Thursday, August 23, 2012

ခရီးသွားများ


မြန်မာပြည်က ရေးတဲ့စာ – ၇
ခရီးသွားများ
ထရှုးမင်းကပုတ်ရဲ့ ဇတ်ကောင်မင်းသမီး ဟိုလီဂိုလိုက်လီဆိုတဲ့ လောကီဆန်လှတဲ့ အခြေအနေမဲ့ကလေးက သူ့ပစ္စည်း တွေကို ခရီးဆောင် သေတ္တာတွေထဲထည့်ပြီး လိပ်စာတတ်ရမဲ့ နေရာမှာ ‘ခရီးသွား နေသည်’ ဆိုတဲ့ စာတကြောင်းတည်း ထင်းနေအောင် ရေးထားခဲ့ပါတယ်။ ဒီလိုမျိုး နေထိုင်ရာဌာနအပေါ် သစ်ဆန်းတဲ့ အမြင်မျိုးကို စသိခဲ့ရတုန်းက ကျမက ဆယ်ကျော်သက်အရွယ်ကနေ ကူးပြောင်းခါစ၊ အံသြသဘောကျဘွယ်ရာ စွန့်စားခန်းအဖြစ် မြင်ခဲ့ပါတယ်။ ရုပ်ခန္ဓာအရ ရွေ့လျားသွားခြင်းနဲ့ပဲ ဆက်စပ်ပုံဖော်မိခဲ့ပါတယ်။
ကျမ မိုက်ကယ်နဲ့ လက်ထပ်အပြီး သူ့ရဲ့ ဟိမ၀န္တာဒေသ လေ့လာရေးကို စူးစူးနစ်နစ် စိတ်ဝင်စားမှုကြောင့် ကမ္ဘာရဲ့ ခေါင် ပေ့ဆိုတဲ့ ဒေသတွေဆီ မကြာခဏရောက်လေ့ရှိကာ အမြဲလိုလိုပဲ လှည့်လည်သွားလာနေရခဲ့လို့ ဒီအမြင်က ပိုပြီးအား ကောင်းလာခဲ့ပါတယ်။ ကျမတို့ ခရီးရှည်တွေက ပြန်လာတဲ့အခါ ကျမတို့ရဲ့မိတ်ဆွေအတော်များများဟာ အရင်လိပ်စာ တွေမှာပဲ ရှိနေတာကို တအံတသြ ဖြစ်ရတတ်ပါသေးတယ်။ လှုပ်ရှားသွားလာနေရတာကတော့ ကျမတို့အတွက် သာမန် ဘ၀ဖြစ်စဉ်လိုပါပဲ။ ကျမသား ၂ ယောက် မွေးပြီး နောက်ပိုင်းမှာတောင် ခရီးသွားလာခြင်းဟာ ကျမတို့ဘ၀ ရပ်တည်မှုမှာ တွဲလျက်ပါနေတာ ဖြစ်ပါတယ်။ ကျမ ဗမာနိုင်ငံ ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့ချိန် မတိုင်မီ သုံးနှစ်လောက်အတွင်း ကျမတို့ရဲ့ နေရာဌာနဟာ အင်္ဂလန်၊ ဂျပန် အိန္ဒိယတို့အကြား ရွှေ့ပြောင်းခဲ့ပါတယ်။
ခရီးရှည်ကြီးလို့ တင်စားပြောဆိုကြတဲ့ ဘ၀တွေဆိုတာ အကြမ်းအားဖြင့်တော့ ဖြစ်ရပ်အထွေထွေနဲ့ ပြည့်နှက်နေတတ် တာမျိုးပါပဲ။ သာမန်နေ့များကို ပုံမှန်အတိုင်းပဲ ကုန်ဆုံးသွားတာမျိုးကို ခရီးသွားခြင်းလို့ ခေါ်ထိုက်တယ်လို့ ယူဆလေ့မရှိပါ ဘူး။ ထပ်တလဲလဲဖြစ်နေတဲ့ ကိစ္စတွေဟာ ထူးခြားတဲ့ လက္ခဏာတွေပျောက်ပြီး လှုပ်ရှားမှုနှေးကွေးလွန်းလို့ လုံးဝရပ်ဆိုင်း နေပြီထင်ရတဲ့ ရေခဲမြစ်သဖွယ် ဖြစ်သွားပါတယ်။ ငြိမ်သက်ခြင်းသည်သာ ကျမတို့ရဲ့ အာရုံတွေကို ပတ်ဝန်းကျင်လောက ရဲ့ အနိမ့်အမြင့် အတက်အကျတွေအပေါ် ထိရှခံစားနိုင်အောင် ထက်မြက်လာစေပါတယ်။
ကျမ နေအိမ်အကျဉ်းကျခံနေရတဲ့ နှစ်များ အတွင်းမှာပဲ ခရီးကို ဘ၀လို့ထင်တဲ့အစား၊ ဘ၀ကို ခရီးတခုလို စသိလာခဲ့ပါ တယ်။ မခြားနားတဲ့ နိစ္စဓူဝလုပ်ငန်းတွေဟာ လျင်မြန်စွာ ကုန်ဆုံးနေတဲ့ တနေ့ချင်း တနေ့ချင်းကို ဖွဲ့စည်းထားတဲ့ မိနစ် တမိနစ်ချင်း ခြားနားပုံနဲ့ အချိန်ရဲ့အမြန်နှုန်းအပေါ် သိရှိခံစားနိုင်တဲ့ အာရုံကို မြင့်မားလာစေပါတယ်။ အနိစ္စတရားဆိုတာ ဟာ ဒဿန တစ်ရပ်သာ မဟုတ်တော့ပဲ နေ့စဉ်ဖြတ်သန်းနေတဲ့ ဘ၀၊ ဖြစ်နေ ပျက်နေတဲ့ တဒင်္ဂတွေကနေ သီတင်းပတ် တွေ၊ လတွေ၊ နှစ်တွေ ဖြစ်လာခဲ့ပါတယ်။
ပုံမှန်တရားထိုင်တာက သတိရှိခြင်းကို ပိုထက်မြက်စေတယ်ဆိုတာ သံသယဖြစ်စရာ မဟုတ်ပါဘူး။ သိမှတ်စိတ် တခုက နေ နောက်တခုကို သတိကပ်ပြီး ဖြတ်နေတဲ့အခါ ကျမရဲ့ အမြဲတမ်းလိပ်စာဟာလည်း ‘ခရီးသွားနေသည်’ ဆိုတာပါပဲ လားလို့ ခံစားမိလာတယ်။ စွန့်ပစ်ဖို့ လိုတာတွေကို စွန့်ပစ်နိုင်ဖို့ ကျမရဲ့ ခရီးဆောင် အထုပ်အပိုးတွေကို အချိန်တိုင်း အမြဲ ပြန်သုံးသပ်လာတတ်ပါတယ်။ ကျမ အမြဲတန်းပဲ ခရီးသွားနေရမယ်ဆိုတာကို သိလာကတည်းက ကျမ ပေါ့ပေါ့ပါးပါးပဲ သွားလာချင်တော့တယ်။
စိတ်ကူးယဉ်ပုံပြင်ထဲက ဇတ်ကောင်တယောက်လို အချိန်နဲ့ သံသရာထဲ လည်ပြီးရင်း လည်ရဦးမယ်ဆိုတဲ့ ရှည်လျားတဲ့ ခရီးတခုပေါ် ရောက်နေတယ်ဆိုတာ သိရတဲ့အခါ ဂိတ်တံခါးအမြင့်တွေ၊ သံဆူးကြိုးတွေ၊ မဆုံးနိုင်တဲ့ ခရီးတာများစွာ ကာ ဆီးနေတာတွေကို ကျော်လွှားပြီး ကျမရဲ့ ခရီးဖော်တွေကို အမီလှမ်းနိုင်လိမ့်မယ်ဆိုတဲ့ ခံစားချက်တွေ ဖြစ်လာပါတယ်။ ဘယ်ကိုဦးတည်မှန်း၊ ဘယ်ရောက်မှန်း မသိပေမဲ့ ကိုယ်ကိုယ့်ကိုယ် ခရီးသွားဆိုတာကို သိနေတဲ့သူ အချင်းချင်းဟာ ဘာ သာစကားတွေ၊ ယဉ်ကျေးမှုနယ်ပယ်တွင်သာမက အချိန်နဲ့နေရာတွေကိုပါ ကျော်လွှားပြီး အမှန်တကယ်ပဲ ဆက်သွယ်နိုင် တယ်မဟုတ်ပါလား။ မြေပုံဆွဲထားခြင်း မရှိသေးတဲ့ ဒေသတွေမှာ ခရီးသွားနေရသူတွေဟာ မသိရာနေရာတွေကို ယုံ ကြည်ချက်နဲ့ ရဲစွမ်းမှုကိုသာ အကာအကွယ်ယူပြီး စွန့်စားဖြတ်သန်းရတဲ့ အန္တရာယ် အတွေ့အကြုံချင်း တူညီမှုတွေကြောင့် အချင်းချင်း မျှဝေခံစားမှုတွေ တိုးပွားလာရတယ်။
ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျမဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လုံးလုံး ခရီးကြမ်းကြီးကို လျှောက်လာခဲ့ကြတာဆို တော့ အခု ဂျပန်ပြည်သူတွေရဲ့ တောင်တက်ခရီးလမ်းလို့ပြောရမဲ့ ကမ္ဘာ့အကြီးဆုံး ပြန်လည်နေရာချထားခြင်းနဲ့ ပြန်လည် တည်ဆောင်ခြင်း အစီအစဉ် တခုအပေါ် ထွက်ခွာခဲ့တာ တွေ့ရတဲ့အခါ လေးလေးနက်နက် ထောက်ထားစာနာရုံသာမက အားလုံးအောင်မြင်ကြပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်မိပါတယ်။ ကျမတို့ရဲ့ ဒုက္ခတွေ၊ အခက်အခဲတွေအား လုံးကို ကျော်လွှားနိုင်စေဖို့ ကျမတို့ ဆုတောင်းကြသလို ဂျပန်ပြည်သူတွေလည်း မိမိတို့ရဲ့ ဒုက္ခတွေ၊ အခက်အခဲတွေအား လုံးကို ကျော်လွှားနိုင်ကြပါစေကြောင်း ဆုတောင်းပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဖိနှိပ်မှုလှိုင်းတံပိုးတွေ အများကြီးစီးခဲ့ရတာပါ။ အဆိုးဆုံး အချိန်တွေတုန်းက ကျမတို့ ဟာ နေ့တနေ့ကို စရင် မနေ့ညက ဘယ်သူတွေကို ဆွဲသွားသေးလဲဆိုတဲ့ မေးခွန်းမျိုးနဲ့ စရပါတယ်။ တနင်္လာနေ့တွေက အထူးဆိုးပါတယ်။ လုံခြုံရေးတပ်တွေက သူတို့ရဲ့ မနှစ်လိုဖွယ် စိုးရွံ့စရာလုပ်ငန်းတွေကို သီတင်းပတ်ကုန်အားရက်တွေမှ ရွေးလုပ်သလိုပါပဲ။ ဒီလိုရက်တွေဆို ကျမတို့ ပါတီဝင်အချင်းချင်း ဆက်သွယ်ဖို့က ခက်ခဲပါတယ်။ ကျမတို့ ရုံးကဖုန်းနဲ့ ကျမအိမ်က ဖုန်းက သုံးမရတာ နှစ်နဲ့ချီနေတဲ့အပြင် အတက်ကြွဆုံး ပါတီဝင်အချို့အိမ်က ဖုန်းတွေကိုလည်း ဖြတ်ဖြတ် ထားတတ်ပါတယ်။ ဒီအချိန်တွေတုန်းက လက်ကိုင်ဖုန်း (ကောင်းချီးများစွာ ပေးရမဲ့ ပစ္စည်းပါ) ကလည်း မပေါ်သေးတော့ ကျမတို့ရဲ့ လူငယ်တွေကိုပဲ ဟိုပြေး ဒီပြေးခိုင်းပြီး တရားမျှတမှု ကျင့်ဝတ်စံ အားလုံးအရ ကိုယ့်အိပ်ရာမှာကိုယ် အေးအေး အိပ်နေရမယ့်သူတွေထဲက ဘယ်သူတွေများ ပါသွားသေးလဲဆိုတဲ့ သတင်းတွေ စုံစမ်းခိုင်းရပါတယ်။
ဒီလို မထောက်မညှာတဲ့ နှိပ်ကွပ်ခြင်းတွေခံနေရတဲ့ နေ့တွေကို ဖြတ်သန်းရာမှာ ကျမတို့ရဲ့ ဆင်ခြင်တုံတရားတွေတင်မက ကျမတို့ရဲ့ ဟာသဉာဏ်တွေတောင် မပြိုလဲခဲ့ရအောင် ဘာနဲ့ ကျားကန်ခဲ့ရပါသလဲ။ အဲဒါက ကျမတို့ရဲ့ အားကောင်းတဲ့ သွေးစည်းညီညွတ်မှုပါပဲ။ ဒါကပဲ ကျမတို့ရဲ့ ခါးတွေကို မတ်နေစေပြီး ဘယ်လိုဖိနှပ်မှုမျိုးကိုမဆို ရင်ဆိုင်ခရီးဆက်စေခဲ့ ပါတယ်။ ကျမတို့ရဲ့ သွေးစည်းညီညွတ်မှုကို ဂျပန်မှာ ဒုက္ခကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေကို ကမ်းလှမ်းချင်ပါတယ်။ ပြန်လည် ရှင်သန်ဖို့၊ ပြန်လည်စတင်ဖို့ လမ်းခရီးကို လျှောက်တဲ့အခါ ကျမတို့ဟာ အတူရှိနေမှာပါ။
ဒီလအတွက်စာမှာ ဘယ်လိုအကြောင်းအရာမျိုးရေးရမလဲလို့ ကျမကိုယ် ကျမ မေးမိတယ်။ ဒီလိုအချိန်မှာ ဂျပန်နိုင်ငံအ တွက် အဓိကဖြစ်တဲ့ ကိစ္စရပ်ကြီးနဲ့ မသက်ဆိုင်တဲ့ အကြောင်းတွေအတွက် နေရာရှိပါ့မလား။ ဆူနာမီ ဒါမှမဟုတ် သူ့ နောက်ဆက်တွဲ အဖြစ်အပျက်တွေနဲ့ မဆိုင်တဲ့ ဆောင်းပါးမျိုးကပဲ ပူပန်သောကရောက်နေတဲ့ ပြည်သူတွေအတွက် သူတို့ လိုလားတဲ့ အပြောင်းအလဲမျိုးပိုဖြစ်စေမလား။ ပြီးခဲ့တဲ့လက တိရစ္ဆာန်လေးများအကြောင်း ၂ ကို ကျမဆက်မရေးပဲထားခဲ့ တယ်။ ဒီလိုအရေးကြီးတဲ့ အခါမျိုးမှာ တိရစ္ဆာန်လေးတွေအကြောင်း လျှောက်ရေးတာ သင့်တော်တယ်လို့ ကျမမထင်လို့ ပါ။ ‘နောက်လ’ မှ ရေးမယ်ပေါ့။ နောက်လဆိုတာ ဒီလဖြစ်လာပါပြီ။ ကျမရေးဖို့ တုံ့ဆိုင်းဆဲပါပဲ။ သင့်တော်ဦးပါ့မလား။ နောက်တော့ ဒီလိုအချိန်မျိုးမှာ ဂျပန်ပြည်သူတွေ ဘယ်လိုအကြောင်းအရာမျိုး ဖတ်ချင်ကြမလဲဆိုတာ ကျမသိရရင် ကောင်းမယ်လို့ ကျမ စဉ်းစားမိပါတယ်။ သူတို့အတွက် ကျမရဲ့စာတွေက ဘယ်လိုကူညီနိုင်မလဲဆိုတာ ကျမရဲ့စာဖတ် ပရိတ်သတ်တွေက ကျမကို ပြောပြကြပါလား။
အောင်ဆန်းစုကြည်
ပြည်သူ့ခေတ်ဂျာနယ်
(၂၃.၅.၂၀၁၁ နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပြီး)
(ဂျပန်နိုင်ငံ ဆူနာမီငလျင်နှင့် အဏုမြူဓါတ်ပေါင်းဖိုများ ဖိုစိမ့်မှုကြောင့် လူအများအား ပြန်လည် နေရာချထားသည့်အချိန် တွင် ရေးသားခဲ့ခြင်း ဖြစ်သည်) 

No comments: