတတ်ပေမယ့် သူတို့တွေ ထုံးစံ
နောက်ဆုံးမှစားတဲ့ အရွက်သုပ်ကို မေ့သွားတတ်ပါတယ်။
အဲဒီအခါမှာတော့ စုဟာ ပြင်သစ်တွေ ထုံးစံလုပ်တတ်တဲ့ တစ်ပွဲပြီး
တစ်ပွဲချပေးရတဲ့ အမယ်စုံ ညစာသဘောကို အပြစ်တင်တော့တာပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ်တော့ စုက မိုက်ကယ့် ဧည့်သည်တွေ မျက်မှောင်မကြုတ်နိုင်အောင် ကြိုးစားခဲ့ပါရဲ့။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
Photo Descriptions: ကင်မ် မွေးနေ့ပွဲမှာ တွေ့ရသည့် မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကလေးပရိသတ်
No comments:
Post a Comment