Thursday, August 23, 2012

မရှောင်နိုင်ကြတဲ့ အမှား ၉ ချက်

PDF Print E-mail
Written by ၀င်းငြိမ်း   
Monday, 06 August 2012 16:53


၂၀၁၂ ခုနှစ် ဧပြီလထုတ် The Writer မဂ္ဂဇင်းမှာ စာရေးဆရာမ ဆူဇန်ဘရင်းက စာရေးသားဖို့ ကြိုးစား နေကြသူများ မရှောင်နိုင်ကြတဲ့ အမှား ၉ ချက်ကို ထုတ်နုတ် တင်ပြထားပါတယ်။
ဆရာမ ဆူဇန်ရဲ့ The Fiction Class ၀တ္ထုကို Penguin စာအုပ်တိုက်ရဲ့ တိုက်ခွဲ တစ်ခုဖြစ်တဲ့ Plume စာအုပ်တိုက်က ထုတ်ဝေခဲ့ပါတယ်။ ဆရာမက မဂ္ဂဇင်းများမှာ ၀တ္ထုတိုပေါင်း များစွာ ရေးသားနေသူ ဖြစ်ပြီး Gotham Writers’ Workshop မှာ စာရေးသား နည်းများကို သင်ကြား ပို့ချနေသူ ဖြစ်ပါတယ်။

နယူးယောက်မြို့ မန်ဟက်တန်မှာ အခြေစိုက်တဲ့ စာရေးနည်း သင်တန်းများမှာ ကျွန်မ သင်ကြား ပို့ချခဲ့တာ ဆယ်စုနှစ် တစ်ခု မကတော့ပါဘူး။ ကျွန်မ စာသင်ခန်းထဲမှာ ဘရော့ဒ်ဝေး ဇာတ်ခုံပေါ်က မင်းသား၊ မင်းသမီးများမှ အစ  အငြိမ်းစား အင်္ဂလိပ်စာ ကျောင်းဆရာများ အလယ် ဘယ်လို လူတန်းစားရယ်လို့ ခွဲခြား မရတဲ့သူတွေ အဆုံး လူတန်းစား ပေါင်းစုံကို တက်ရောက် ခဲ့ကြပါတယ်။ အဲဒီလို အလွှာစုံ တက်ရောက် ခဲ့ကြပေမဲ့ သူတို့အားလုံး အံ့သြစရာ ကောင်းလောက်အောင် တူညီတဲ့ အမှားတွေ ကျူးလွန်တတ်ကြတယ် ဆိုတာ ကျွန်မ အတွေ့အကြုံအရ သိခဲ့ရပါတယ်။  ဒီအမှားတွေကို ခွဲခြမ်း စိတ်ဖြာလိုက်ရင် အမှား ၉ ချက်ရှိတယ်လို့ တွေ့ရပါတယ်။ ဒါကြောင့် စာရေးဖို့ စိတ်ဝင်စား နေကြသူများ ရှောင်ရှားနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ်။

၁။ဇာတ်ကြောင်းကို စောစောစီးစီး ဖော်ပြလိုက်ခြင်း

စာရေးဆရာ တော်တော်များများက သူတို့ရေးတဲ့ ၀တ္ထုဇာတ်ကြောင်းကို စိတ်ဝင်စားစရာ နေရာ မရောက်ခင်မှာ ဖော်ပြ လိုက်ကြတာ တွေ့ရပါတယ်။ ၀တ္ထု တစ်ပုဒ်ကို ရေးတဲ့ နေရာမှာ အခင်းအခက်တွေ မပါသေးဘဲ ဇာတ်ကြောင်းကို ချရေး လိုက်မယ်ဆိုရင် စာဖတ်သူ အတွက် စိတ်ဝင်စားမှုအား နည်းပါး သွားစေပါတယ်။ ဒီလို ၀တ္ထုမျိုးကို ထုတ်ဝေသူထံပဲ ပို့ပို့၊ အယ်ဒီတာဆီပဲ ပို့ပို့ စိတ်ဝင်စားမှု ရှိစေတော့မှာ မဟုတ်ပါဘူး။

ဆိုကြပါစို့၊ အများသိတဲ့ စင်ဒရဲလား ပုံပြင်လေးနဲ့ပဲ ဥပမာ ပြချင်ပါတယ်။ ဒီပုံပြင်က မိထွေး ဖြစ်သူရဲ့ နှိပ်စက် ညှဉ်းပန်းမှုကို ခံနေရတဲ့ မိန်းကလေး တစ်ယောက် အကြောင်းပါ။ ဒီမိန်းကလေးက တစ်အိမ်လုံးရဲ့ မေတ္တာကို မရရှိခဲ့တာ ဖြစ်လို့ သူ့အနေနဲ့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ရှိမဲ့သူ တစ်ယောက်ကို တမ်းတ နေပါတယ်။ ဒီဇာတ်ကြောင်းကို ဘယ်လို စဖွင့်မလဲ။ ဘယ်လို စာပိုဒ်နဲ့ စပြီး ဆွဲဆောင်မလဲ။

စင်ဒရဲလားလေးကို ကယ်တင်မဲ့ နတ်သမီး ရောက်လာတဲ့ နေရာကနေ စရေးမလား။ “ဟယ်...ဘယ်သူလဲ မသိဘူး၊ လှလိုက်တာ” လို့ စင်ဒရဲလားက တအံ့တသြ ဆိုလိုက်တယ်။ သူ့ရှေ့မှာ ပေါ်လာတဲ့ နတ်သမီးကို အံ့သြတဲ့ မျက်လုံးများနဲ့ ငေးကြည့် နေမိပါတယ်။ ဒီလို စာပိုဒ်နဲ့ စလိုက်မယ်ဆိုရင် စာဖတ်သူ အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို စပြီးသားဖြစ်သွားပါမယ်။ ဒီဇာတ်လမ်းရဲ့ နောက်ပိုင်းမှာ စာရေးသူက စင်ဒရဲလား ဆိုတာ ဘယ်သူလဲလို့ ဖော်ပြ သွားပါလိမ့်မယ်။  အခုစာကြောင်းက ပထမဆုံး စာဖတ်သူ ဖတ်လိုက်ရမဲ့ စာကြောင်း ဖြစ်တာကြောင့် စာဖတ်သူရဲ့အာရုံကို ဖမ်းစားနိုင်မှာ ဖြစ်ပါတယ်။

ဒီနည်းနဲ့ မစဘဲ တခြား တစ်နည်းနဲ့လည်း စလို့ ရပြန်ပါတယ်။ အဲဒီနည်း ကတော့ နတ်သမီး ပေါ်မလာခင် စင်ဒရဲလားလေး ဒုက္ခဆင်းရဲ ခံရတာတွေကို ဖော်ပြမှာ ဖြစ်ပါတယ်။ စင်ဒရဲလားက မျက်ရည် တွေတွေကျရင်း ကြမ်းပြင်ကို အကြိမ် ၅၀ မြောက် အဖြစ် တိုက်နေပါတယ်။ ဒီလိုစာပိုဒ်နဲ့ စလိုက်မယ် ဆိုရင် စာဖတ်သူက စင်ဒရဲလားရဲ့ဒုက္ခကို စပြီး စိတ်ဝင်စား သွားမယ်။ ဘာကြောင့် ဒီကလေးမက အလုပ်တွေ ဒီလောက် လုပ်ရတာလဲ။ ဒီလောက် အလုပ်လုပ် ရတာတောင် ပြန်မပြောနိုင်လောက် အောင် သူ့ကို ခိုင်းစေနေသူက ဘယ်သူဖြစ်လို့လဲ။ စာဖတ်သူက ဒီစာပိုဒ်မှာတင် ဆက်ပြီး တွေးစရာတွေ အများကြီး ရှိလာပါပြီ။

စာရေးဆရာ အများစု မှားတတ်ကြတဲ့ အမှားကတော့ စင်ဒရဲလား ပုံပြင်လိုဟာမျိုးကို အဲဒီလို စိတ်ဝင် စားစရာ ကောင်းတဲ့ နေရာမျိုးက မစဘဲ စင်ဒရဲလား အိပ်ရာက ထခါစ အချိန်မျိုးကနေ စရေးတတ်ကြပါတယ်။ စင်ဒရဲလားက မျက်လုံး နှစ်လုံးကို ဖွင့်လိုက်တယ်။ ကျေးငှက်ကလေးတွေ အော်မြည်သံကို နားစွင့်နေမိတယ်။ အိပ်ရာက ထလိုက်ပြီး မျက်နှာသစ် သွားတိုက် လိုက်ပါတယ်။ ဒီနေ့ တစ်နေ့လုံး အဆင်ပြေပြေ ကုန်ဆုံး ပါရစေလို့ မျှော်လင့်မိတယ်။ အဲဒီလို စရေးလိုက်မယ် ဆိုရင် ကျွန်မ အနေနဲ့တော့ လုံးဝ စိတ်မ၀င်စားပါဘူး။ သာမန်လူတစ်ယောက်လို အိပ်ရာက ထ၊ မျက်နှာသစ် သွားတိုက်တာမျိုးကတော့ လူတိုင်း လုပ်နေကျ အလုပ်ပဲ။ ဒါကြောင့် စင်ဒရဲလား အနေနဲ့လည်း ဘာထူးမှာလဲ။ အိပ်ရာထစ နံနက်ခင်း ပတ်ဝန်းကျင် အလှအပ ဖွဲ့နေခြင်း က ၀တ္ထုရဲ့ အဖွင့် အပိုဒ်အနေနဲ့ ဆိုရင် ဘယ်လိုမှ ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။

ဒါကို ဖြုတ်ချလိုက်မယ်ဆိုရင်တော့ စင်ဒရဲလား အိမ်အလုပ်တွေ မရပ်မနား လုပ်ရတဲ့ အခန်းကို ရောက်သွားမယ်။ ဒါဆိုရင် စိတ်ဝင်စားစရာ ကောင်းသွားပါပြီ။ ၀တ္ထုတိုင်းမှာ ဒီလိုပါပဲ။ အစအပိုဒ်ကို စိတ်ဝင်စားစရာ ကောင်းအောင် ဖန်တီးမယ်ဆိုရင် ဖတ်ရတဲ့ သူအတွက် ဆွဲဆောင်မှု ရှိပါလိမ့်မယ်။

၂။ဇာတ်ကွက်မှ ခွဲထွက်ခြင်း

ကြုံဖူးကြပါလိမ့်မယ်။ သူငယ်ချင်း တစ်ယောက်ယောက်က “ငါ့မှာ သိပ်စိတ်ဝင် စားစရာကောင်းတဲ့ ဇာတ်လမ်း တစ်ခုရှိတယ်။ မင်းကို ပြောရဦးမယ်” လို့ ဆိုပေမဲ့ သူ ပြောတဲ့ဇာတ်လမ်းက ထူးထူးခြားခြား ဘာမှ ဖြစ်မသွားတာမျိုးပေါ့။ ဒါမျိုးတွေက လူတိုင်း ကြုံဖူးကြမှာပါ။ ၀တ္ထုရယ်လို့ ရေးဖွဲ့ ရလောက်အောင် ဘာမှမဖြစ်တဲ့ အဖြစ် အပျက်မျိုးက စာဖတ် ပရိသတ်ကို ဆွဲဆောင်မှု ရှိမှာ မဟုတ်ပါဘူး။ မိခင်တစ်ယောက် က အိမ်မှာ ကလေးများနဲ့ အတူထိုင် နေရင်း သူမ ဘ၀ အခက်အခဲတွေကို တွေးနေတာမျိုး။ အမျိုးသားကြီး တစ်ယောက်က လုပ်ငန်းခွင်ကို သွားပြီး သူ့အလုပ်က ငြီးငွေ့စရာကောင်းလိုက် တာလို့ စဉ်းစားတာမျိုး။ ကလေး တစ်ယောက်က အိမ်စာတွေများ လိုက်တာလို့ စဉ်းစားတာမျိုး။ အဲဒီလို ဘာမှ မထူးခြားတဲ့ ကိစ္စမျိုးတွေကို ကျွန်မ အကြိမ်ပေါင်း မရေမတွက် နိုင်လောက်အောင် ဖတ်ခဲ့ဖူးပါတယ်။ သာမန် အကြောင်းအရာများသာ ဖြစ်ပေမဲ့ ဒီအကြောင်းအရာတွေကို အဖြစ် အပျက်များနဲ့ ဖန်တီး လိုက်မယ်ဆိုရင် ၀တ္ထုကောင်းတွေ ဖြစ်လာနိုင်ပါတယ်။

ဆိုကြပါစို့၊ ကလေးငယ်များနဲ့ ထိုင်ပြီး သူ့ဘ၀အခက်အခဲတွေ တွေးနေတဲ့ မိန်းမ တစ်ယောက်ရဲ့ နာမည်က ကာရီ ဆိုကြပါစို့။ ထိုင်တွေး နေတာကိုပဲ ရေးမယ်ဆိုရင် ဘယ်မှာ စိတ်ဝင်စားစရာ ရှိပါ့မလဲ။ ကာရီက သူမရဲ့ မိတ်ဆွေတစ် ယောက်ထံမှ လက်ဖက်ရည် သောက်လာဖို့ ဖိတ်တဲ့ E-mail တစ်စောင်ရတယ် ဆိုကြပါစို့။ တကယ်တော့ ကာရီက သူ့မိတ်ဆွေ ဖိတ်တဲ့ နေရာကို သွားပြီး အေး အေးဆေးဆေး လက်ဖက်ရည်သောက် ကြရင်း ထွေရာလေးပါးတွေ ပြောချင်ပါရဲ့။ ဒါပေမဲ့ ကလေးတွေချည်းပဲ အိမ်မှာ ထားခဲ့လို့ မဖြစ်ပြန်ဘူး။ ကလေးထိန်းတဲ့ အိမ်ဖော် မိန်းကလေးက အလုပ် ထွက်သွားတယ်။ အမေ့ကို အကူအညီ တောင်းမယ်လို့ စဉ်းစား ပြန်တော့လည်း အမေက ဒီနေ့ အရေးကြီးတဲ့ လုပ်ငန်း အစည်းအဝေး တစ်ခုတက်စရာ ရှိနေပြန်တယ်။ အဲဒီတော့ သူငယ်ချင်း ဖိတ်တဲ့ လက်ဖက်ရည် ပွဲကို ဘယ်သွားနိုင်ပါမလဲ။

ဒီလို ဖန်တီးလိုက်ရင် စောစောက ရေးထားသလို ဘ၀ အခက်အခဲတွေကို ထိုင်စဉ်းစားနေတဲ့ မိန်းမတစ်ယောက် ဆိုတာထက် စိတ်ဝင်စားစရာ ကောင်းလာတယ်။ ဇာတ်ကောင်က အိမ်ကနေ အပြင်ကို ထွက်ချင်တယ်။ ဒါပေမဲ့ သူ့ မှာ အခက်အခဲတွေ ရှိနေတယ်။ မိခင် ဘ၀ရောက်နေတဲ့ အတွက် ကလေးတွေ ကို ထားခဲ့လို့ မဖြစ်ဘူး။ ကလေးထိန်း တစ်ယောက် လိုအပ်နေတယ်။ ဒီတော့ ၀တ္ထုဆိုတာ အမြဲတမ်း ပျော်စရာတွေ ချည်း ဖြစ်မနေနိုင်ဘူး။ တစ်ခါတလေမှာ ၀မ်းနည်း ကြေကွဲစရာတွေ ရှိနေနိုင်ပြီး တစ်ခါတလေမှာတော့လည်း ပျော်ရွှင်မှုနဲ့ ကြေကွဲမှုကြားမှာ ရှိတတ်ပါတယ်။

သတိ ပြုသင့်တာက အခု ကျွန်မ ပေးလိုက်တဲ့ ဥပမာဟာ ကာရီဆိုတဲ့ မိန်းမတစ်ယောက် သူငယ်ချင်း ချိန်းတဲ့ လက်ဖက်ရည် ပွဲကို သွားဖို့ အခက်အခဲ ရှိတာလေးကိုသာ ရေးပြထားတာ ဖြစ်ပါတယ်။ ဘာမဟုတ်တဲ့ ကိစ္စလေးပါ။ ဒီထက် ကြီးကျယ်တာတွေကို ဖန်တီး နိုင်ပါတယ်။ တော်နေဒိုမုန်တိုင်း ကျတော့မယ်လို့ သတင်း ရထားပြီး အိမ်မှာ သူနဲ့ ကလေးတွေက လွဲရင် ဘယ်သူမှ မရှိတာမျိုးပေါ့။ ကျွန်မတို့ ကြုံနေရတဲ့ နေ့စဉ် ဘ၀တွေထဲမှာ ဇာတ်လမ်းတွေ အများကြီး ရှိပါတယ်။ စာရေးသူက သူ့ဇာတ်ကောင်ကို ဘယ်လိုဇာတ်ကောင် မျိုးဖြစ်တယ်လို့ ဖန်တီးဖို့ အသေအချာ စဉ်းစားရပါမယ်။

၃။ဇာတ်ကောင်များကို အခက်အခဲများ မှ အလွယ်တကူ ကျော်လွှားစေခြင်း
ဇာတ်ကောင်ကို စာရေးဆရာက ဖိအားများစွာ ပေးထားပြီးမှ အဲဒီဖိအား တွေကနေ အလွယ်တကူ သူရဲကောင်း တစ်ယောက်လို လွတ်မြောက်သွားတယ် လို့ ဖန်တီးခြင်းဟာ မှားတယ်လို့ ဆိုရပါမယ်။ လွတ်မြောက်တယ် ဆိုတဲ့ နေရာမှာ ကျော်လွှားခြင်း အားဖြင့် လွတ်မြောက်ခြင်းနဲ့ ထွက်ပြေးခြင်း အားဖြင့် လွတ်မြောက်ခြင်း နှစ်မျိုး ရှိနေပြန်ပါတယ်။ စစ်နောက်ခံ ၀တ္ထုများမှာ စစ်သားများဟာ ရင်ဆိုင် တိုက်ခိုက်ရမဲ့ ရန်သူ ရှိနေခြင်းကြောင့် မုချ စိတ်ဖိစီးမှု ရှိနေကြပါတယ်။ သူတို့ဟာ ဒီအခက် အခဲကို မကျော်လွှားနိုင်ရင် သူတို့ အသက်တွေကို စွန့်ကြရမှာပါ။ ကိုယ့် ဇာတ်ကောင်က စစ်သားတစ်ယောက် ဖြစ်နေရင် အသက်မသေတောင်မှ စိတ်ဖိစီးမှု များစွာတော့ ရှိနေရမှာပါ။

ဥပမာ-ဘေလီ ဆိုတဲ့ ဇာတ်ကောင်ကို ဖန်တီး ကြည့်ရအောင်ပါ။ သူက ဂေါ့ဖ်ရိုက်တာကို နှစ်သက်ပါတယ်။ ဒါပေမဲ့ ရိုက်တတ်သလား ဆိုတော့ ကောင်းကောင်း မရိုက်တတ်ပါဘူး။ သူက မိန်းမ တစ်ယောက်နဲ့ တွေ့တယ်။ အဲဒီမိန်းမက ဂေါ့ဖ်ကောင်းကောင်း ရိုက်တတ်တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်နေတယ်။ ဒါကြောင့် ဘေလီက ဂေါ့ဖ်ကို ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်အောင် ကြိုးစားပါတယ်။ ဖြစ်ချင်တော့ အဲဒီ မိန်းကလေးရဲ့ ဖခင်ကလည်း ဂေါ့ဖ် ချန်ပီယံ တစ်ဦးဖြစ်ပြီး ဘေလီကို တခြား တစ်နေရာ သွားရောက် လည်ပတ်ရင်း ဂေါ့ဖ်ကစား ရအောင်လို့ ဖိတ်ခေါ်ထား ပါတယ်။ ဒီအခြေအနေမှာ ကျွန်မတို့ ဇာတ်လိုက်ကြီးက ဂေါ့ဖ် ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်မှ ဖြစ်မှာမို့ အကြီးအကျယ် ကြိုးစား ပါတော့တယ်။ ယောက္ခမလောင်းကြီးက ဘေလီ ဂေါ့ဖ် ကောင်းကောင်းမကစားတတ်တာကို သိ ထားတော့ သူ့သမီးကို သိပ်အရော မ၀င်ဖို့ သတိပေးထားတယ်။

ဒီတော့ ဘေလီက ခရီး မထွက်ခင်မှာ ကျွမ်းကျင်အောင် အသေအလဲ ကြိုးစား ရပြီပေါ့။ သူ့ကို အထင်သေးတဲ့ ယောက္ခမလောင်းကြီးကို အနိုင် ကစားပြဖို့ စိတ်ထက်သန်နေပြီ။ အားလပ်ရက်အပန်းဖြေ ခရီးထွက် ကြတော့ သူတို့ ဂေါ့ဖ်ကစားမဲ့ နေရာမှာ မိန်းကလေးရဲ့ ချစ်သူဟောင်းနဲ့ သွားဆုံမိကြတယ်။ ဖြစ်ချင်တော့ အဲဒီလူက မကြာသေးခင်ကမှ ဂေါ့ဖ်ပြိုင်ပွဲ တစ်ခုမှာ အနိုင် ရထားတဲ့ သူဖြစ်နေတယ်။
အခြေအနေတွေကို ဆိုးသထက် ဆိုးအောင် စာရေးဆရာက တစ်ဆင့်ပြီး တစ်ဆင့် ဖန်တီးသွားလို့ ရပါတယ်။ ဇာတ်ကောင် အပေါ်မှာ စိတ်ဖိစီးမှုတွေ တစ်ခုပြီး တစ်ခု ဆင့်သွားတာပေါ့။ ဒါတွေကို ဇာတ်ကောင်က ဘယ်လို ဖြေရှင်းသွား မလဲ။ ဒီလို ရေးလိုက်ရင် စာဖတ်သူက ဇာတ်ကောင်နဲ့ ထပ်တူထပ်မျှ စိတ်ဖိစီး မှုတွေ ရှိလာနေမှာ ဖြစ်သလို ဖြေရှင်း နိုင်တဲ့ အခါမှာလည်း ဇာတ်ကောင်နဲ့ အတူ စိတ်လက် ပေါ့ပါးသွားမှာပါ။ စာရေးဆရာ တစ်ယောက် အနေနဲ့ ကိုယ့် ဇာတ်ကောင်ရဲ့အပေါ်မှာ စိတ်ဖိစီးမှုတွေ များများပေးလေ ဇာတ်ရှိန်က မြင့်တက် လာလေ ဖြစ်ပါတယ်။ သူ အခက်အခဲတွေ ကျော်နိုင်ပါ့မလား ဆိုတာကို စာဖတ်သူ ကိုယ်တိုင်ကလည်း စိတ်မောစွာနဲ့ ဖတ်နေမှာပါ။

ကိုယ့်ဇာတ်ကောင်ကို စိတ်ဖိစီးမှုတွေ ဖန်တီးမယ် ဆိုရင် စာရေးသူ ကိုယ်တိုင်ကလည်း အခြေအနေ အရပ်ရပ်ကို နားလည် ရပါမယ်။ ဒါကြောင့် ဇာတ်ကောင်ပေါ်မှာ စိတ်ဖိစီးမှု ဖန်တီးမယ် ဆိုရင် အဲဒီဖိစီးမှု အကြောင်းကို စာရေး သူ ကိုယ်တိုင်က နားလည် တတ်ကျွမ်း ရပါမယ်။ ကျွန်မ ပြောခဲ့တဲ့ ဇာတ် ကောင်နဲ့ဆိုရင် စာဖတ်သူက ဘေလီဆိုတဲ့လူ ဂေါ့ဖ် ဘယ်ကနေ တတ်လာသလဲ။ ဒီမိန်းမကို ဘယ်လို စတွေ့တာလဲ။ သူတို့နှစ်ယောက် အခြေအနေက ဘယ်လိုလဲ။ ဘေလီက ဂေါ့ဖ်ကစားနည်းကို ဘယ်ကနေ စတတ် လာတာလဲ။ သူ ဘယ်မှာ အလုပ် လုပ်တာလဲ။ သူက ဘယ်လို လူစားမျိုးလဲ။ သူ့ကိုယ်သူ ယုံကြည်မှု ဘယ်လောက် ရှိသလဲ။ ဘယ် လိုဝတ်စား ဆင်ယင်တတ်သလဲ။ သူ့မိဘတွေက ဘာကြောင့် ဘေလီဆိုတဲ့ နာမည် ပေးခဲ့တာလဲ စသဖြင့် ဇာတ်ကောင်နဲ့ ပတ်သက်ပြီး သိချင်စရာတွေ အများကြီးပါပဲ။ ဇာတ်ကောင်အကြောင်း ပြည့်ပြည့် စုံစုံသိလေ စာဖတ်သူ အတွက် ဒီဇာတ်ကောင်ဟာ သက်ဝင် လှုပ်ရှားလေလေပါပဲ။

၎။ဇာတ်လမ်းထဲတွင် မထည့်ချင်သည့် ကိစ္စများ
ကျွန်မတို့ အားလုံး စာရေးခါစမှာ အများအားဖြင့် ဇာတ်ကောင် နေရာမှာ ကိုယ့်ကိုယ်ကို ထားပြီး ရေးတတ်ကြပါတယ်။ ဇာတ်လမ်းထဲမှာ ကိုယ် ဖြစ်ချင်တာတွေကို ထည့်ပြီး ဖန်တီးတတ်ကြတယ်။ ဒါပေမဲ့ ၀တ္ထု တစ်ပုဒ်ကို ဖန်တီးရာမှာ အဲဒီလို ရေးတတ်သူတွေက ပြဿနာ ကြုံတတ်ပါတယ်။ ပြဿနာ မပါပြန်ရင်လည်း ဒီစာမူက ၀တ္ထုမဟုတ်တော့ဘဲ ဂျာနယ်မှာ ထည့်ရတဲ့ စာမျိုး ဖြစ်သွားပြန်ရော။ တချို့ကတော့ ကိုယ့်အကြောင်း မဟုတ်ဘဲ နီးစပ်ရာ ပုဂ္ဂိုလ် တစ်ယောက်ယောက်ကို စံထား ပြီး ဇာတ်ကောင်အဖြစ် ရေးတတ်ကြပါ တယ်။ စံထားတဲ့ ပုဂိ္ဂုလ်ရဲ့ အကြောင်း အရာများကို ထည့်ရေးကြတယ်။ ဆို ကြပါစို့၊ အန်ကယ်လူးဝစ္စ ဆိုသူကို စံ ထားတယ် ဆိုကြပါစို့။ သူက ကုန်ပစ္စည်း တစ်ခု တီထွင်ပြီး မူပိုင်အဖြစ် မှတ်ပုံ တင်ခွင့်လည်း ရထားတယ်။

အဲဒီလို ရေးပြီး ကျွန်မကို ဖတ်ကြည့်ဖို့ ပေးတဲ့ အခါမှာ ကျွန်မက “အန်ကယ်လူးဝစ္စက ပစ္စည်းတစ်ခု တီထွင်ပြီး မှတ်ပုံတင်ခွင့် ရသွားတာ ကောင်းပါတယ်။ ဒါပေမဲ့ ၀တ္ထုဆိုတာက အခက်အခဲ၊ ဖိစီးမှုတွေ ရှိမှသာ ဖတ်လို့ ကောင်းတာ။ အဲဒီတော့ မှတ်ပုံတင်ခွင့် ရမယ့်အစား မရဘူး ဆိုရင် ပိုပြီး ဖတ်လို့ ကောင်းလိမ့်မယ်”ဆို တော့ စာရေးသူက “မဟုတ်ဘူးလေ၊ အန်ကယ်လူးဝစ္စက မှတ်ပုံတင်ခွင့်ရခဲ့ တာပဲ”လို့ ဆိုတယ်။ “ဟုတ်ပါတယ်... ဒါပေမဲ့ ၀တ္ထုဆိုတော့ မရတာက ပိုပြီး ဖတ်လို့ကောင်းမယ်”ဆိုပြန်တော့ သူက “မဟုတ်ဘူးဗျ၊ မှတ်ပုံတင်ခွင့် ရခဲ့တယ်။ နံပါတ် ၃၃၃၃ နဲ့ကို ရခဲ့တာ”လို့ ငြင်း ပြန်တယ်။ ဒါနဲ့ ကျွန်မက “ဟုတ်ပါပြီ၊ ရှင့်အန်ကယ်လူးဝစ္စက မှတ်ပုံတင် ရခဲ့ တာ မှန်ပါတယ်။ မှတ်ပုံတင် မရဘူးလို့ မရေးချင်ရင် နောက်တစ်နည်း စဉ်းစား ရအောင်၊ အမျိုးသမီး တစ်ယောက်က သူ့ကုန်စည် မှတ်ပုံတင်ကို ဦးသွားတယ် ဆိုပါတော့”လို့ ဆက်ငြင်းကြည့်ပါ တယ်။ “ဟုတ်ဘူးလေဗျာ...တခြား အမျိုးသမီး တစ်ယောက် ယူလို့ ဘယ်ရ မလဲ။ အန်ကယ်လူးဝစ္စက အန်တီ အိုင်ရင်းနဲ့ လက်ထပ်ထားတာ နှစ်ပေါင်း ၅၀ ရှိပြီလေ”လို့ ဆက်ငြင်း နေလေရဲ့။

ဒီနေရာမှာ ကျွန်မ ပြောချင်တာကို သဘော ပေါက်သလား မသိဘူး။ ဒီလူက အန်ကယ်လူးဝစ္စကို စံထားပြီး ရေးလိုက်တဲ့ အတွက် သူ စံထားတဲ့ သူရဲ့ဘ၀မှာ မဖြစ်ခဲ့တာတွေကို မရေးချင်တော့ဘူး။ စာရေးသူရဲ့ဉာဏ်ကွန့်မြူးပြီး ဇာတ်လမ်း ဇာတ်ကွက် မဖန်တီး ချင်တော့ဘူး။ လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ရေးနေသလိုမျိုး ဖြစ်နေတာကြောင့် ဘာမှ ဉာဏ်ကွန့်မြူးမှု မရှိတော့ဘဲ လမ်းကြောင်း ပိတ်ဆို့သွားတယ်။ စိတ် ကူးယဉ်နိုင်စွမ်း ရှိတဲ့ စာရေးဆရာရဲ့ အားထုတ်မှု မပါတော့ဘူး။

ဒီလိုဆို ဘာဆက်လုပ်ကြမလဲ။ စာရေးသူက ဘာကြောင့် အန်ကယ်လူး ၀စ္စကို သူ့ဇာတ်ကောင်အဖြစ် ထားချင် ရတာလဲ။ သူ့အကြောင်းကို ဘာကြောင့် ရေးချင်တာလဲ။ ဘ၀မှာ ရဲရဲရင့်ရင့် ရင်ဆိုင် ဖြတ်သန်းတဲ့ သူ့သတ္တိကို သဘော ကျလို့လား။ ဒါဆိုရင် အဲဒီ သတ္တိမျိုး ရှိတဲ့ စိတ်ကူးယဉ် ဇာတ်ကောင်ကို ဖန်တီး လို့ မရနိုင်ဘူးလား။ အန်ကယ်လူးဝစ္စလို သက်ကြီးရွယ်အို ဇာတ်ကောင် မဟုတ်ဘဲ ဆံပင်နီနီနဲ့ လူငယ်ဇာတ် ကောင် ဖန်တီးလိုက်ပြီး အဲဒီဇာတ်ကောင်မှာ အန်ကယ်လူး ၀စ္စရဲ့သတ္တိမျိုး ထည့်ပေးလိုက်လို့ မရဘူးလား။ ဒါမှ မဟုတ် စိတ်ကူးယဉ် အမျိုးသမီး ဇာတ်ကောင် ဖန်တီးလိုက်ပြီး အဲဒီ အမျိုးသမီး ဇာတ်ကောင်မှာ စိတ်ဓာတ် ထည့်ပေး လိုက်ရင်ရော မရနိုင်ဘူးလား။ အဲဒီလို ဖန်တီး လိုက်မယ်ဆိုရင် အန်ကယ် လူးဝစ္စ ဆိုတဲ့ သက်ရှိထင်ရှား လူတစ်ယောက် မဟုတ်တော့ဘဲ အဲဒီ စရိုက်မျိုး ရှိတဲ့ ဇာတ်ကောင်ဖြစ်သွားစေ နိုင်ပါတယ်။

၅။မည်သည့်ရှုထောင့်က ရေးမည်နည်း

စာတစ်ပုဒ်ကို ချမရေးခင်မှာ စဉ်းစားရမှာက ဘယ်ရှုထောင့်ကနေ ရေးမလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကိုယ် ရွေးချယ်ပြီးတဲ့ ရှုထောင့်ကနေ ၀တ္ထုတစ်ဝက်တစ်ပျက်မှာ တခြားရှု ထောင့်ကို ပြောင်းသွားလို့ မရပါဘူး။ ပြောင်းတော့ ဘာဖြစ်မလဲလို့ မေးချင် လိမ့်မယ်။ ဘာမှတော့ မဖြစ်ပါဘူး။ စာဖတ်သူကို နားလည်မှု ရှုပ်ထွေး သွားစေတာပဲ ဖြစ်ပါတယ်။ ကျွန်မ စာပိုဒ်နှစ်ပိုဒ် ရေးပြပါမယ်။ ဒီနှစ်ပိုဒ်ရဲ့ ခြားနား ချက်ကို လေ့လာကြည့်ပါ။

စင်ဒရဲလားက နန်းတွင်းမှာ ကျင်းပမယ့် ကပွဲသဘင်ကို သွားရောက်ချင် ပါတယ်။ သူ့ကို ဘယ်သူကမှ မေတ္တာ သက်ဝင်ချစ်ခင်ခြင်း မရှိတာကြောင့် ဒီပွဲမှာတော့ ချစ်သူခင်သူ တစ်ယောက် ယောက်နဲ့ တွေ့ခွင့်ရလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အိမ်ရှေ့မှာရှိတဲ့ နှင်းဆီရုံကို ကြည့်ပြီး စိတ်ထဲမှာ နှင်း ဆီလက်ကိုင် ပန်းစည်းကလေး အဖြစ် မြင်ယောင်မိတယ်။ တစ်နေ့နေ့မှာတော့ သူမ လက်ထပ်ပွဲ ကျင်းပရင် နှင်းဆီ ပန်းစည်းကလေး ကိုင်ခွင့် ရကောင်းရဲ့ လို့လည်း မျှော်လင့်မိပါတယ်။

စင်ဒရဲလားက နန်းတွင်းမှာ ကျင်းပမဲ့ ကပွဲသဘင်ကို တက်ရောက် ချင်ပါတယ်။ ရွှေမင်းသားလေးကလည်း သူမကို ဒီပွဲမှာ တွေ့ခွင့် ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူမက ၀တ်စုံများ လဲလှယ် လိုက်ပါတယ်။ မင်းသားက ဖိနပ် ပိုင်ရှင်ကို ရှာတွေ့ချင်ပါတယ်။

ပထမ ဥပမာက ပိုကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်။ စာဖတ်သူများလည်း ဒီလိုပဲ ထင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီဥပမာမှာ စာဖတ်သူက စင်ဒရဲလားရဲ့ မျက်ဝန်းများက တစ်ဆင့် ကမ္ဘာကြီးကို မြင်နေရတယ်။ သူ ခံစားသလို လိုက်ပြီး ခံစားလို့ ရတယ်။ ဒုတိယ ဥပမာကတော့ စင်ဒရဲလားနေရာက  ရေးလိုက်၊ မင်းသား နေရာက ရေးလိုက် ဖြစ်နေတာကြောင့် ရှုပ်ထွေးစေပါတယ်။

၆။အလောတကြီး ရေးခြင်း
ကျွန်မတို့ အားလုံး စာတစ်ပုဒ်ကို စရေးပြီဆိုရင် မြန်မြန် ပြီးချင်ဇောနဲ့ အလောတကြီး ရေးတတ်ကြပါတယ်။ ကိုယ့်ဝတ္ထုကလေးကို ပုံနှိပ်စာလုံး အဖြစ် မြင်ချင်ကြတာကြောင့် မဂ္ဂဇင်းတိုက်ကို မြန်မြန် ပို့ကြတယ်။ ဒီထက် တစ်ဆင့် မြင့်ပြောရရင် ကိုယ့်ဝတ္ထုကလေးကို ရုပ်ရှင်အဖြစ် ပိတ်ကားပေါ်မှာ မြင်ချင်ကြ တယ်။ အဲနောက်ဆုံးမှာတော့ စာမူခလည်း မြိုးမြိုးမြက်မြက် ရချင်ကြတယ် ပေါ့။

ကျွန်မ စာရေးခါစက ဆိုရင် စာပိုဒ် သုံးပိုဒ်လောက် ရေးပြီးတာနဲ့ ကျွန်မ ဇာတ်ကောင်တွေ ချထားမဲ့ နေရာဒေသအကြောင်း မသိတာကြောင့် အဲဒီ နေရာတွေ အကြောင်း ရေးထားတဲ့ စာအုပ်တွေကို ရှာပြီး ဖတ်ရပါတယ်။ နေရာ ဒေသအကြောင်း ရေးတဲ့စာက ကျွန်မရေး ပြီးတဲ့စာထက် သုံးဆလောက် ပိုသွား ရော။ ပထမ စာမူကြမ်း ရေးပြီးတာနဲ့ ဘာမှ လုပ်မနေတော့ဘဲ နေရာ ၂၀ လောက်ကို ပို့ဖြစ်လိုက်တယ်။ အားလုံး က ပယ်ပါတယ်။

စာရေးတယ် ဆိုတဲ့ နေရာမှာ အလောသုံးဆယ် ရေးရင် အမှားတွေ အများကြီး ကြုံရမှာပါ။ အနည်းဆုံး နှစ်ခေါက်လောက်တော့ ပြန်ရေးသင့်ပါတယ်။ ပြန်ရေးရင်းနဲ့ ဇာတ်ကောင်စရိုက် တွေကို ပြင်သင့်တဲ့နေရာမှာ ပြင်ရပါမယ်။ ဇာတ်ကွက်ကိုလည်း ပြင်ရမှာ ဖြစ်သလို စကားပြောများကလည်း ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ပြင်သွားရမှာပါ။ စာရေးသူတိုင်းက စာမူကြမ်းကို ပြန်ဖတ်တိုင်း ပြင်ရမှာ ဖြစ်လို့ အလောသုံးဆယ် လုပ်စရာမလိုဘဲ အချိန် ယူရပါမယ်။

စာရေးဆရာ တော်တော် များများက သူတို့ စိတ်ကူးကောင်းလေးတွေကို စာမျက်နှာပေါ် ချရေးပြီးရင် လိုအပ်တာ တွေကို အယ်ဒီတာတွေက ပြင်လိမ့်မယ်လို့ တွေးကြပါတယ်။ ကျွန်မ အတွေ့ အကြုံအရ ပြောရမယ်ဆိုရင် အယ်ဒီတာ များဟာ စာမူများစွာကို ဖတ်ရသူတွေ ဖြစ်တာကြောင့် ကိုယ့်စာမူ တစ်ပုဒ်ချင်း ကို ပြင်ပေးနိုင်ဖို့ အချိန် မရကြပါဘူး။ စာရေးသူက အယ်ဒီတာတွေကို အလုပ် ပိုဖြစ်အောင် မလုပ်သင့်ပါဘူး။ ကိုယ့် အလုပ်ကို ကိုယ်ပြီးအောင် လုပ်ဆောင် ပြီးမှသာ မဂ္ဂဇင်း တိုက်များကို ပို့ရမှာ ဖြစ်ပါတယ်။

လုပ်နိုင်တာတစ်ခုကတော့ ကိုယ့် အတ္တမာနကို ချိုးနှိမ်ပြီး စာမူကို ဝေဖန် ပေးနိုင်တဲ့ စာဖတ်သူများကို ဖတ်ခိုင်း ပြီး ဝေဖန်စေခြင်းပါပဲ။ ဝေဖန်ရေး ကောင်းကောင်း ခံရတဲ့ စာမူများဟာ ၀တ္ထုကောင်း တစ်ပုဒ်ဖြစ်ဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်။ အဲဒါအပြင် စာပေနဲ့ ပတ်သက်တဲ့ ဆောင်းပါးများ၊ ဂျာနယ်များကိုလည်း ဖတ်ရှုသင့်ပါတယ်။

၇။မှန်ကန်သည့် ပုံစံကို အသုံးပြုခြင်း
ပြောရမယ် ဆိုရင် ဒီကိစ္စက ဘာမှ အရေးမထားလောက်ဘဲ အလွယ်တကူ ပြင်ဆင်နိုင်တဲ့ကိစ္စလို့ မှတ်ယူကြပါလိမ့်မယ်။ ဒါပေမဲ့ စာရေးဖို့ ကြိုးစားနေတဲ့ သူတော်တော်များများ မှားတတ်ကြတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဥပမာ စာတစ် ပိုဒ်ကို စရေးတော့မယ်ဆိုရင် ဘေးမျဉ်းနဲ့ နှစ်လက်မ အကွာကနေ စရေးရပါ မယ်။ ကွန်ပျူတာနဲ့ စာစီသူများ အတွက် ၁၂ ပွိုင့်ကိုသာ သုံးရပါမယ်။ စာတစ် ကြောင်းနဲ့တစ်ကြောင်း Double Space ခြားရပါမယ်။

စာရေးတဲ့ပုံစံနဲ့ ပတ်သက်ပြီး စည်းမျဉ်း ချမှတ်ထားတာ များများစားစား မရှိပေမဲ့ အရေးကြီးတဲ့ ကိစ္စများ ဖြစ် ပါတယ်။ ကျွန်မအနေနဲ့ ပြောရရင် စာမူ တစ်ပုဒ်ကို ကောက်ကိုင်လိုက်လို့ စာရေးတဲ့ ပုံစံ စနစ်တကျ မရှိဘူးဆိုရင် စာတောင်မှ စည်းကမ်းတကျ မရေးတတ်ဘူး ဆိုရင် သူ့စာမူကလည်း ကောင်းစရာအကြောင်း မရှိဘူးလို့ အလိုလို အတွေး ၀င်လာပါတယ်။ အဲဒီ လို တွေးတာဟာ မတရားဘူးလို့ ထင် ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မကတော့ အဲဒီလိုပဲ တွေးပါတယ်။ ကျွန်မနည်းတူ အယ်ဒီတာများလည်း တွေးကြမှာ အမှန်ပါပဲ။

၈။စည်းကမ်း လိုက်နာခြင်း
တစ်ခါတလေမှာ စာရေးချင်သူ တစ်ယောက်ရေးထားတဲ့ စာမူတစ်ပုဒ်ကို ဖတ်ကြည့်ရင် စည်းကမ်းနည်းလမ်း တွေ တိတိကျကျ လိုက်နာထားပေမဲ့ စိတ်ဝင်စားစရာ မရှိဘဲ ဖြစ်နေတတ်ပါ တယ်။ ဘာကြောင့်မကောင်းတာလဲလို့ တွေးကြည့်မယ်ဆိုရင် သူ့စာမူမှာ စာ ဖတ်သူတစ်ဦး ရင်ခုန်စိတ်လှုပ်ရှားစေ မဲ့အကြောင်းအရာမျိုး မပါဝင်လို့ပါပဲ။ ကျွန်မ စာသင်ခန်းမှာ ပြောသမျှကို လိုက်လံမှတ်သားပြီး ကြိုးလည်း အင် မတန်ကြိုးစားတဲ့ စာသင်သားတစ် ယောက် တွေ့ဖူးပါတယ်။ အဲဒီအမျိုး သမီးကလေးက စာရေးခြင်းနဲ့ ပတ် သက်ပြီး စည်းကမ်း ဖောက်ဖျက်မှု လုံးဝ မရှိဘဲ ရေးထားပါတယ်။ ဒါပေမဲ့ သူ့ စာမူမှာ စွန့်စားမှု၊ ရင်ခုန်စိတ် လှုပ်ရှားမှု လုံးဝ မရှိတဲ့ အတွက် စည်းကမ်းနဲ့ ညီညွတ်တိုင်း စာမူကောင်း တစ်ပုဒ် မဖြစ်လာနိုင်ပြန်ပါဘူး။ စာရေးတယ် ဆိုတာ ကိုယ့်စိတ်ကိုယ့် အသည်း နှလုံးထဲမှာ ရှိသမျှကို သွန်ချပြီး ပြတဲ့အလုပ် ဖြစ်ပါတယ်။

စာရေးဆရာများရဲ့ အလုပ်က ကိုယ့်အတွေးများကို စာမျက်နှာပေါ်မှ ချပြခြင်း ဖြစ်ပါတယ်။ တစ်ခါတလေမှာ စာရေး ၀ါသနာပါသူများဟာ မိသားစုနဲ့တောင် ကင်းကွာပြီး ကိုယ့်အတွေးနဲ့ ကိုယ် ရှိနေတတ်ပါတယ်။ ဥပမာ ကျွန်မ ကိုယ်တိုင်သည်ပင်လျှင် ကျေးဇူးတော် နေ့ မိသားစုနဲ့ အတူ ညစာစားရင်း ကိုယ့် အတွေးနဲ့ကိုယ် နစ်မျောနေတတ်တာကို ကြုံဖူးပါတယ်။ အဘွား အသုဘကို ရောက်နေပေမဲ့ ကိုယ့်အတွေးက တခြားနေရာ ရောက်တတ်တာမျိုး၊ ပထမဆုံး ရည်းစားက ဘယ်သူပါလိမ့်လို့ တွေးနေတတ်တာမျိုး ရှိပါတယ်။ ဒါတွေက အဆန်းတော့ မဟုတ်ပါဘူး။ စာရေးသူ တစ်ယောက်ဟာ စာဖတ်ပရိ သတ်အပေါ်မှာ ရိုးသား ပွင့်လင်းမှု ရှိလေလေ အောင်မြင်မှု ရလေလေ ဖြစ်ပါတယ်။ စာရေးနည်း မမှန်ကန်သော် လည်း စိတ်ထဲမှာရှိတဲ့ အမှန်တရား အတိုင်း ချရေးခြင်းက အလှအပ တစ်ခု ဖြစ်လာပြီး ပရိသတ်လက်ခံမှု ရနိုင်ပါ တယ်။

ကျွန်မ သင်တန်းသားများထဲက ထူးခြားတဲ့ အမြင်ရှိသူ သင်တန်းသား တစ်ဦး ကြုံဖူးပါတယ်။ သူက လိင်ခွဲ ခြားမှုနဲ့ ပတ်သက်ပြီး အတွေးအခေါ် ဆန်းပြားပါတယ်။ သူ့အတွေးအခေါ်နဲ့ ပတ်သက်ပြီး အသေးစိတ် မပြောလို တော့ပါဘူး။ တစ်နေ့မှာတော့ သူ ၀တ္ထု တစ်ပုဒ် ရေးလာပါတယ်။ သူ့ဝတ္ထုကို ကျွန်မ ဖတ်လိုက်တဲ့အခါ ရှက်သွေးဖြာ သွားတဲ့ အထိ ခံစား လိုက်ရပါတယ်။ အဲဒီဝတ္ထုကြောင့် သင်တန်းသားတချို့က သူ့အနားမှာ ထိုင်ဖို့တောင် ၀န်လေး သွားကြပါတယ်။ တစ်နေ့မှာတော့ သူ ၀တ္ထု တစ်ပုဒ် ရေးလာပြန်ပါတယ်။ ဒီဝတ္ထု က သူ ကလေးဘ၀မှာ ဖြစ်ပျက်ခဲ့တာကို အမှန်အတိုင်း ချရေးလာခြင်းပါ။

သူ့ဝတ္ထုဟာ ကျွန်မ ဖတ်ဖူးသမျှ ၀တ္ထု တွေထဲမှာ အကောင်းဆုံးလို့ မပြောနိုင် ပေမဲ့ ရိုးသားမှုအရှိဆုံး၊ အမှန်ကန်ဆုံး ၀တ္ထုတစ်ပုဒ်ဖြစ်တယ်ဆိုတာကိုတော့ ကျွန်မ ၀န်ခံရပါမယ်။ ဒီဝတ္ထုနဲ့ ပတ် သက်ပြီး တခြား သင်တန်းသားတွေက ဘယ်လိုများ တုံ့ပြန်ကြမလဲလို့ ကျွန်မ စိတ်ပူခဲ့ပေမဲ့ တစ်တန်းလုံးက လက်ခံ ကြပြီး သြဘာပေးတာကို ကြုံရပါ တယ်။ သူ စွန့်စားပြီး ရေးလာတဲ့ အမှန် တရားကြောင့် သူ့ဝတ္ထုဟာ အများလက် ခံတဲ့ ၀တ္ထုတစ်ပုဒ် ဖြစ်သွားပါတယ်။ ဒါကြောင့် ကျွန်မ ပြောချင်တာက စာရေးဆရာ တစ်ယောက်ဟာ အမှန်တရား ကို ရေးလေလေ စာဖတ်ပရိသတ်က လက်ခံလေလေ ဖြစ်တယ်ဆိုတာကို သတိ ထားစေချင်ပါတယ်။

၉။အပျော်တွေကို စွန့်ပြီး...
စာရေးခြင်းဆိုတာ အစဉ်အမြဲ ပျော်စရာ ကောင်းတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ အနိဋ္ဌာရုံတွေနဲ့လည်း ကြုံတတ်ပါတယ်။ ကိုယ့်ဝတ္ထုကို ပစ်ပစ်ခါခါ ဝေဖန်ခံရတဲ့ အခါမှာ စာမျက်နှာများပေါ်သို့ သွေးပေါက် ပေါက်ကျသလို ခံစားရတတ်ပါတယ်။  ဒါကြောင့် စာရေးဆရာများက ခက်ခဲ နက်နဲတဲ့ အကြောင်းအရာများထက် အပျော်များမှာ နစ်ဝင်ရေးသားနေကြတာ များပါတယ်။

တချို့စာရေးဆရာများက ဇာတ် ကောင်များကို မွေးထားကြပြီး ဆယ်စု နှစ်တစ်ခုလောက် ဒီဇာတ်ကောင်နဲ့ပဲ ဇာတ်လမ်းများ ဖန်တီး ပျော်မွေ့နေတတ် ကြပါတယ်။ ဒီဇာတ်ကောင်ကို မသုံး ချင်တော့တဲ့ အခါမျိုးမှာ ဇာတ်ကောင်ကို သတ်လိုက်မှသာ ဇာတ်လမ်းက ဆုံး သွားပါတော့တယ်။ ကျွန်မအမြင်ပြော ရရင် အဲဒီလို ဇာတ်ကောင်အသေ မွေးပြီး ဇာတ်လမ်းပြောင်း ရေးနေတဲ့ စာရေး ဆရာများအနေနဲ့ တကယ်တော့ ရေးချင် ကြတာ မဟုတ်ပါဘူး။ ဇာတ်ကောင် ပြောင်းချင်ပေမဲ့ ပြောင်းခွင့်မရနိုင် တော့တဲ့ အခြေအနေမျိုးကြောင့်သာ ရေးနေတော့ခြင်း ဖြစ်ပါတယ်။

ဒီအခြေအနေမျိုးက ၀တ္ထုတိုရေးတဲ့ စာရေးဆရာများမှာ ကြုံရခဲပြီး လုံးချင်း ၀တ္ထုရေးတဲ့သူများမှာသာ ကြုံရတတ်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း Courting Disaster ၀တ္ထုမှာ ကြုံဖူးပါ တယ်။ ဒီဝတ္ထုမှာ စေ့စပ်ကြောင်း လမ်း ခြင်း ၁၇ ကြိမ် ပျက်ခဲ့ဖူးတဲ့ အမျိုးသမီး တစ်ယောက်က Chuck Jones ဆိုတဲ့ အမျိုးသား တစ်ယောက်နဲ့ မေတ္တာသက် ၀င်ခဲ့ပါတယ်။
နောက်တစ်ပုဒ်ဖြစ်တဲ့ The Fiction Class ၀တ္ထုကို ရေးတဲ့အခါမှာ ကျွန်မက စာရေးဆရာသင်တန်း ဖွင့်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ရေး ပါတယ်။ ဒီသင်တန်းကို လာတက်တဲ့ သူတစ်ယောက်နဲ့ ငြိမှာဖြစ်ပြီး ဘယ်လို လူမျိုးနဲ့ ငြိရမလဲလို့ စဉ်းစားတော့ ကျွန်မ ဇာတ်ကောင်ဟောင်းဖြစ်တဲ့ Chuck Jones ကိုပဲ သတိရတာကြောင့် သူ့ကို ပြန်သုံးခဲ့ပါတယ်။
တကယ်တော့ ၀တ္ထုသစ် တစ်ပုဒ်စ ပြီဆိုရင် ဇာတ်ကောင်တွေကလည်း  အသစ်တွေနဲ့သာ စသင့်ပါတယ်။ ကိုယ် ဖတ်မှတ် လေ့လာခဲ့တာတွေကို ချရေးတဲ့ အခါမှာ လက်တွေ့အသုံးချပါ။ ဒါပေမဲ့ စာရေးတယ်ဆိုတာ အရူးတွေရဲ့ အလုပ်လို့ ဆိုကြတာကြောင့် ဒီအလုပ်လုပ်ရတဲ့ အတွက် မပျော်ပိုက်ဘူး ဆိုတာတော့ မဖြစ်သင့်ပါဘူး။

ဆရာမ ဆူဇန်ဘရင်းက သူ့အတွေ့ အကြုံအရ စာရေးသူများ ကြုံလေ့ကြုံထ ရှိတဲ့ အမှားများကို စုစည်းပြီး ဖော်ပြ ခဲ့တာ ဖြစ်ပါတယ်။ အချက် ၉ ချက်နဲ့ စုစည်းထားတာတွေက ကျွန်တော်တို့ မြန်မာစာရေးဆရာများနဲ့လည်း တော်  တော်များများ တူနေပါတယ်။ အထူး သဖြင့် စာရေးဖို့ကြိုးစားနေသူ အများစု နဲ့ တူနေတာကြောင့် သူ ပြောသလို လေ့ကျင့်ကြည့်ရင် အောင်မြင်တဲ့စာရေး သူများ ဖြစ်လာကြလိမ့်မယ်လို့ မျှော် လင့်ကြောင်းပါ။              
ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

No comments: