Monday, August 27, 2012

အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်ခြင်း (၉)


by ငြိမ်းအေးအိမ် on Monday, August 20, 2012 at 1:50pm ·
Facebook စာမျက်နှာတစ်ခုတွင် “မောင်တောနယ်မှ လဝက နှင့် အင်တာဗျူး” ဟူသောခေါင်းစဉ်ဖြင့်စာတစ်ပုဒ် ဖတ်ရသည်။ ရေးသားသူနှင့် စာပြုမှတ်တမ်းကို by,Myo Set on Saturday, June 23, 2012 at 11:27pm ဟုတွေ့ရ သည်။ ထိုဖေါ်ပြပါစာအရ လက်ရှိ နယ်စပ်မျဉ်းများပေါ်တွင် နေထိုင်ရသော ရခိုင်သူရခိုင်သားတို့၏ ယနေ့မျက်မှောက် အခြေအနေကို မှန်းဆနိုင် မည်ဖြစ်သည်။ သူ့ရေးသားမှုများအတိုင်းဖေါ်ပြပါမည်။

““ နတလကနေပြီးတော့ အိမ်တွေဆောက်ပေးတယ်။ ရွာတွေတည်ပေးတယ်ပေါ့နော်။ မြန်မာ ပြည်က အခြေအနေမဲ့တွေ၊ ထောင်ထွက်တွေဘာတွေလည်းပါတာပေါ့လေ။ နေစရာမရှိရင် နွားတစ်ရှဉ်း၊ ထွန်တစ်တုံးနောက် လယ်ဘယ်နှစ်ဧက၊ အိမ်တစ်လုံးပေးမယ်။ လာနေကြ။ လာနေပြီးတော့ နောက်ပိုင်း ကြတော့ ဒဏ်မခံနိုင်တဲ့ လူတွေကတော့ ပြန်ပြေးတာပေါ့။ ဘင်္ဂါလီတွေကို နွားတွေ၊ လယ်တွေ ရောင်းပြီး ပြန်ပြေးတယ်။
 မီးရှို့ခံရတဲ့ လယ်တွေက နတလ ရွာတွေများတယ်။ နတလက လုပ်ပေးထားတဲ့ ရွာတွေ များတယ်။ ရခိုင်ရွာတွေလည်း ရှိတော့ ရှိတယ်ပေါ့။ ရခိုင်ကလည်း သူ့အစုလေးနဲ့ သူနေတာပါ။ ဘင်္ဂါလီနဲ့ မရောဘူး။ သူ့အစုလေးနဲ့သူနေတာ။ ကျွန်တော်တို့လှည့်ကင်းတွေဘာတွေ သွားရင် ရခိုင်တွေနဲ့ တော်တော်လေး ရင်းရင်းနှီးနှီးနေခဲ့တယ်။ သူတို့သဘောထားတွေက မဆိုးဘူး။ ဒါပေမဲ့ သွေးကြီးတယ်။ ဘင်္ဂါလီနဲ့ ပတ်သက်တဲ့ ထိခိုက်မှုတွေ သူတို့မှာ အများကြီးခံစားခဲ့ရပြီးသွားပြီလေ။ ရခိုင် ကတော့ ရှင်းရှင်းပြောရရင် တိုင်းရင်းသားထဲမှာ ပါတဲ့အတွက်ကြောင့် ခပ်ပေါ့ပေါ့ပဲနေတယ်။ သိပ်ပြီးတော့ အလေးအနက်မထားဘူး။ ဖြစ်လာလို့ရှိရင်တော့ ချက်ချင်းထပြီး တုန့်ပြန်တာမျိုးပေါ့။ သွေးပူတဲ့အချိန် လေးပဲ။ ဘင်္ဂါလီတွေကအမြဲအဲဒါကို စိတ်ထဲမှာ အမြဲရှိတယ်။ အဲတော့ ထစ်ကနဲ ဆိုရင် သေတာပဲ။ အရင်ခေတ်ကလည်း သေတာပဲ။ ရခိုင်ရွာတွေအဲလိုနဲ့ပျောက်သွားတာတွေအများကြီးရှိတယ်။ ရခိုင်တွေ က ရွာကိုစွန့်ပြီး ထွက်ပြေးသွားတယ်။ ဘင်္ဂါလီတွေက ၀င်နေတယ်။ လယ်တွေလည်းယူလိုက်တယ် အဲလိုမျိုးပေါ့နော်။ အခုလည်းအဲလိုပဲဖြစ်မှာပဲ ဒုက္ခသည်ဆိုပြီးတော့ မောင်တောမြို့ပေါ် တက်လာတယ်။ ဘူးသီးတောင်မြို့ပေါ် တက်လာတယ်။ ရသေ့တောင်မှာ တက်လာတယ်ပေါ့နော်။ ရွာတွေလယ်တွေ ဒီအတိုင်းထားခဲ့ရတယ်။ ထားခဲ့လို့ရှိရင် ဘင်္ဂါလီကပဲ တက်ယူသွားမှာပဲ။ သူတို့မရှိအောင်က လူကြီးတွေ အနေနဲ့လည်း ခေါင်းခဲမှာပဲ။ ဘင်္ဂလားဒေ့ရှ်ကလည်းလုံးဝလက် မခံဘူး။ သူတို့နဲ့အသားအရောင်၊ အသွေးရောင်၊ မျိုးရိုးဗီဇ၊ ဘာသာစကားအကုန် တူတယ်။ ကိုးကွယ်တဲ့ဘာသာလည်း တူတယ်။ အဲဒါကိုတောင်သူတို့နိုင်ငံ သားမဟုတ်ပါဘူးဆိုပြီးတော့။ ကျွန်တော်တို့ဆီမှာ သူတို့နဲ့ တူတာတစ် ယောက်မှမရှိဘူး။ ရခိုင်နဲ့က ရုပ်ကခပ် ဆင်ဆင်တူတာပဲရှိတယ်။ ဘာသာစကားမတူဘူး။  

1988 ခုနှစ်တွင်လည်း မောင်တောမြို့သည် သမိုင်းရဟတ် တစ်ပတ်လည်သလို 1942ခုနှစ်က အဖြစ်ဆိုး မျိုးနှင့် ကြုံကြိုက်လုနီးဖြစ်ခဲ့သည်ကို တွေ့ရသည်။ ထိုအချိန်က မောင်တောမြို့နယ် သံဃနာယက ဥက္ကဌက၊ ဗဟိုသံဃနာယက အဖွဲ့ထံ တင်ပြသည့်စာတွင် -

““ 13-5-88 သောကြာနေ့ည ကိုးနာရီကျော်တွင် ကုလားငါးသောင်းခန့် မောင်တောမြို့ကို တောင်ဘက်၊ အရှေ့ဘက်၊ မြောက်ဘက်တို့မှ ၀ိုင်းရံပြီး၊ ရခိုင်ဗုဒ္ဒဘာသာများကို သတ်ပစ်ရန် ကြိုးပမ်းခဲ့ ကြပါသည်။ ယင်းနေ့က အမှတ်(၄)ရပ်ကွက်ရှိ မြို့သစ်ဘုန်းကြီးကျောင်းကို လက်တင်ဖျက်ဆီးခဲ့ကြပြီး၊ ဗဟိုကျောင်းတိုက်ကို ၀န်းရံထားခဲ့ကြပါသည်။ ပြည်သူ့ရဲတပ်ဖွဲ့နှင့် အမှတ်(၂)လုံထိန်းတပ်ရင်းတို့၏ အချိန်မီတားဆီးနိုင်မှုကြောင့်၊ ရခိုင်များ ကွပ်မျက်ခံရမည့် ဘေးမှ လွတ်မြောက်ခဲ့ပါသည်။ ၎င်းတို့၏ လုပ်ရပ်သာအောင်မြင်ခဲ့ပါက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူနှစ်သိန်းခွဲကို ချက်ချင်း သွင်းယူပြီး၊ မွတ်ဆလင် နယ်မြေအဖြစ်သိမ်းပိုက်ကာ၊  ဘင်္ဂလားဒေ့ရှ်၏ အစိတ်အပိုင်းအဖြစ် သွပ်သွင်းရန် ကြိုးစားသော ယုတ်မာသည့်ကြံစည်မှုကြီးဖြစ်ပါသည်” ဟုတင်ပြထားပါသည်။

1946 တွင်၊ Jami-a-tul Ulema-e Islam အဖွဲ့ပေါ်ပေါက်လာသည်။ ၎င်းအဖွဲ့သည် 1947 ခုနှစ် (မြန်မာ့ လွတ်လပ်ရေး မရမီ ရှေ့တစ်နှစ်) တွင် “ကရာချိ” သို့သွားကာ ပါကစ္စတန်လွတ်မြောက်ရေးလှုပ်ရှားနေသော မွတ်ဆလင် ခေါင်းဆောင်နှင့်တွေ့ဆုံပြီး (ဘူးသီးတောင်-မောင်တော-ရသေ့တောင်) တို့ကို ပါကစ္စတန်နိုင်ငံနှင့် ပူးပေါင်းခွင့်ပြုရန် တောင်းဆိုခဲ့သည် (Dr.Mohammed Yunus, A History of Arakan, 1994.P-123)၊ ဆိုသော မှတ်တမ်းနှင့်၊ လွတ်လပ်ရေးခေတ်ဦး၊ ရန်ကုန်အစိုးရကာလ၊ (1949-50)တွင် ဘူးသီးတောင်နှင့် ရသေ့တောင်တို့မှာ၊ မူဂျာဟစ်သူပုန် များလက်အောက်တွင် ကျရောက်ခဲ့ရသည်၊ မူဂျာဟစ်တို့၏ ရည်မှန်းချက်မှာ၊ သီးခြားအစ္စလာမ်မစ်နိုင်ငံ တည်ထောင်ရေး ပင်ဖြစ်သည်။ (Hugh Tinker: The Union of Burma- page 34)ဆိုသောမှတ်တမ်းများအရ မောင်တောမြို့နယ် သံဃနာယက ဥက္ကဌ၏ လျှောက်ထား တင်ပြချက်သည် ဖြစ်တန်ချေရှိမရှိ ဆက်စပ်ကြည့်နိုင်သည်။

13-5-5-88  ဟူသောရက်စွဲသည် ရိုးရိုးတိုက်ဆိုင်မှုတစ်ခုဟုဆိုရန် ခက်ပါမည်။ အဘယ့်ကြောင့်ဆိုသော် 1942 ခုနှစ်က ရခိုင်-ကုလား အဓိကရုဏ်းတွင် မွတ်ဆလင်များက ရခိုင်များကို ဘူးသီးတောင်၊ မောင်တောနယ်မြေမှ မောင်းထုတ်ခဲ့သောနေ့သည် 13-5-42 ဖြစ်နေသောကြောင့်ဖြစ်သည်။ ထိုနေ့ကို အထိမ်းအမှတ်ယူက 1988တွင် ဒုတိယ အကြိမ်ကြံစည်ခြင်းဖြစ်နိုင်ပါသည်။

1988 စက်တင်ဘာလတွင် မောင်တောမြို့မ၊ ကညင်တော အထကကျောင်းတွင် စစ်တွေမှရောက်ရှိလာသော ဒီမိုကရေစီသပိတ်တိုက်ပွဲ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးတရားဟောပြောရာတွင် မောင်တောမှ ဘင်္ဂါလီခေါင်းဆောင် ဒေါက်တာထွန်းအောင် က 1988ခုနှစ် မေလ၊ မွတ်ဆလင်အင်အားပြ ဆန္ဒပြမှုကြီးသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒီမိုကရေစီအခွင့်အရေးအတွက် လှုပ်ရှားမှုဖြစ်ကြောင်း ဟောပြောသွားခဲ့သည်ဟု မှတ်တမ်းများက ဖေါ်ပြသည်။ 2012 ရခိုင်အဓိကရုဏ်းကြီး ဖြစ်အောင် လှုံ့ဆော်သူအဖြစ် အစိုးရက ထိန်းသိမ်းတရားစွဲဆိုထားသူ UNHCR ရုံးက ဒေါက်တာ ထွန်းအောင်(နုရ်ဟောက်)အား ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၁၄၇ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ လိမ်လည်မှု ပုဒ်မ ၄၂၀ ၊ ၄၆၈ ၊ ပုဒ်မ ၆(၁)၊ ပုဒ်မ ၁၅၃ စသည့် ပုဒ်မ တို့ ဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။ ယခုတရားစွဲဆိုခံထားရသည့် UNHCR ရုံးက ဒေါက်တာ ထွန်းအောင်(နုရ်ဟောက်)သည် 1988ခုနှစ်က ဟောပြောခဲ့သူ ဒေါက်တာထွန်းအောင်ပင်ဖြစ်လေသလားဟု ဆက်စပ်စဉ်းစားမိသည်။

ခင်ဦးသာ| July 11, 2012 | Hits: 1,753 ၏ “ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ” ခေါင်းစဉ်ဖြင့် ရေးသားထားသော အွန်လိုင်းစာမျက်နှာတွင် အောက်ပါအတိုင်း တွေ့ရှိခဲ့ရသည်။
၂၀၁၂ ၊ ဇူလိုင် ၆ ရက်။
ရခိုင်ပြည်နယ် အကြမ်းဖက်မှုများ ဖြစ်ပွားသည့်ကာလအတွင်း ကမ္ဘာ့ကုလသမဂ္ဂ(UN)နှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့(INGO) ၀န်ထမ်း၁၀ဦးသည် အာဏာပိုင်များ၏ဖမ်းဆီးခံထားရကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီပေးရေး ကွပ်ကဲမှုရုံး(UNOCHA) က ထုတ်ပြန်သည်။
၂၀၁၂ ၊ ဇွန် ၂၈ ရက်။
ရခိုင်ဒေသ ဒုက္ခသည်များအား ကျန်းမာရေး ကိစ္စ ကူညီပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) မှ ဆရာဝန် ၆ ဦးနှင့်ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ၀န်ထမ်း ၆ ဦး စုစုပေါင်း ၁၂ ဦး ဖမ်းဆီးခံထားရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ က ယမန်နေ့(ဇွန်လ၂၇ရက်နေ့)တွင် ပြောဆိုကြောင်း အမေရိကန် ထိပ်တန်းသတင်းစာ The New York Times သတင်း က ဖော်ပြထားသည်။

            မေလ နှင့် ဇူလိုင်လ အတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများနှင့် ပတ်သက် ၍ ရန်ကုန် မြို့  နိုင်ငံခြားရေး ၀န်ကြီးဌာန ရုံးခွဲတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် မငြိမ်သက်မှုတွင် ကုလ ၀န်ထမ်း ၅ဦး နှင့် ကုလလက်အောက်ခံWFPမှ ၀န်ထမ်းတစ်ဦးသည် သွေးထိုးလှုံ့ ဆော်ခဲ့၍ ဖမ်းဆီးထားကာ ဥပေဒေအရ
အရေးယူဆောင်ရွက်မည့် ကိစ္စကိုလည်း ပြောကြားခဲ့သည်။
စိတ်ဝင်စားစရာ အကောင်းဆုံးမှာ မီးတောက်ကြီးဖြစ်စေခဲ့သည့် တောင်ကုတ်မြို့တွင် မွတ်ဆလင် ဘာသာဝင် (၁၀)ဦးသတ်ဖြတ်ခံရခြင်းပင်ဖြစ်သည်။ ဤစာတမ်းရေးသားနေသည့် 2012 ဂျူလိုင်လရောက်သည့်တိုင် အံ့သြဖွယ်ကောင်း သော ထိုအဖြစ်အပျက်အတွက် ၊ လူသတ်မှု/လူသေမှု/ရုန်းရင်းဆန်ခတ်မှု စသဖြင့် မည်သည့်ပုဒ်မများဖြင့် တရားစွဲတင်မည် ဆိုသည်ကို ရေရေရာရာ မသိရသေး။

“တောင်ကုတ် လူသတ်မှု ဒေသခံများနှင့် မပတ်သက်ဟု ဆို” ခေါင်းစဉ်ဖြင့်၊ ရေးသူ by Lu Cifer on Tuesday, June 26, 2012 at 10:01pm · ဟူသော အွန်လိုင်းမှဖတ်လိုက်ရသော စာတစ်ပုဒ်သည်တောင်ကုတ်ဒေသခံတို့၏ အသံ ဖြစ်ပါသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဇွန်လ ၃ ရက်နေ့ညက လူ ၁၀ ဦးအား သတ်ဖြတ်ခဲ့သူများ သည် တောင်ကုတ်ဒေသခံများ မဟုတ်နိုင်ကြောင်း သိရသည်။
ထိုလူသတ်မှုနှင့်ပတ်သတ်၍ တောင်ကုတ်မြို့မှ လူ ၅၀ ကျော်အား ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲနှင့် မြို့နယ်အာဏာပိုင် အဖွဲ့ဝင်များက အဓိက စစ်ဆေးမေးမြန်းခဲ့ပြီး မှတ်တမ်းတင်ကြောင်း၊ သို့သော် အမှုအခင်း၌ ပါဝင်ခဲ့သူများ၏ အမည်စာရင်းကို တိတိကျကျ မသိသေးကြောင်း စစ်ဆေးခံခဲ့ရ သည့် တောင်ကုတ်ဒေသခံများက ပြောသည်။
လူသတ်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို MP-4၊ မိုဘိုင်းဖုန်း စသည့် အီလက်ထရောနစ် ပစ္စည်း များဖြင့် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများကို အဏာပိုင်များက ရရှိထားကြောင်း၊ ၎င်းဗီဒီယိုရုပ်သံ ဖိုင်တွင် ပါဝင်နေသည့်သူများကို အဓိက ခေါ်ယူစစ်ဆေး မေးမြန်းခြင်းဖြစ်ကြောင်း စစ်ဆေးခံခဲ့ရသူ တဦးက ပြောသည်။
 “ဗီဒီယိုဖိုင်မှာ မြင်ရသူတွေက အခင်းဖြစ်နေတာကို ကြည့်နေသူတွေပဲ ဖြစ်နေတယ်။ တကယ် ပြစ်မှုကျူးလွန်သူတွေက လူအုပ်ကြီးရဲ့ အလယ်မှာဆိုတော့ ဘယ်သူဘယ်ဝါမှန်း မသဲကွဲဘူး။ ဖြစ်စဉ်တခုလုံးကို ခြုံကြည့်ရင် လူသတ်မှု ကျူးလွန်သူတွေဟာ ကျနော်တို့ တောင်ကုတ်မြို့ခံတွေ မဟုတ်ဘူးလို့ ယူဆရပါတယ်” ဟု စစ်ဆေးခံခဲ့ရသူက ဆိုသည်။
 အခင်းဖြစ်ပွားရာသို့ တောင်ကုတ်မြို့ ဆေးရုံအုပ်ကြီး ဒေါက်တာစံလှိုင် သွားရောက်၍ တားဆီး ဟန့်တားခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အပြင် ၎င်းအား ရိုင်းစိုင်းစွာ ပြောဆိုသူများပင် ရှိခဲ့ကြောင်း သိရသည်။
“ဒေါက်တာစံလှိုင် ရောက်လာပြီး မလုပ်ကြဖို့တားပေမယ့် ဆရာကြီးကို ရိုင်းစိုင်းတဲ့ စကားလုံး တွေနဲ့ တုံ့ပြန်မှုရှိတယ်လို့ ဆရာကြီးက ပြောပါတယ်။ အဲဒီလူတွေဟာ ကျမတို့  ဒေသခံ မဟုတ်တာ တော့ သေချာပါတယ်။ တောင်ကုတ်မြို့မှာ နေရာအစုံကလာတဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ မြို့ပါ” ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။
 ဒေါက်တာစံလှိုင်သည် တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံ၏ ဆေးရုံအုပ်ကြီးဖြစ်ပြီး တောင်ကုတ် ဒေသခံများနှင့် ရခိုင်ပြည်သူအများစု၏ လေးစားခြင်း ခံရသူဖြစ်သည်။ ၎င်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည်။

 ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့်ပဋိပက္ခများသည် အကြမ်းဖက်လိုသောလူတစု၏ ပယောဂများ ပါဝင်ကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလမ်ဘာသာရေးအဖွဲ့၏ အတွင်းရေးမှူးချုပ် ဦးကျော်ခင်က ပြောသည်။
၎င်းအခြေအနေနှင့် ဖြစ်ရပ်များသည်၊ အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ဘိုဒို လူမျိုးစုနှင့် အခြေချ နေထိုင်လာသူ မူဆလင်များအကြား ဖြစ်ပွားနေသော အဓိဂရုဏ်းစတင်သော ဖြစ်စဉ်နှင့် ဆင်တူနေသည်ကို တွေ့ရမည်။ July 25, 2012 at 9:34 am နေ့က “နေရဉ္စရာ” သတင်းဌာနက ဖေါ်ပြထားသော သတင်းတစ်ပုဒ်တွင် အောက်ပါအတိုင်း ဖတ်ရှုရမည်ဖြစ် သည်။ http://www.narinjara.com/burmese/?p=1423

““အိန္ဒိယ Reuters က India struggles to control ethnic violence in Assam ခေါင်း စဉ်ဖြင့် ရေးသားသော သတင်းတစ်ပုဒ်တွင် ဆူပူ အကြမ်းဖက်မူမှာ လွန်ခဲ့သော သောကြာနေ့က စတင်ခဲ့ခြင်းဖြစ်ပြီး အမည်မသိ သောသူများက လူငယ် ၄ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ဘိုဒိုများက အဆိုပါ သတ်ဖြတ်မူအား နောက်ကွယ်က ကြိုးကိုင်နေသူများဟု ယူဆရသူများကို လက်စားချေ တိုက်ခိုက်ရာမှ အကြမ်းဖက်ဆူပူမူ စတင်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ကြောင်း ရဲတာဝန်ရှိသူများကို ကိုးကားပြီး ဖေါ်ပြသည်။
၎င်းပြင် Reuters က ယခုနှစ်များအတွင်း အာသံပြည်နယ်တွင်နေထိုင်သော ဟိန္ဒိနှင့် ခရစ်ယာန် လူမျိုးစု များမှ ဘင်္ဂလာဒေခ်ျှ့ အခြေချ နေထိုင်လာသူများနှင့် မွတ်ဆလင် ဆန့်ကျင်ရေး စိတ်ဓါတ်များ ကြီးထွား လာကြောင်းကို ထုတ်ဖေါ် လာခဲ့ကြသည်ဟု ရေးသား ဖေါ်ပြသည်။
ဘိုဒို လူမျိုးများနှင့် ဘင်္ဂလီအခြေချ နေထိုင်သူများအကြားတွင် တိုက်ခိုက်မူများမှာ ၁၉၅၀ ခုနှစ် နောက်ပိုင်းမှ စပြီး မကြာခဏ ပေါ်ပေါက်နေကြောင်း Retures က ဆိုသည်။
ဘင်္ဂလာဒေခ်ျ့နှင့်ကပ်ရပ်တည်ရှိသော ရခိုင်တွင် ဆူပူအကြမ်းဖက်မူ ဖြစ်ပွားပြီး များမကြာမီ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင်လည်း ဌာနေတိုင်းရင်းသားများနှင့် အခြေချနေထိုင်လာသူများအကြား အဓိကရုဏ်း များ ပေါ်ပေါက်လာသဖြင့် အများက အိန္ဒိယ အကြမ်းဖက်ဆူပူမူကိုလည်း စိတ်ဝင် တစား စောင့်ကြည့် နေကြသည်ဟု သိရသည်။”

1 ဩဂုတ်လ 2012 - 17:27 GMT နေ့ရက်စွဲဖြင့် ဖေါ်ပြထားသော BBC ၀က်ဘ်စာမျက်နှာ၏ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch (HRW) အစီရင်ခံစာသတင်းတစ်ပုဒ်တွင်မူ ၊ HRW  အာရှဆိုင်ရာ ဒုတိယ ဒါရိုက်တာ မစ္စတာ ဖေးလ် ရော်ဘတ်ဆန်က““ရခိုင်အမျိုးသမီးတစ်ဦး အဓမ္မသတ်ဖြတ်ခံရတဲ့ ကိစ္စအပြီး တင်းမာမှု တွေ ပြင်းထန်လာချိန်မှာ အရှိန်လျော့သွားအောင် လုပ်နိုင်မယ့် အခြေအနေတွေ ရှိခဲ့တယ်၊ နောက်ပြီး မွတ်ဆလင် ၁၀ ဦး အသတ်ခံရတဲ့ ကိစ္စမှာ ကြိုတင်တားဆီးမယ်ဆို တားဆီးလို့ ရပါတယ်””ဟုပြောဆိုကြောင်း ရေးသားထားသည်ကို ဖတ်ရှုခဲ့ရသည်။

ထိုအဖြစ်အပျက်အခြေအနေများကိုကြည့်လျှင် 2012ခုနှစ်ရခိုင်အဓိကရုဏ်းသည် မေလ ၂၈ရက်နေ့တွင် ရမ်းဗြဲမြို့ နယ် ကျောက်နီမော်ဒေသခံ ရခိုင်တိုင်းရင်းသူ မသီတာထွေး အဓမ္မကျင့်၊ပစ္စည်းလု၊သတ်ဖြတ်ခံရပြီးနောက် တောင်ကုတ် မြို့တွင် ၁၀ဦးအသတ်ခံရသည့် နောက်ဆက်တွဲဖြစ်ရပ်ပေါ်ပေါက်ခဲ့ခြင်းမှ အစပြုသည်ဆိုသော်လည်း တကယ့်အမှန် အကြောင်းချင်းရာများသည် သည့်ထက်မက များစွာ နက်ရှိုင်းရှုတ်ထွေးခဲ့ကြောင်း ကောက်ချက်ချနိုင်မည်ဖြစ်ပေသည်။

No comments: