Wednesday, August 1, 2012

နှစ်ဘက်ပစ်ခတ်မှုကို စိန်ခေါ်နိုင်မည့် အဓိကအကြောင်းအရင်းနှစ်ရပ်ပေါ် အလေးထားရတော့မယ်

ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့ နှစ်ဦးနှစ်ဘက်တို့ရဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေမှာ တပ်ကိစ္စကိုအလေးအနက်မထားဘူးဆိုရင် တိုက်ပွဲတွေထပ်မံ မဖြစ်ပွားနိုင်ဘူးလို့ ပြောလို့မရတဲ့အခြေအနေမှာ ရှိနေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မတ်လ ၇ ရက်နေ့ ပြည်နယ်အဆင့်တကြိမ် ၊ ဇွန်လ ၉ ရက်နေ့ ပြည်ထောင်စုအဆင့်တကြိမ် ပစ်ခတ်ရပ်စဲရေးတွေ့ဆုံဆွေးနွေးမှု ၂ ကြိမ် ဆွေးနွေးခဲ့ကြပြီးပေမဲ့လို့ ဇွန်လ ၂၇ ရက်နေ့ မော်ချီးဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။

KNPP နှင့် မြန်မာအစိုးရတို့ အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ-ကေတီ)
နှစ်ဖက်တပ်ကိစ္စဆွေးနွေးတဲ့အခါ နယ်မြေခံတပ်မဟုတ်တဲ့ တပ်မ ၅၅ ကိုကရင်နီပြည်နယ်ကနေ ဆုတ်ပေးဖို့ တောင်းဆိုထားတဲ့ ကိစ္စမှာ ဆွေးနွေးမှုမပြီးပြတ်သေးသလို တပ်မ ၅၅ တပ်ရင်းကနေပြီး မော်ချီးဒေသဘက်မှာ အခုဖောက်လုပ်နေတဲ့ မောချီး-တောင်ငူ ကားလမ်းမကို ဖောက်လုပ်နေပါတယ် ဆိုတဲ့အချက်ကလည်း တိုက်ပွဲထပ်မံဖြစ်ပွား နိုင်တဲ့ အချက်တချက်မှာ ပါနေပါတယ်။ အပစ်ခတ်ရပ်စဲရေး ခိုင်မာဖို့ ပျက်ပြယ်သွားနိုင်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကပြောပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်မြတ်က “သူတို့ပြောတော့ ပြုပြင်ဖို့ ဒါကသူတို့ရဲ့ မဟာဗျူဟာစီမံကိန်းတခုအဲဒီတော့ ဒီကားလမ်းကို ပြုပြင်မယ်ဘဲပြောပြော ဖောက်မယ်ဘဲပြောပြောတော့ ထိပ်တိုက်တော့ ရင်ဆိုင်ဖို့ ရှိတယ်။ ဒါကဒုတိယအချက် ပထမအချက်က ခုနကမာဖရိုရှေ့အုပ်စုအခြေခံနံပါတ် ၁ ၊ နံပါတ် ၂ ကတော့ မော်ချီးတောင်ငူကားလမ်းသူပြောတဲ့ ပစ်ခတ်ရပ်စဲဘဲပြောပြော ငြိမ်းချမ်းရေးဘဲပြောပြော ပျက်ပြယ်ဖို့တော့ အလားလာရှိတယ်” လို့ပြောပါတယ်။
မော်ချီး-တောင်ငူကားလမ်းက ပျဉ်းမနားနေပြည်တော်အတွက် လမ်းမကြီးဖောက်လုပ်ပေးခြင်းဖြစ်ပြီး လုံခြံရေးတပ်တွေ သွားလာလွယ်ကူဖို့ အရှေ့အလယ်ပိုင်းတိုင်းလက်အောက်ခံတပ်တွေနဲ့ အရှေ့ပိုင်းတိုင်း လက်အောက်ခံတပ်တွေက ပူးပေါင်းဖောက်လုပ်ဖို့ အစီအစဉ်ရှိနေတယ်လို့ပြောပါတယ်။
ပြည်နယ်အဆင့်ဆွေးနွေးပြီးကတည်းက တပ်မ ၅၅ တပ်ကို မော်ချီးဒေသမှာရှိတဲ့ ထူးချောင်း ၇၁ မိုင် တလျှောက်မှာဘဲနေလာတယ်လို့ လွိုင်ကော် ဒကစမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်က ပြောပါတယ်။
“မော်ချီးမှာဒကစတပ်အစား တပ်မ ၅၅ တပ်ထိုင်တယ်ဆိုတာက ဒါကလည်းကျနော်တို့ရဲ့ တပ်သဘောသဘာဝအရ ဒကစတပ်ကမော်ချီးမှာနေတာ အတော်ကြာတဲ့အခါကြတော့ မလိုလားအပ်တဲ့ အုပ်ချုပ်မှုကိစ္စနဲ့ပတ်သက်ပြီး  ဖြစ်ပွားတာပေါ့ ခဏလုပ်ရှားတာဝန်ပေးပြီးတော့မှ အငှါး တပ်မ ၅၅ ကိုထားတာဖြစ်ပါတယ်”
ဇွန်လ ၉ ရက်နေ့ကလွိုင်ကော်မြို့ တပ်မတော်ခန်းမမှာကျင်းပတဲ့ KNPP နဲ့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးချိန်မှာ ပြောသွားတာဖြစ်ပါတယ်။
ကရင်နီတပ်မတော်ဘက်မှ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က နှစ်ဦးနှစ်ဖက် ယုံကြည်မှုရှိအောင်တော့ ဒီထက်တိကျတဲ့ ဆောင်ရွက်ချက်နဲ့ အဖြေကိုသိချင်ပါတယ်လို့ ပြောပါတယ်။
ဗိုလ်မှူးကြီးဘုန်းနိုင်က  “ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် တပ်မ ၅၅ က ဘယ်နေ့ဘယ်လမှာ အမြန်ဆုံးဆုတ်မလဲ အဲဒီလိုဘဲ ကြားချင်ပါတယ်။ ဒါမှလည်းကျနော်တို့လည်းလိုလိုလားလားသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ အဲဒီအချက်ပေါ်ကျနော်တို့ နှစ်ဦးနှစ်ဖက် အလုပ်လုပ်နိုင်မယ်” လို့ ပြောပါတယ်။
ပထမဆုံးပြသာနာဖြစ်တယ်ဆိုတဲ့ အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းကတော့ ယာတွေ မြေတွေသိမ်းတယ်ဆိုတဲ့ကိစ္စကတော့ ဒါကကာကွယ်ရေးဝန်ကြီးဌာနကနေပြီး ပြည်နယ်အစိုးရသော်လည်းကောင်း ပြည်နယ်ဥက္ကဌကိုသော်လည်းကောင်း ခွင့်တောင်းပြီးခွင့်ပြုချက် ရယူပြီးတဲ့နောက်မှာဘဲ မြေနေရာတွေ စသိမ်းခဲ့တယ်။ စီမံကိန်းကမြေသိမ်းဆည်းရေးဖြစ်တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒု-နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း ကပြောပါတယ်။
ဗိုလ်ချုပ်ဇော်ဝင်းက “အသနားခံစာဖြစ်လာဖို့ နယ်မြေလူထုရဲ့ ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ တကယ်ကြုံတွေ့လာတဲ့ on ground ရဲ့ saturation ပါမယ်ဆိုရင် ပြည်သူလူထုရဲ့ အမြင် တပ်မြေသိမ်းထားတဲ့ကိစ္စ ပြန်လည်စဉ်းစားပေးနိုင်တဲ့ အနေအထားမျိုးဖြစ်လာနိုင်တယ်။ သိမ်းဆည်းပြီးသားမြေဖြစ်တယ်။ တပ်အဆောက်အဦးက ဝန်ကြီးဆိုင်ရာဌာနအဆောက်အဦး တွေဘက်ကိုပြောင်းလို့တော့မရဘူး။ တပ်ပိုင်းဆိုင်ရာအဆောက်အဦးဖြစ်နေတယ်” လို့ ပြောပါတယ်။  
ဖရူဆိုမြို့နယ် မာဖရိုရှေ့အုပ်စုမှာတည်ဆောက်နေတဲ့ စစ်လေ့ကျင့်ရေးကျောင်းစီမံကိန်းက အရင်အစိုးရလက်ထဲမှာ တည်ဆောက်ထားတဲ့အတွက်အကြောင့် အခုဆုံးဖြတ်ရခက်နေတယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲမှာ ယခုလိုပြောပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပါပါတယ်။ အရင်အစိုးရကို မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ ကျနော်တို့ကကျော်လို့မရဘူး။ ဒါကလည်းဖွဲ့စည်းပုံဥပဒေမှာ ပါတဲ့အချက်တချက်ဖြစ်တယ်။ ဒါစပ်ကူးမတ်ကူးကာလဖြစ်ခဲ့တဲ့ အတွက် လုပ်ရကိုင်ရအတော်ခက်တဲ့ဥစ္စာဖြစ်တယ်။  ဒါကိုကျော်လွန်ဖို့က သမ္မတကြီးကိုထပ်ပြီး အစီရင်ခံစာတစောင်ရေးပြီးလုပ်ရမယ်”လို့ ပြောပါတယ်။
ကရင်နီပြည်နယ်အတွက် တပ်ကိစ္စဆွေးနွေးမှုမပြေလည်နိုင်တဲ့ အဓိကအချက်နှစ်ချက်ကလည်း ပြေလည်မှုမရရင် ပစ်ခတ်ရပ်စဲရေးခိုင်မာဖို့ မရှိဘူးလို့ ဗိုလ်ချုပ်အောင်မြတ်ကပြောပါတယ်။
“အဲဒါမရရအောင်တော့ တိုက်ပွဲဝင်ရမှာပေါ့။ အဲဒါမှမရရင် ကျနော်တို့အမျိုးသားအတွက် တိုင်းပြည်နဲ့လူမျိုးအတွက်တိုက်ပွဲဝင်တာ နှစ်ပေါင်း ၆၀ တောင်ကျော်သွားပြီ အဲဒီကိစ္စကလေးနဲ့သူတို့က ပြန်လည်မပေးရင် ပြသာနာအများကြီးဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

No comments: