Wednesday, August 15, 2012

ဧရာဝတီမြစ်ကြီးနှင့် ပြဿနာများ




စာရေးသူသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များအတွင်း အကြိမ် ကြိမ်စုန်ဆန်သွားလာခဲ့ပါသည်။ထိုမြစ် ကြီးများ သက်ရှည်ကျန်းမာရေးအတွက် ပူပင်သောကဖြင့် စာရေး၍ လည်းကောင်း၊ ဓာတ်ပုံများရိုက်ကူး၍လည်း ကောင်း၊ စာအုပ်ထုတ်ဝေခြင်းဖြင့် လည်းကောင်း၊ စာနယ်ဇင်းများ၌ လည်းကောင်း ဓာတ်ပုံပြပွဲ ဟောပြောပွဲများ၌ လည်းကောင်း တင်ပြဖူးပါသည်။
ဧရာဝတီ မြစ်ပြင်တစ်နေရာမှ ဧရာဝတီ လင်းပိုင်များ
ဧရာဝတီ မြစ်ပြင်တစ်နေရာမှ ဧရာဝတီ လင်းပိုင်များ
စာရေးသူ အနေဖြင့် ဧရာဝတီမြစ်အတွင်း ခရီးသွားဖြစ်ခြင်း၌ အဓိက အကြိမ်ကြိမ် သွားဖြစ်သော ခရီးမှာ ဧရာဝတီလင်းပိုင်များကို လေ့လာသောခရီးဖြစ်ပါသည်။ နှစ်ကာလ ကြာရှည်စွာကပင် ဧရာဝတီမြစ် အတွင်း၌ သတ္တဗေဒခေါ် Orcaella brevirostris ဟုခေါ်သည့် ဧရာဝတီ လင်းပိုင် Ayeyarwaddy Dolphin များ ရှိနေခဲ့သည်။ ရှေးအခါကမူ ဧရာ ဝတီမြစ်ရိုးတစ်လျှောက်၌ ပဲခူးတိုင်း၊ ပြည်မြို့မှ ကချင်ပြည်နယ် ဗန်းမော်မြို့ အကြား ဧရာဝတီလင်းပိုင်များ ကျက်စားခဲ့ဖူးသည်ဟု မှတ်တမ်းများ ရှိသော်လည်း ယခုအခါတွင်မူ မန္တလေးတိုင်း၊ မင်းကွန်းနှင့် ကချင်ပြည်နယ် ဗန်းမော်မြို့အကြားတွင်သာ တွေ့နိုင်တော့သည်။ ပြီးခဲ့သည့် ငါးနှစ် တာ ကာလအတွင်း နှစ်စဉ်လေ့လာခဲ့သော အတွေ့အကြုံအရ ထိုဧရိယာ အတွင်း၌ အကောင် အရေအတွက် အနည်းဆုံး ၇ဝမှ အများဆုံး ၉ဝ ခန့်သာ ရှိတော့သည်ကို တွေ့ရသည်။ ထိုအထဲတွင် မင်းကွန်းနှင့် ကျောက် မြောင်းကြား ၇၄ကီလိုမီတာ ဧရိယာ ကို ၂ဝဝ၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်ကစတင်၍ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေ သတ်မှတ်ထားသည်။ ထိုနေရာတွင် ဧရာဝတီလင်းပိုင် အကောင်ရေ ၂ဝ ဝန်းကျင်ခန့် ရှိနေခဲ့သည်။ ထိုဧရိယာမှ လင်းပိုင်များမှာ ရေလုပ်သားတို့နှင့် အကျိုးတူ ပူးပေါင်း၍ ငါးဖမ်းသည့် ရိုးရာ အလေ့အထ ရှိနေရာ ထိုအစဉ်အလာကို ထိန်းသိမ်းနိုင်ရန်အတွက် ထိန်းသိမ်းနယ်မြေ အဖြစ် ဆောင်ရွက်ထားခြင်း ဖြစ်သည်။
ဧရာဝတီမြစ်သည် တကယ်တော့ မြန်မာနိုင်ငံတွင်း အစအဆုံး စီးဆင်းသည့် ဘိုးဘွားပိုင် မြစ်ကြီး ဖြစ်သည်။ ချင်းတွင်း၊ စစ်တောင်းတို့သည်လည်း ထို့အတူ ဖြစ်သည်။ ဧရာဝတီသည် နိုင်ငံ၏ တစ်လျားလုံးနီးပါးကို နိုင်ငံ အလယ်မှ မြောက်မှတောင်သို့ စီးဆင်းနေရာ နိုင်ငံတော်အား များစွာအကျိုး ဖြစ်ထွန်း၍ တာဝန်များစွာကို ထမ်း ဆောင်နေသော နိုင်ငံမိခင် မြစ်ကြီး တစ်စင်းဟု ဆိုရပါမည်။
သစ်လုံးများ တင်ဆောင်လာသည့် ဧရာဝတီမြစ်ကူး သင်္ဘောတစ်စင်း
သစ်လုံးများ တင်ဆောင်လာသည့် ဧရာဝတီမြစ်ကူး သင်္ဘောတစ်စင်း
မြန်မာနိုင်ငံသမိုင်းတွင် ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်စသည့် ပြည်နယ် နှင့် တိုင်း ၇ ခု၏ နယ်မြေများကို ဖြတ်သန်းစီးဆင်းနေသည်ဖြစ်ရာ သယ်ယူပို့ဆောင်ရေး၊ သောက်သုံးရေ ရရှိရေး၊ စိုက်ပျိုးရေး အထောက်အကူပြု၊ ရေချိုထွက်ကုန် သားငါးရိက္ခာ ရရှိရေး စသည်ဖြင့် အဘက်ဘက်မှ နိုင်ငံဝန်ထမ်း မြစ်ကြီး တစ်စင်းဖြစ်ပါသည်။ ထိုသို့ နိုင်ငံ့ဝန်ထမ်းနေသော မြစ်ကြီးဧရာဝတီ သက်ရှည်ကျန်းမာ ရေးမှာ ရေစီးရေလာ ကောင်းမွန် မှန်ကန်ရေး၊ စီးနေသော ရေများ သန့်ရှင်း၍ ရေချို အရည်အသွေး ပြည့်ဝရေးတို့မှာ လွန်စွာ အရေးကြီးပါသည်။
ဧရာဝတီမြစ်အတွင်း ပြည့်ဝသည့် ရေချိုအရည်အသွေးရှိ ရေများ  ရာသီမရွေး ရေစီးရေလာ ကောင်းရန်မှာ ပတ်ဝန်းကျင် လိုအပ်ချက်များစွာ၏ အထောက်အကူ လိုပါသည်။ ဧရာဝတီ ကျန်းမာရေးချို့တဲ့လာမှုတွင် မူလ ရေအရင်းအမြစ် ဖြစ်သော ကချင်ပြည်နယ် မြောက်ပိုင်း ရေခဲတောင်များ အားလျော့လာခြင်းမှ စတင်စဉ်းစား ရမည် ဖြစ်သည်။ ရေခဲတောင်များ အားလျော့လာသည်ဆိုသော်လည်း အဆိုးဝါးဆုံး အခြေအနေ မဟုတ်သေးပေ။ ဆိုးဝါးလာသော အခြေအနေက မေခနှင့် မလိခ မြစ်ကြောင်းများဘေးရှိ ရေဝေရေလဲ ကုန်းမြေနှင့် သစ်တောများ ပါးလျားလာမှု ကိစ္စဖြစ်သည်။ ကချင်ပြည်နယ် မြောက်ပိုင်းတွင် ရွာချနေသော မိုး၊ ရေခဲတောင်များမှ ပျော်ဆင်းလာသော ရေများကို ထိန်း၍ စီးဆင်းစေသည့် သစ်တောများနှင့် သစ်တော သစ်ပင်များ၏ အခြေ၊ ရေထိန်းမြေ အနေအထားများ ပျက်ယွင်းလာသဖြင့် အထိန်းမရှိ ရေများ မေခ၊ မလိခနှင့် ဧရာဝတီတွင် စီးဝင်ကြသည်။ ထိုနည်းတူ ဧရာဝတီသို့ စီးဝင်ကြသော မိုးကောင်း၊ တာပိန်၊ ကောက်ကွေ့၊ ရွှေလီ၊ မဲဇာ၊ ချောင်းမကြီး၊ ဒုဋ္ဌဝတီ၊ မူး၊ ပန်းလောင်း၊ ဇော်ဂျီ၊ စမုံတို့၏ ချောင်းကမ်း၊    မြစ်ကမ်းဘေးမှ ရေဝေ ရေလဲ သစ်တောများ၊ ကုန်းမြေများ၏ အနေအထားများလည်း ပြန်လည် ဆန်းစစ်၍ လုပ်ဆောင်သင့်သည်များကို ရေတို၊ ရေရှည်စီမံချက်များ ချ၍ ဆောင်ရွက်ရမည်ဖြစ်သည်။ ဧရာဝတီ ဖြတ်သန်းစီးဆင်းသော ကချင်ပြည် နယ်အောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း ဗန်းမော်၊ ရွှေဂူနှင့် မိုးတား၊ ကသာ၊ ထီးချိုင့်ဒေသ တစ်ကြောမှ ကြိုးဝိုင်းနှင့်အခြား သစ်တောမြေ ဧကသန်းဂဏန်းနီးပါး ရှိခဲ့သော ၁၉၈ဝ ပြည့်ကာလဝန်းကျင်က အခြေအနေမှ ယခု ကာလတွင် မည်မျှ ပျက်ယွင်းသွားခဲ့သည်ကို စစ်တမ်း ကောက်ယူ၍ သစ်လုံးဝမခုတ်ရန်နှင့် ဖြစ်နိုင်သမျှ သစ်တောများ ပြန်လည် ပျိုးထောင်ရန် လိုနေပြီဖြစ်သည်။
ဧရာဝတီ သာမက ချင်းတွင်းသည်လည်း ရေဝေရေလဲတောများ အနေအထားကို ပျိုးထောင်ရန် ထိန်း သိမ်းရန်မှာ မြစ်ဖျားခံရာ တနိုင်း၊ ခန္တီး၊ တမံသီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ အလောင်းတော် ကဿပ၊ မဟာမြိုင် ဝန်းကျင်မှ သစ်တောများ၊ ချင်းတွင်းသို့ စီးဝင်သည့် ဥရု၊ ခြင်္သေ့၊ ယူး၊ မြစ်သာ၊ တောင်တွင်း၊ ပထိုးလုံ၊ သဲချောင်း၊ ယမားချောင်း၊ သတဲ၊ ရွှေစရေးစသည့် မြစ်ချောင်းများ ဝန်းကျင် ရေဝေရေလဲ သစ်တောနှင့် ကုန်း မြေ အခြေအနေကိုလည်း လေ့လာရန် လိုသည်။ ပြုပြင်ပျိုးထောင်ရန် လိုပါသည်။ တောများပြုန်း၊ တောင်များ ကတုံးဖြစ်လျှင် ရေဝေရေလဲ ပြဿနာ ရှိလာမည် ဖြစ်ပြီး မြစ်ကြီးများ ရေစီးရေလာ ရေကြောင်းမကောင်း ဖြစ်ပေ လိမ့်မည်။
ဧရာဝတီ၊ ချင်းတွင်း တစ်ကြော ဧရာဝတီ၊ ချင်းတွင်းတို့သို့ ပေါင်းဝင်သည့် မြစ်ချောင်းငယ်များတွင် ရေကာတာ၊ ရေတမံများ တည်ဆောက်မှု၊ ရွှေနှင့်သတ္တု တူးဖော်ရေးများကြောင့် မြစ်ကြမ်းပြင် မြင့်တက်မှု ကမ်းပြိုမှု၊ မြစ်ချောင်းများ နံဘေး စက်ရုံ အလုပ်ရုံများ ကြီးမားသော စိုက်ကွင်းကြီးများ ဖြစ်ပေါ်လာမှု၊ မြစ်လယ်သောင်ပြင် များပေါ်မှ စိုက်ကွင်းများ ကြီးကျယ်လာမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ကာကွယ်သင့်သည်။ ရွှေနှင့်သတ္တု တူးဖော်မှုများက ဘေးထွက်ဆိုးကျိုးဖြစ်သည့် ပြဒါးဆိပ် အက်စစ်များ မြစ်တွင်းကျမှု၊ စက်ရုံ အလုပ်ရုံနှင့် လုပ်ငန်းသုံး အင်ဂျင်စက်များမှ အညစ်အကြေးနှင့် ဓာတုအဆိပ်များ မြစ်ချောင်းရေအတွင်း ကျဆင်းမှုများ၊ ကြီးမားသော စိုက်ကွင်းများမှ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတို့မှ ဘေးထွက် အဆိပ်အတောက် အညစ်အကြေးများ မြစ်ချောင်းရေအတွင်း ကျရောက်မှုတို့မှာ ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ၏ အရည်အသွေးနှင့် သန့်စင်မှုကို ခြိမ်းခြောက်လျက် ရှိသည်ကို တားဆီးသင့်သည်အား တားဆီး၊ ပိတ်ပင်သင့်သည်အား ပိတ်ပင်၊ ကာကွယ်သင့်သည့်အား ကာကွယ်၊ မြစ်ချောင်းများ အတွက် အန္တရာယ်နှင့် ပျက်ယွင်းမှုဖြစ်နိုင် သည်တို့ကို စနစ်တကျလေ့လာ ဆောင်ရွက်ရမည် ဖြစ်လေသည်။
ဆက်လက်ဖော်ပြပါမည်။

ဧရာဝတီကို ရာဇဝင်များထဲမှ သတို့သမီးဟုလည်းကောင်း၊ အသက်သွေးကြော မြစ်မကြီးအဖြစ် မိခင်ဧရာ ဝတီဟုလည်းကောင်း မြန်မာနိုင်ငံသားတို့က တင်စားခေါ်ဝေါ်ကြသည်။ ထို ဧရာဝတီ၏ အနာဂတ် အတွက်လည်း ဝိုင်းဝန်းပူပန်ကြသည်။ ယခုအခါ ဧရာဝတီမြစ်ကြီးကား မည်ကဲ့သို့ ဖြစ်နေသနည်း။
ဧရာဝတီ မြစ်ကမ်း တစ်နေရာ
ဧရာဝတီ မြစ်ကမ်း တစ်နေရာ
ဧရာဝတီ ရေငတ်နေပြီ။ ဧရာဝတီ၏ သယံဇာတများ ဆုံးရှုံးနေပြီ။ ဧရာဝတီကား ညစ်ညမ်းနေပြီ စသဖြင့် အသံတွေ ကြားနေရသည်။ မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်းကို အကြောင်းပြုကာ ဧရာဝတီနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ တရစပ် မြင်တွေ့လာရသည်။ သစ်တော၊ မိုးလေဝသ၊ ရေအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင် စသည့် ဘာသာရပ်ဆိုင်ရာပညာရှင်ကြီး များက စာတမ်းဖတ်ပွဲများ၊ မေးခွန်း ထုတ်ပွဲများ၊ ခုခံချေပ ဟောပြောပွဲများ ကျင်းပခဲ့ကြသည်။ ကျင်းပနေကြဆဲ။ စာပေ၊ ပန်းချီ၊ ရုပ်ရှင်၊ ဂီတအနုပညာ ရှင်များကလည်းဆိုင်ရာ အနုပညာ လက်ရာ ဖန်တီးမှုများဖြင့် ဧရာဝတီကို ကယ်တင်ရန် အားထုတ်ခဲ့ကြသည်။ အားထုတ်နေကြဆဲ။ နိုင်ငံရေးပါတီ များ အဖွဲ့အစည်းများ၊ လှုပ်ရှားတက် ကြသူများ၊ လူထုအခြေပြု လူ့အဖွဲ့ အစည်းများ၊ လူငယ်များနှင့် အလုပ်သမား၊ လယ်သမား လူထုလူတန်းစား အဖွဲ့များကလည်း သူတို့၏ အတွေး အမြင်၊ အယူအဆ၊ ခံစားချက်များကို ရင်ဖွင့်ဖော်ထုတ်ခဲ့ကြသည်။ ရင်ဖွင့် ဖော်ထုတ်ကြဆဲ။
သို့သော် ဧရာဝတီကား ရေငတ်ဆဲ။
သို့သော် ဧရာဝတီကား ဆုံးရှုံးဆဲ။
ရေငတ်နေသည့် ဧရာဝတီ  
ဧရာဝတီကြီး ရေငတ်ပြေရန် ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင် သစ်ပင်များစိုက်ပျိုးပေးရမည်။ ထိုသစ်ပင်များက မိုးရွာသွန်းချိန်တွင် မိုးရေများ ဧရာဝတီမြစ်ထဲသို့ တောက်လျှောက် စီးဝင်မသွားစေရန် မိုးရေတချို့ကို စုဆောင်း   ပေးထားမည်။ နွေကာလ ရောက်ချိန် ဧရာဝတီမြစ်ရေမခမ်း ခြောက်စေရန် အဆိုပါသစ်ပင်တို့က ကူညီပေးသည်။ ထို့ပြင် အပူပိုင်း ဒေသများတွင် ရာသီဥတု မှန်ကန်စေရန် နှင့် မိုးပုံမှန်ရွာစေရန် တို့ကိုလည်း ထို သစ်ပင်တို့က ကူညီ လုပ်ဆောင် ပေးမည်။ ထို့ကြောင့် ထိုအရေးကြီးသော သစ်ပင်များ မျိုးသုဉ်းမှု မဖြစ်စေရန် သဘာဝ ပတ်ဝန်းကျင်နှင့် သက်ရှိသက်မဲ့ သတ္တဝါများ အပြန်အလှန် မှီတင်းနေထိုင်သော ဂေဟစနစ် ကောင်းမွန်လာစေရေးနှင့် ယင်းတို့အပေါ် ဂုဏ်ယူတန်ဖိုးထား တတ်လာစေရန် စသော ရည်ရွယ်ချက်များဖြင့်  အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။ ထို့အဖွဲ့တွင် သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် များအား ချစ်မြတ်နိုးကြသော ဝါသနာတူ လူငယ်လေးများ ပါဝင်ကြသည်။ ထို့အဖွဲ့မှ လူငယ်တစ်ဦးက “ကျွန်မတို့အဖွဲ့ သစ်ပင်သွားစိုက်တဲ့ နေရာက စစ်ကိုင်းတိုင်းဒေကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကား ကျေးရွာနဲ့ ငရယ်ကျေးရွာ ကြားမှာရှိတဲ့ ဧကပေါင်း ၃၃၄ ဧက၊ စတရန်းမိုင် ဝ.၅ မိုင်ကျယ်ဝန်းတဲ့    တောရကြီး ဘေးမဲ့တောမှာပါ။ အဲဒီနေရာက မင်းတုန်းမင်းကြီး ဘေးမဲ့တော အဖြစ် သတ်မှတ်ခဲ့တဲ့ နေရာလည်း   ဖြစ်တယ်။ နှစ်ပေါင်း ၁၅ဝ ကျော် သက်တမ်းရှိနေပြီ” ဟု ရှင်းပြသည်။
ယင်းတို့ GBP အဖွဲ့ သည် ၂ဝဝ၉ ခုနှစ်မှစ၍ နှစ်စဉ်အဆိုပါဘေးမဲ့တောသို့ သစ်ပင်စိုက်ရန်၊ ငှက်များကြည့်ရှု    လေ့လာရန်၊ ရွှေသမင်များနှင့် အခြား သားရဲတိရစ္ဆာန်များအားလေ့လာရန်၊ သစ်ပင်မျိုးစိတ်များရှာဖွေရန်၊ ထိုတော ပတ်ဝန်းကျင်ရှိ ဒေသခံ ရွာသူရွာသား များနှင့် တွေ့ဆုံကာ ဘေးမဲ့တောကြီး ဆက်လက်ရှင်သန်စေရန် ဆွေးနွေးခြင်း များကို ပြုလုပ်ရန်သွားရောက်ကြသည်။ ဧရာဝတီနှင့် ရင်နှီးခဲ့သည်မှာ ၄ နှစ်ရှိပြီ ဖြစ်သော GBP အဖွဲ့မှ ဧရာဝတီ၏ ပြောင်းလဲလာမှုကို “ဧရာဝတီမြစ်ကြောင်း ကနေတစ်ဆင့် ရှိမ်းမကားမှာရှိတဲ့ တောရကြီး ဘေးမဲ့တောကို သစ်ပင် သွားစိုက်ကြတာ၊ မနှစ်က ဧရာဝတီကြီး သောင်ထွန်းနေလို့ စီးလာတဲ့လှေကို ဆင်းပြီးတောင် တွန်းလိုက်ရသေးတယ်။ အဲဒီမှာ ကျွန်မတို့ အဖွဲ့သားတွေ ပြောဖြစ်တာက တွေ့လား ငါတို့တွေ ဧရာဝတီမြစ်ကြီးထဲမှာ ဆင်းရပ်နေကြတာပေါ့လို့”ဟု ပြန်ပြောင်းပြောကြသည်။
စစ်ကိုင်းတောင်ပေါ်မှ မြင်ရသော ဧရာဝတီ၏ မြင်ကွင်းပြောင်းလဲမှုနှင့် ပတ်သက်၍လည်း GBP အဖွဲ့ဝင် စစ်ကိုင်းသူ တစ်ဦးက ““စစ်ကိုင်းတောင် ပေါ်ကနေ ဧရာဝတီမြစ်ကိုကြည့်ပြီး အပန်းဖြေရတာ၊ အခုဆိုရင်ဧရာဝတီမြစ်ကို    မြင်ရတဲ့မြင်ကွင်းက တဖြည်းဖြည်း ဝေးဝေးလာတယ်။ သောင်တွေထွန်း နေတာလည်း အများကြီးပဲ။ ဧရာဝတီမြစ်ကြီး ဘယ်လောက်ကျဉ်း သွားသလဲဆိုရင် ဟိုဘက်ကမ်း ဒီဘက်ကမ်းကို စကားတောင် လှမ်းပြောလို့ရတယ်။” ဟု ယင်းက ကိုယ်တွေ့မြင်ကွင်းကို ပြောပြသည်။ ထို့နောက် ယင်း၏ထင်မြင်ချက် တစ်ခုကိုလည်း ပြောပြသည်။ “ဒီနှစ်ဧရာဝတီမြစ် ရေတိုးတာမြန်တယ်လို့ ကျွန်မထင်တယ်။ အရင်နှစ်တွေက မေလအကုန် ဆိုရင် မြစ်ကြောင်းကို အသုံးပြုပြီး ကျွန်မတို့ အဖွဲ့သားတွေ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တစ်ခုခု လုပ်တယ်၊ ဥပမာ-ပျိုးပင်ယူတာ၊ လေ့လာရေး လုပ်တာတွေပေါ့။ ဒီနှစ်မှာ အဲဒီမြစ်ကြောင်းကို သုံးလို့မမီလိုက်ဘူး။ မြစ်ရေက တက်တာမြန်သလို ကျတာလည်း    မြန်နေတယ်လေ”ဟု ရှင်းပြသည်။ ဧရာဝတီမြစ်ရေကို ထိန်းသိမ်းရန် သစ်တောပြုန်းတီးလာမှုကိုလည်း ဂရုစိုက်ရမည်ဟု GBP က ပြောကြားသည်။
ဧရာဝတီ မြစ်ကမ်း တစ်နေရာ
ဧရာဝတီ မြစ်ကမ်း တစ်နေရာ
ဧရာဝတီမြစ်ကြီး ရေငတ်လာခြင်း နှင့်ပတ်သက်၍ ရေအရင်းအမြစ် ပညာရှင်တစ်ယောက်ဖြစ်သော ပါရီမြို့ ယူနက်စကို ဌာနချုပ်မှ ရေရှည်တည်တံ့သော ရေအရင်းအမြစ် စီမံခန့်ခွဲမှုဌာန အကြီးအကဲဟောင်း ဒေါက်တာ ခင်နီနီသိန်းက “ဧရာဝတီမြစ်ကြီးက အခု စက်ဘီးလည်း ဖြတ်စီးလို့ရပြီလို့ ဒေါက်တာခင်မောင်လွင်ရဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာ    တွေ့ရတယ်။ ဧရာဝတီ မြစ်ကြီးက မြစ်ကြောင်း ရှာလို့မရအောင် အပိုင်းပိုင်း ကွဲနေတယ်။ နုန်းတင်မြေတွေလည်း အရမ်းများနေပြီ။ ဒါကိုပြန်လည် ထူထောင်ရမယ်။ ဒါဆိုရင် ဧရာဝတီမြစ်ကို သူစီးချင်သလို သဘာဝကျကျလေး စီးခိုင်းဖို့ နေရာပေးရမယ်” ဟု ပြောကြားသည်။ ဧရာဝတီမြစ်ရေ သဘာဝအတိုင်း စီးဆင်းရေးအတွက် ဆင်ခြင်ရမည့် အချက်များနှင့် ပတ်သက်၍လည်း ဒေါက်တာခင်နီနီသိန်း က ““ဟိုအရင် ၁၉၆ဝ-၇ဝ-၈ဝ-၉ဝ ပတ်ဝန်းကျင်ထိ မြစ်တစ်ခုကို ထူထောင်ဖို့ သောင်ခုတ်တာ၊ ပြိုနေတဲ့ ကမ်းပါး တွေကို အုတ်တွေစီပြီး ကွန်ကရစ်တွေ ခင်းလိုက်တာ။ အဲဒါတွေဟာ သဘာဝ ကျတဲ့ မြစ်ကြီးကို တစ်ခါတည်း လက်ထိပ်ခတ်လိုက်သလို    ဖြစ်သွားရော၊ ပြီးရင် မြစ်နဖူးကို တစ်ပေတောင် မချန်ဘဲနဲ့ ဟိုတယ်တွေ ဆောက်တာ၊ အိမ်ခြေတွေ ဆောက်တာမျိုးဟာ မသင့်တော်ပါဘူး။”ဟု ယင်း၏ အတွေအကြုံများအရ သုံးသပ် ပြောကြားသည်။ မြစ်ကြီးတည်တံ့မှု ရှိစေရန်အတွက် သစ်ပင်တစ်မျိုးတည်းကိုသာ မစိုက်သင့်ကြောင်း၊ သဘာဝကျသော သစ်ပင်တောများကဲ့သို့ သစ်ပင်မျိုးစိတ် စုံလင်စွာ စိုက်ပျိုးသင့်ကြောင်းလည်း အကြုံပြု ပြောကြားထားသည်။
ထို့ပြင် မြစ်များ၏ နုန်းအနည်ကျ တတ်သည့် သဘာဝနှင့် ပတ်သက်၍လည်း ဒေါက်တာ ခင်နီနီသိန်းက တရုတ်ပြည်ရှိ မြစ်ဝါမြစ်တွင် တည်ဆောက်ထားသည့် ဆည်၏ နမူနာကို ယင်း၏ စာတမ်းတစ်စောင်တွင် ရေး သားခဲ့ဖူးသည်။ ထိုဆည်တွင် နုန်းအနည်ကျမှုမှာ ဆည်ခံနိုင်ရည်၏ ၉ဝ ရာခိုင်နှုန်း ကျော်လွန်သွားသဖြင့် မြစ် ညာတွင် ရေကို အတိုးအလျော့ လုပ်ပေးနိုင်သည့် ဆည်များကို ဆောက်လုပ်ခဲ့ရကြောင်း၊ ထို့ကြောင့် မြစ်ဆုံဆည် စီမံကိန်းအရ နှစ် ၅ဝ ကြာပြီး၍ ဆည်ကြီးကို မြန်မာလက်သို့ ပြန်လည်ပေးအပ်ချိန်တွင် နုန်းအနည်ကျမှု ပြဿနာကြောင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်စွမ်း ဆက်လက်ရှိမည် မဟုတ်ဟု ယူဆပါကြောင်း ထိုစာတမ်းတွင် ထောက်ပြထားဖူးပါသည်။
ဧရာဝတီကား ရေငတ်နေသည်မှာ သေချာသကဲ့သို့ ဆက်လက်၍ ရေငတ်နေဦးမည့် အလားအလာများလည်း ရှိနေသေးသည်ဟု ဆိုရမည်ပင်။
သယံဇာတများ ထုတ်ယူ သုံးစွဲခံနေရသည့် ဧရာဝတီ
ဧရာဝတီမြစ်ကြီးထဲတွင် သဘာဝ သယံဇာတများစွာ ရှိသည်။ ထိုသယံဇာတများအနက် ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းရတော့မည့် အခြေအနေသို့ ယခုရောက်ရှိ နေရပြီဖြစ်သည်။ ထိုအခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များ အတွင်းသို့ အကြိမ်ကြိမ် သွားရောက် လေ့လာခဲ့ဖူးသော စာရေးဆရာ၊ ဓာတ်ပုံဆရာ ဦးစိန်မျိုးမြင့်က “အရင်တုန်းက ဧရာဝတီမြစ်ရိုး တစ်လျှောက်ဖြစ်တဲ့ ပဲခူးတိုင်း၊ ပြည်မြို့ ကနေကချင်ပြည်နယ်၊ ဗန်းမော်မြို့ကြားမှာ ဧရာဝတီလင်းပိုင်တွေ ကျက်စားခဲ့ကြတယ်။ အခု မန္တလေးတိုင်း၊ မင်းကွန်းနဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ကြားမှာပဲ ဧရာဝတီလင်းပိုင်ကို တွေ့ရတော့တယ်။ အဲဒီ ဧရာဝတီလင်း ပိုင်တွေဟာ ဧရာဝတီရဲ့ အရေးကြီးဆုံး သယံဇာတထဲက တစ်ခုပါ။ အဲဒါကြောင့် ဧရာဝတီနဲ့ မကင်းသူ အားလုံးက ကာကွယ်သင့်ပါတယ်”ဟု ယင်း၏ ယူဆချက်ကို ပြောသည်။ ဧရာဝတီ လင်းပိုင်များ တဖြည်းဖြည်း မျိုးသုဉ်းလာနေကြောင်းနှင့် မျိုးသုဉ်းရခြင်း အဓိက အကြောင်းရင်းများကိုလည်း ဆရာ ဦးစိန်မျိုးမြင့်က “ဧရာဝတီမြစ်ထဲမှာ တရားမဝင် ငါးဖမ်းတဲ့လုပ်ရပ်တွေ ဒီနှစ်မှာ အရမ်းဆိုးရွားလာတယ်။ ငါးဖမ်းနည်းတွေက လျှပ်စစ်ရှော့တိုက်တဲ့ ဖမ်းနည်းတွေ၊ မိုင်းခွဲတဲ့ဖမ်းနည်းတွေ၊ အဆိပ်ချတဲ့ ဖမ်းနည်းတွေ ရှိတယ်။ အခု ဒီနှစ်မှာ ဘက်ထရီနဲ့ လျှပ်စစ်ရှော့တိုက်ပြီး ဖမ်းတာ အရမ်းများလာပြီ။ အဲဒီအတိုင်းသာ ဆက်သွားရင် ငါးမျိုးသုဉ်း တာတွေ ဖြစ်သွား   တော့မယ်။ ရေသတ္တဝါ အကြီးတွေဖြစ်တဲ့ လိပ်၊ လင်းပိုင်တွေအပြင် ရေပိုး၊ ရေမွှား၊ အင်းဆက် အမှုန်အမွှားလေးတွေလည်း သေနိုင်တယ်”ဟု ရှင်းပြသည်။ ထိုသို့ ရေနေသတ္တဝါများ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရန် ပြုလုပ်သင့်သော အချက်များနှင့် ပတ်သက်၍လည်း ဆရာဦးစိန်မျိုးမြင့်က ““ဒီလို တရားမဝင် ငါးဖမ်းတာတွေကို ဥပဒေအဖွဲ့တွေက အရေးယူ ပေးရုံသာမက ဒေသခံတွေကပါ အန္တရာယ်ကင်းကင်းနဲ့ ပူး ပေါင်းပါဝင်နိုင်ဖို့ လိုပါတယ်။ ပြီးရင် ကျူးလွန်သူတွေကိုလည်း ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူမှပဲ ဖြစ်တော့မယ့် အခြေအနေပါ”ဟု အကြံပြု ပြောကြားထားသည်။
ထို့ပြင် ဧရာဝတီ မြစ်ဖျားခံရာ ကချင်ပြည်နယ်သည် ဧရာဝတီ၏ ရေဝေရေလဲ ဒေသတစ်ခုလုံးပါဝင် နေသောကြောင့် ကမ္ဘာပေါ်တွင် နောက်ဆုံး ကျန်ရှိသော ဇီဝမျိုးကွဲ ပဒေသာ အစုအပေါင်းကြီး ဖြစ်နေဦးမည်ဟု သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ယူဆသည်။ တရုတ်ရေအားလျှပ်စစ် အဖွဲ့၏ ကြေညာချက်ကို တုံ့ပြန်ထားသည့် ယင်း၏ စာတမ်းတွင် “ကချင်ပြည်နယ်သည် ဟိမဝန္တာမျိုးရင်းသား ငှက်ပန်းမန်များနှင့် မလေးရှား မျိုးရင်း သားငှက်ပန်းမန်များ၏ ဆုံချက် ဇီဝမျိုးကွဲများ ပေါကြွယ်ဝရာ Bio-diversity Hot-Spot တစ်ခုဖြစ်သည်။ သစ်ခွမျိုးရင်း ၈ဝဝ ကျော်နှင့် Rododendron ပန်းမျိုးပေါင်း၂ဝဝ ကျော်တို့ ရှိကြသည်။ ကမ္ဘာပေါ်တွင် မျိုးတုံးတော့မည်ဟု ပြောဆိုနေ ကြသော်လည်း ယခုအချိန်အထိ ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်ထဲတွင် တွေ့ရှိနိုင်သေးသည်။ အလွန်ရှားပါးနေပြီဖြစ်သော Taxus Wallichiana မျိုးစိတ် Yew ၏ အခေါက်မှာ ဆေးဖက်ဝင်ပြီး ကင်ဆာရောဂါကို ကုသရာတွင် အသုံးပြုနိုင်သည်။ ထိုအပင်မျိုးစိတ်ကိုလည်း ကချင်ပြည်နယ်တွင် တွေ့နိုင်သေးသည်။ ထိုကဲ့သို့သော သစ်ပင်များမှာ တရုတ်ဘက်သို့ တရားမဝင် မှောင်ခို လမ်းကြောင်းမှ စီးထွက်နေကြသည်။ Leaf deer, Blue Sheep, တာကင် နှင့် ပန်ဒါအနီကဲ့သို့ ရှားပါးသော ဇီဝမျိုး စိတ်များ၊ မျိုးတုံးတော့မည့် အန္တရာယ် ကြုံနေရပြီ ဖြစ်သော မျိုးစိတ်များနှင့် မျိုးစိတ်အသစ်များ၊ ဆေးဖက်ဝင်သော သစ်ခေါက်သစ်ဥများနှင့် အပင်များကို ကချင်ပြည်နယ်တွင် တွေ့နိုင်သေးသည်။ ထို့ပြင် ရေချိုငါးမျိုးများနှင့် မျိုးစိတ်သစ်များလည်း ကချင်ပြည်နယ် ပူတာအို ဒေသတွင် တွေ့နိုင်သည်။ ထိုကဲ့သို့ ဇီဝမျိုး စုံလင်သော ကချင်ပြည်နယ်ကို နောက်ထပ် မထိပါးသင့်တော့ဟု သိပ္ပံပညာရှင်များက တညီတညွတ်တည်း ပြောကြား    နေခဲ့သည်”ဟု ရေးသားထားသည်။ ထို့ပြင် တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် ယင်း၏ အမြင်ကိုလည်း “နိုင်ငံ၏ဇီဝ ပဒေသာများ၊ ဂေဟစနစ်များနှင့် ပတ်ဝန်းကျင်ကို အလေးဂရုပြု မစဉ်းစားသော ဖွံ့ဖြိုးရေးသည် အဓိပ္ပာယ်မရှိသော ဖွံ့ဖြိုးရေးသာဖြစ်သည်”ဟု ပြတ်သားစွာ ဖော်ပြထားပါသည်။
အဆိုပါ တရားမဝင် ငါးဖမ်းခြင်းကိစ္စကို လိုက်လံဖြေရှင်းပေးနေသော ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း “ကျွန်တော်တို့က လစဉ်လတိုင်း ဧရာဝတီမြစ်ထဲကို ကင်းလှည့်ပါတယ်။ အဓိက ကတော့ မင်းကွန်းနဲ့ ကျောက်မြောင်း   ကြားက ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေ ထဲကိုပါ။ အခု ဒီနှစ်မှာ လျှပ်စစ် ရှော့တိုက်ပြီး ငါးဖမ်းတာတွေ အရမ်းများလာတယ်။ ကျွန်တော်တို့တွေက အသိပညာပေးတာတွေ သွားပြီးလုပ်တယ်။ ဒါပေမဲ့ သိပ်ပြီးတော့ အဆင်မပြေဘူး။ ဘယ်လိုဖြစ်လည်း ဆိုတော့ ကျွန်တော်တို့အဖွဲ့ရဲ့ လှေတွေကို ဝိုင်းပြီး ရန်မူတာတွေတောင် ရှိတယ်။ ကျွန်တော်တို့လည်း ကိုယ့်ဟာကိုယ် ကာကွယ်နေရတယ်”ဟု ယင်းတို့ တွေ့ကြုံနေ ရသောကိစ္စများအား   ပြန်လည်ပြောပြသည်။ ထိုသို့ တဖြည်းဖြည်း အခြေအနေ ဆိုးရွားလာခြင်းကို ထိန်းသိမ်းနိုင်ရန် အတွက် အခြားနိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများ သို့လည်း ပါဝင်ကူညီနိုင်ကြရန် ပြောကြားချင်ကြောင်းလည်း ယင်းက ပြောကြားသည်။ “ဧရာဝတီမှာဖြစ်နေတဲ့ကိစ္စက ကျွန်တော်တို့ အစုတစ်စု အဖွဲ့တစ်ဖွဲ့နဲ့ပဲ ဆိုင်တာ မဟုတ်ဘူးလေ။ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်လို့ ကျွန်တော်ထင်တယ် ပါတီတွေရော၊ နိုင်ငံရေးအဖွဲ့တွေရော၊ NGO လို လူမှုရေးအဖွဲ့တွေရော၊ မီဒီယာ သတင်းသမားတွေရော၊ သာမန်ပြည်သူတွေရော အားလုံးနဲ့ဆိုင်တယ်ဗျ၊ အားလုံးကသာ ဝိုင်းဝန်းပြီး ဆော်သြပေးမယ်ဆိုရင် ဧရာဝတီဟာ အခြေအနေ အရမ်းမဆိုးနိုင်ဘူး၊ အဓိက ကတော့ဗျာ အဲဒီဒေသမှာနေတဲ့ ပြည်သူတွေရဲ့ အသိဉာဏ်တွေကို ပိုပြီးဖွံ့ဖြိုးလာအောင် လုပ်ပေးရမယ်။ ပြီးတော့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့သူတွေနဲ့အတူ ဒေသခံပြည်သူတွေပါ ပူးပေါင်းပါဝင်လာရင် ပိုကောင်းတာပေါ့” ဟု ဧရာဝတီကို ကာကွယ်ဖို့အတွက် အကြုံပြုထားသည်။ ထိုသို့ လျှပ်စစ်ရှော့တိုက် ငါးဖမ်းသောကိစ္စနှင့် ပတ်သက်၍ ဒေသခံ ငါးဖမ်းလုပ်သားတို့နှင့် တွေ့ဆုံခဲ့ရသော လူမှုရေးအဖွဲ့မှ ပြောကြားချက်အရ ငါးဖမ်းနေရခြင်းမှာ ယင်းတို့၏ စာဝတ်နေရေးအရ ဖြစ်ကြောင်း၊ ယခုအခါ ငါးရရှိမှုလည်း တဖြည်းဖြည်း နည်းလာကြောင်း၊ အသိပညာ ဖြန့်ဝေသော အဖွဲ့အစည်းများ၏ ပြောပြချက်များကို နားထောင်ရဖန် များလာ၍ သဘောပေါက်မှု ရှိလာကြောင်း၊ မိမိတို့နေထိုင်ရာ၊ ရှာဖွေစားသောက်ရာ ဧရာဝတီကို ကာကွယ်ရန် ကြိုးစားလုပ်ဆောင် ပါမည်ဟု ပြောကြားကြောင်း ဒေသခံတို့၏ ခံစားချက်ကို ကြားသိရသည်။
ဧရာဝတီ မြစ်ကမ်း တစ်နေရာ
ဧရာဝတီ မြစ်တစ်နေရာ
ဧရာဝတီနှင့် ရေအားလျှပ်စစ်
ဧရာဝတီမြစ်ကြီး၏ အခြား သယံဇာတ အခြေခံစီမံကိန်းတစ်ခုမှာ ရေအားလျှပ်စစ် ထုတ်ယူခြင်းဖြစ်သည်။ ဧရာဝတီမြစ်ရေကို လိုသလို ယူဆောင်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ကြိုးပမ်းမှုများ ရှိလာသဖြင့် နိုင်ငံတော် အဖွဲ့အစည်း၊ လူမှုရေး အဖွဲ့အစည်း၊ ပညာရှင် အဖွဲ့အစည်းတို့က ဝိုင်းဝန်း အကြုံပြုကြခြင်း ဖြစ်ပေါ်ခဲ့ရသည်။ အဆိုပါ ရေသယံဇာတ ထုတ်ယူမည့်ကိစ္စနှင့် ပတ်သက်၍ ရေအရင်းအမြစ် သုတေသနပညာရှင် ဒေါက်တာ ခင်နီနီသိန်းက “ကျွန်မတို့လိုအပ်တဲ့ သယံဇာတတွေကို ထုတ်ဖော်သုံးစွဲနေရင်းနဲ့ ကျွန်မတို့ချစ်တဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ပါမလားလို့ အဲဒီ ဧရာဝတီရဲ့ ရေသယံဇာတတွေကို ထုတ်ယူဖို့ ကြိုးစားနေသူတွေကို ကျွန်မမေးချင်ပါတယ်” ဟုပြောကြားထားသည်။ ဆက်လက်၍ ယင်းက “ဒါပေမယ့် ကျွန်မမှာ ဒီဧရာဝတီမြစ်ကြီးကို စီပွားရေးဖွံ့ဖြိုးဖို့ အသုံးပြုရမယ်ဆိုရင် အကြံပြုချက် ၃ ချက်ရှိပါတယ်။ ဟန်ချက် ၃ ချက်ပေါ့လေ။ အဲဒီဟန်ချက် ၃ ချက်သာ ညီမယ်ဆိုရင် ဘာပဲဆောက်ဆောက် ရပါပြီ။ ဟန် ချက် ၁ က စီးပွားရေး တကယ်တွက်ခြေ ကိုက်ရမယ်။ အမြတ်မရရင် အချိန်ကုန်၊ ငွေကုန်ခံပြီး ဘာဆက်လုပ်မှာလဲ။ စီးပွားရေး တကယ် တွက်ခြေကိုက်ပြီးရင် ဟန်ချက် ၂ က သဘာဝ ပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ နေစေရမယ်။ အဲဒါက ဒီရေသယံဇာတကို မှီခိုနေ ကြတဲ့ ရေသတ္တဝါတွေနဲ့ လူတွေကို ပြောတာပါ။ အဲဒီဟန်ချက် ၂ ခုကိုက် ညီပြီဆိုရင် ဟန်ချက် ၃ က တစ်နိုင်ငံလုံးမှာရှိတဲ့ လူထုတစ်ရပ်လုံးအတွက် ထည့်သွင်းစဉ်းစားပါ။ အဲဒီလို ဟန်ချက် ၃ ချက်စလုံး ညီမှသာ ပရော့ ဂျက်တစ်ခုကို လုပ်ဆောင်ရပါမယ်”ဟု အကြံပြု ပြောကြားထားသည်။
ပရော့ဂျက်တစ်ခု ပြုလုပ်တော့မည် ဆိုပါက EIA(Environmental Impact Assessemnt) (ပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှု လေ့လာခြင်း) လုပ်ပြီးပြီလားဟု အမေးခံရခြင်းနှင့် ပတ်သက်၍ EIA သည် ပရော့ဂျက်တစ်ခု အတွက် အသုံးဝင်မှု ရှိ မရှိကို ရေအရင်းအမြစ်ပညာရှင် ဒေါက်တာခင်နီနီသိန်းက “EIA က စီမံကိန်း လုပ်တဲ့ နေရာရဲ့   ဒေသကွက်ကွက် ကလေးကိုသာ တွက်ချက်တာ ဖြစ်ပါတယ်။ တစ်ဖက်စောင်းနင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အလုံးစုံ ပါဝင်တဲ့ ဆိုးကျိုးနဲ့ သဘာဝ ပတ်ဝန်းကျင်ရဲ့ အနာဂတ်၊ ဧရာဝတီရဲ့ ကျန်းမာရေး၊ ကြံ့ခိုင်ရေး၊ ဆိုးကျိုး သက်ရောက်မှုတွေကို EIA က မတွက်ချက်နိုင်ပါ ဆိုတာကို ကျွန်မ ပြောပြချင်ပါတယ်၊ အသိပေးချင် ပါတယ်” ဟုပြောကြားခဲ့သည်။
ဧရာဝတီမြစ်ရေမှ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင် ဦးဝင်းမျိုးသူက “ဧရာဝတီမြစ်ကို ပတ်ပြီး လျှပ်စစ်ဓာတ်အား မထုတ်လည်း တခြားနည်းလမ်းတွေနဲ့ လျှပ်စစ်ဓာတ်အား ထုတ်နိုင်တဲ့ အခြေအနေတွေ အကြောင်းတရားတွေ အများကြီးရှိပါတယ်။ ဒါကို တခြား နည်းလမ်းတွေ ရှာဖွေမသုံးတော့ဘဲနဲ့ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ဧရာဝတီမြစ်ကို သွားပိတ်ပြီး ဆည်ဆောက်ဖို့ ရွေးလိုက်တာတော့ ဆင်ဖိုးထက် ချွန်းဖိုးကြီးနေတဲ့ ကိစ္စပါ။ အခု ရောက်နေတဲ့ စီမံကိန်းကို ဒီနေရာမှာ ရပ်လိုက်ပြီး လျော်ကြေး ပေးလိုက်တာဟာ စီမံကိန်း ပြီးသွားချိန်မှာ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေထက်စာရင် ပိုပြီးသက်သာပါဦးမယ်” ဟုသုံးသပ်ပြထားသည်။ ဆက်လက်၍ ယင်းက ““ဒီလိုမျိုး ရှေ့တိုးရ နောက်ဆုတ်ရခက်နေ တာဟာ တိကျပြတ်သားတဲ့ စွမ်းအင်မူဝါဒ မရှိလို့ပါ။ ဒါကို အရင်ဆန်းစစ်ဖို့ လိုပါတယ်” ဟုပြောကြားသည်။
မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က တရုတ်ပြည် ယန်ဇီမြစ် တွင် ရေအားလျှပ်စစ် ထုတ်ခြင်းကြောင့် ဖြစ်ပေါ်သော အကျိုးဆက်များကို ပြောကြားထားသည်မှာ ““တရုတ်ပြည် (Three Gorges Dam) ဆောက်လုပ်မှု ကြောင့် ယန်ဇီမြစ်ရဲ့ ဓါတုဖွဲ့စည်းပုံ၊ အပူချိန်နဲ့ ရေစီးနှုန်းတွေ ပြောင်းလဲသွားခဲ့တယ်။ ငါးတွေ နေရာ ကူးပြောင်းမှုတွေ ပျက်စီးကုန်တယ်။ ငါးဖမ်းလုပ်ငန်းတွေ ထိခိုက် ကုန်တယ်။ မြစ်ကြောင်းတွေပြောင်း၊ ရေစီးတွေပြောင်း၊ ကမ်းရေတိုက် စားမှုတွေ များလာတယ်။ ရေကြောင်း သွားလာရေးတွေ ခက်ခဲလာတယ်။ ရေစီးတွေ ပြောင်းကုန်တာကြောင့် စက်မှုစွန့်ပစ်ပစ္စည်းတွေ၊ အမှိုက်သရိုက်တွေကို သန့်ရှင်းရေး မလုပ်နိုင်တော့ဘူး။ ယန်ဇီမြစ်အတွင်းမှာ ၂ဝ၁ဝ ခုနှစ် အကုန်တုန်းက မစီးတော့ဘဲ စုပုံတင် ကျန်ရစ်နေတဲ့ အမှိုက်တွေ တန်ချိန်ပေါင်း ၇၈,ဝဝဝ ခန့်ကို ရှင်းလင်းပစ်ခဲ့ရတယ်။ စတင်တည်ဆောက်တုန်းကလည်း သစ်တောတွေ ရှင်းခဲ့ရတယ်။ လူတွေပြောင်းရွေ့ရတယ်။ ရှားပါးတဲ့ ငှက်သတ္တဝါတွေရဲ့ အသိုက်အမြုံတွေကို ရှင်းလင်းပစ်ရတာ၊ ပတ်ဝန်းကျင် ဂေဟစနစ်ကြီး တစ်ခုလုံး ထိခိုက်ခဲ့ရတာကို HEP(Hydro Electric Power) နဲ့ Ecological Problem (စီးပွား ရေးဆိုင်ရာ ပြဿနာ)တွေကို ဖြေရှင်းတယ်လို့ ပြောတာ ရယ်စရာ ကောင်းနေပါတယ်”ဟု မီးမောင်းထိုး၍ ပြောကြားထားသည်။
ဧရာဝတီမြစ်အကြောင်း တစိတ်တပိုင်း
ဧရာဝတီမြစ်အကြောင်း တစိတ်တပိုင်း
သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးအုန်း ကလည်း “ရေအားလျှပ်စစ် ထုတ်ယူမှုကြောင့် သဘာဝ ပတ်ဝန်းကျင် တိုးတက်လာမည်ဟူသော အယူအဆကို လက်မခံပါ။ ဧရာမဆည်ကြီးများ တည်ဆောက်ခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်းသာ ဖြစ်နိုင်ကြောင်း၊ ကမ္ဘာအနှံ့အပြားတွင် တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ ဆည်အသေးစားများ (အမြင့် ၁၅ပေထက် မပိုသောဆည်များ) ကသာလျှင် သဘာဝကို များစွာ မထိခိုက်ဘဲ ရေအားလျှပ်စစ် ထုတ်ယူနိုင်ပေသည်။ ဆည်ကြီးများကမူ သဘာဝကို မထိခိုက်ဘဲ ဆောက်လုပ်၍ မရနိုင်”ဟု ဆည်ကြီးများ ဆောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော အကျိုးဆက် များကို သုံးသပ်ချက် ထုတ်ပြန်ထားသည်။
ဧရာဝတီမြစ်အတွင်း ဖြစ်ပေါ်နေသော အကြောင်းအရာများနှင့် ပတ်သက်၍ ပညာရှင်များ လုပ်ဆောင်သင့်သော အချက်များကို သဘာဝ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင် ဦးဝင်းမျိုးသူက အောက်ပါအတိုင်း အကြံပြုထားသည်။ အကြံပြုချက် ၇ ချက်ရှိသည်။ (၁) ရေဝေရေလဲ အသေးစိတ် အတန်းအစား ခွဲခြား သတ်မှတ်ခြင်း၊ (၂) ဇလဗေဒ တိုင်းထွာခြင်းနှင့် အသေးစိတ် ကွန်ပျူတာ တွက်ချက်မှုများ ပြုလုပ်ခြင်း၊ (၃) မိုးလေဝသ စခန်းများ ပိုမိုတိကျစွာ တည်ထောင်မှတ်တမ်းတင် ထိန်းသိမ်းခြင်း၊ (၄) မြေအတန်းအစားခွဲခြား  သတ်မှတ်ခြင်း၊ (၅) မြေအသုံးချမှု စနစ်တကျ လေ့လာခွဲခြားသတ်မှတ်ခြင်း၊ (၆) မြစ်အပေါ် မှီခိုရပ်တည်ရမှု စူးစမ်းလေ့လာခြင်း၊ (၇) ရိုးရာဓလေ့ မြေယာအသုံးချမှုနှင့် သတ်မှတ်ချက်များကို လေ့လာခြင်းတို့ ဖြစ်သည်။
ဧရာဝတီနှင့် ပတ်သက်၍ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ လုပ်ဆောင်သင့်သော အချက် ၅ ချက်ကိုလည်း ဦးဝင်းမျိုးသူက အကြံပြုထားသည်။ အဆိုပါအချက် ၅ ချက်မှာ (၁)ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာများ ဖြန့်ဝေခြင်း၊ (၂)ပတ်ဝန်းကျင် ရေးရာ လူထုလှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ (၃)ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ တစ်နိုင်တစ်ပိုင် ဆောင်ရွက်ခြင်း၊(၄) ပတ်ဝန်းကျင် စောင့်ကြည့်ရေး ကွန်ရက်များ ဖွဲ့စည်းပူးပေါင်း ဆောင်ရွက်ခြင်း၊ (၅) ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေး တင်ပြခြင်းတို့ ဖြစ်သည်။ သယံဇာတ ထိန်းသိမ်းရေး နှင့် နိုင်ငံဖွံ့ဖြိုးရေးတို့သည် အကယ်စင်စစ်တွင် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဆန့်ကျင်နေသည့် အကြောင်းအရာများ မဟုတ်ကြပါ။ နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံပိုင် သယံဇာတများကို အသုံးချတော့မည်ဆိုလျှင် EIA(Environment Impact Assessment ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု လေ့လာခြင်း)၊  SIA (Social Impact Assessment လူမှုရေးဆိုင်ရာ အကျိုးသက်ရောက် မှုလေ့လာခြင်း)နှင့် EMP(Environmental Management Plan ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစီမံချက်)များအား တင်ကြို ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ထိုကဲ့သို့သော လေ့လာဆန်းစစ်မှုများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သော သယံဇာတ အသုံးချ နိုင်ငံဖွံ့ဖြိုးရေး စီမံကိန်းများကသာ နိုင်ငံအတွက် သားရွှေအိုးထမ်း စီမံကိန်းများ ဖြစ်လာပေမည်။ သို့မှသာ ဧရာဝတီလည်း ရေမငတ်နိုင်တော့ သကဲ့သို့ နိုင်ငံတော်ကလည်း ဧရာဝတီ နှင့်တကွ ဧရာဝတီ၏ သယံဇာတများကို မဆုံးရှုံးနိုင်တော့မည်ဖြစ်ပါသည်။
ရည်ညွှန်း ။ ။ တရုတ် ရေအားလျှပ်စစ် အင်ဂျင်နီယာအဖွဲ့၏ မြစ်ဆုံဆည်နှင့် ပတ်သက်သော သဘောထား ကြေညာ ချက်အပေါ် မြန်မာပညာရှင်တို့၏ တုံ့ပြန် ဖြေရှင်းချက်များ။

No comments: