Wednesday, August 8, 2012
ရှစ်လေးလုံး အဓိဋ္ဌန်
မောင်စွမ်းရည်
စစ်အစိုးရဟာ  ၊ အစိုးရ မစစ်ဘူး
ဒီအစိုးရက အစလဲ မရိုးဘူး
အလယ်လဲ မရိုးဘူး
အဆုံးကျလဲ လုံးဝ ရိုးမှာ မဟုတ်ဘူး ။။။။။
      လူသတ်ခိုးလု ၊ ကာမေသုနဲ့ 
      မုသားဝါဒ ၊ အကုသနဲ့ 
      ဘာကမှ မကင်း ၊ သီလသာကင်းတဲ့  ၊ မင်းဆိုးမင်းညစ်
      ဖက်ဆစ်အစိုးရ ၊ နအဖကို
      ယုတ်လှတဲ့  အမိုက်တွေမို့ 
      ဗုဒ္ဒကြိုက်တော် မမူဘူး ။။။။။။။။
ရေ မီး မင်း ခိုးသူ ၊ မချစ်မနှစ်သက်သူ
ရန်သူမျိုးငါးပါး    ၊ ဘုရားဟောမှာ
“ မင်း “ ရောပါသမို့ 
မင်းဆိုတာ ရေလိုလွှမ်းပြီး ၊ မီးလိုကျွမ်းအောင်
ရမ်းကားရက်စက် ၊ အကြမ်းဖက်တဲ့ 
ဖက်ဆစ်မျိုးမင်း ၊ တရားကင်းတဲ့ 
မတရားမင်းမို့ ---
မင်းကျင့်တရား -ကျင့်ဆယ်ပါးမှာ
တပါးမှမလိုက်
အ၀ိဟိံသ ၊ အ၀ိရောဓနံ
ခန္တီတပံ ၊ တဆံခြည်မကိုက်
ဒီမင်းမိုက်ကို
မကြိုက်လို့ မှ  ၊ ဖြုတ်မချရင်
ဗုဒ္ဒအလိုတော် မညီဘူး ။။။။။။
     “  ပြည်တင်းရင် ၊ မင်းမခံနိုင်ဘူးတဲ့ ”
     အထူးဆိုရိုး မငုတ်လျှိုးရအောင်
     တို့ စွမ်းဆောင်စို့  ။။။။။။။။။
ဘုရားအလောင်းမင်း
ဝေသန်မင်းလဲ ၊ ပြည်တင်းတဲ့ အခါ
မခံသာလို ၊ ဟိမ၀န္တာသို့ 
ပြည်ရွာစွန့် ခွာ ၊ သင်ခန်းစာကို
ဘယ်မှာ မေ့သင့်ပါမလဲ ။။။။။။။။။။။
         “  မင်းဆိုသမျှ ကွင်းရှောင်မယ်
        ထမင်းတောင် စားချင်ဘုလေး “ လို့ 
        ရှေးရှေးတုန်းက ၊ ဦးပုညဟာ
        ဘ၀နဲ့ ရင်းပြီး ၊ ရှမ်းတမ်းထုတ်သလို
        ဗိုလ်ချုပ်မင်းတွေကိုလဲ
        ပြည်သူကတင်း ၊ သွေးနဲ့ ရင်းခဲ့ ပြီး
         ငြင်းဆိုခဲ့ ပြီ ။။။။။။။။
“  စစ်ဆိုရင် ၊ ရေကိုပင် မစစ်ချင်ဘူး “ လို့ 
စစ်ရူးတွေကို စက်ဆုပ်
စစ်ဗိုလ်ချုပ်တွေကို နာကျည်း
စစ်ဒုက္ခတွေကို ခါးသီး
မုန်းတီးရွံရှာ
အမျိုးသားသင်ခန်းစာကို
ကမ္ဘာမကြေ ၊ ဗမာတွေက
ကမ္ဘာမြေကို ပြလိုက်ပြီ ။။။။။
       စစ်တပ်ရဲ့
       စစ်ဖိနပ်ကိုမုန်း
       စစ်သေနတ်ကိုမုန်း
       စစ်အ၀တ်နဲ့  ၊ စစ်ခါးပတ်ကိုလဲမုန်း
       အညစ်အပတ် ၊ အညှစ်အသတ်
       အကပ်အညှပ်တွေ ၊ အထစ်အဖြတ်တွေနဲ့ 
       အပစ်အခတ်တွေကိုလဲ မုန်းလှပြီ ။။။။။။။
စစ်ဗိုလ်က
စစ်ဗိုလ်အလုပ်ကို မလုပ်
ဓမြဗိုလ်အလုပ်ကိုလုပ်သမို့  ဖြုတ်ချ
ပြည်သူကကင်း ၊ ပြည်သူကငြင်းလျှက်နဲ့ 
အတင်းမက် ၊ အတင်းစွက် ၊ အတင်းနှက်
အတင်းတက်ပြီး ၊ စစ်မင်းဆက်တည်ထောင်
စစ်မီးတွေလောင်လို့ 
ပြည်ထောင်စုပြာပုံဖြစ်
သမိုင်းညစ်အောင် ၊ အရိုင်းခေတ်ကို ဖေါ်ဆောင်
အမှောင်တခေတ်ကို
စစ်ဗိုလ်ချုပ်တွေ တည်ထောင်လေပြီ ။။။။။။
       ဂငယ်သုံးခု ၊ ဥသျှစ်ထုသလို
       ဂငယ်လေးခု ၊ ရှစ်လေးလုံးမှာ
       စစ်မင်းဆက် သုဉ်းပြန်ရော့ဟဲ့ လို့ 
        ရုန်းကန်တဲ့  လူထုကို
        ဗုံးဆန်နဲ့ ထု ၊ ဒုန်းပျံနဲ့ ထု
        လုသွားတဲ့ အာဏာ ၊ ပြန်လုဖို့  ဖီဆန်ရာမှာ
        ကျည်ဆန်သာ ပြန်ပေးသမို့ 
         သွေးကန်သွေးမြစ်
         သွေးပင်လယ် ဖြစ်စေခဲ့ ပါပြီ ၊။။။။။။။။။
                 “ ဒီမိုကရေစီ ရရှိရေး ၊ ဒို့ အရေး”
                 “ လူ့ အခွင့်အရေး ရရှိရေး ၊ ဒို့ အရေး “
                 “  စစ်အာဏာရှင် ဖြုတ်ချရေး ၊ ဒို့ အရေး” လို့ 
ဒို့ ကြွေးကြော်တဲ့  ရှစ်လေးလုံးမှာ
ဘုန်းကြီးတွေလဲပါ ၊ ဘုန်း မကြီးသူတွေလဲ ပါ
သီလရှင်တွေနဲ့ 
ဂီတသဘင်အမှု ၊ အယဉ်အနု
ပန်းပုပန်းချီ ၊ ပန်တျာသည်တွေလဲ
ညာခြေဘယ်လက် ၊ ဘယ်ခြေညာလက်နဲ့ 
လမ်းမပေါ်တက် ၊ ချီတက်ကြလေရဲ့  ။။။။။။။။
ကျောင်းသားနဲ့ ကျောင်းဆရာတွေလဲ
အဟောင်းအဖေါ်တွေနဲ့ ပေါ့ ၊ ခေါင်းတခါခါနဲ့ 
မညောင်းမညာ၊ ချီတက်လို့  လာကြတယ်
ကဗျာဆရာ ၊၀တ္တုဆရာ
သတင်းစာဆရာ တွေလဲ
သတင်းစာအဟောင်း ခေါင်းမှာဆောင်းရင်း
မညောင်းမချင်း ၊ ကသောင်းကနင်း
ဇေါင်းတွင်းကလွှတ်သလို
လွတ်မြောက်ရေးတရား ၊ လမ်းကြားအရောက်ဟောရင်း
မမေနိုင် မပန်းနိုင်
ပန်းတိုင်ရောက် သွားကြမယ်တဲ့  ။။။။။။။။။။
ဆရာဝန် သူနာပြုနဲ့ 
ဥပဒေ အကျိုးဆောင်တွေလဲ
မရှောင် မလွှဲဘူး
မပါဘဲ ဘယ်နေမလဲ
သူတို့  အဆွဲကောင်းလို့ 
သူတို့ နဲ့  အမြဲပေါင်းတဲ့ 
ဖဆပလဟောင်း ၊ ပမညတဟောင်း
မဆလအဟောင်းတွေနဲ့ 
ဗကပဟောင်း ၊ ဗကသဟောင်း
တကသဟောင်းတွေလဲ
ချွေးသံတရွှဲရွှဲ ၊ သေးသံနဲ့  ရဲသည်ထိ
လက်တွဲမပျက် ၊ ချီတက်နိုင်တာ
အံ့စရာပါပဲ ။။။။။။။
    အိုးခွက်ပန်းကန် တမမနဲ့ 
    ဆန္ဒပြသူတွေဟာ
    အိမ်ရှင်မတွေပါပဲတဲ့ 
    မျက်မမြင် ဒုက္ခိကလဲ
    ဒုတ်ရှိသမျှ တလှမ်းချင်းခေါက်ပြီး
    လမ်းဆင်းလျှောက်ကြတာ
    ကမ္ဘာ့အံ့ဖွယ် မြင်ကွင်းကျယ်ပ ။။။။။။။
အလုပ်သမား ၊ လယ်သမားတွေနဲ့ အတူ
တူတံဇဉ်တို့ ရဲ့  သမီးသား
စစ်သမီး စစ်သားတွေတောင်မှ
မရှောင်မထွက် လက်နက်တွေပစ်ချ
လမ်းမပေါ်တက် ၊ ပြည်သူ့ ဖက်ကို ပါခဲ့ ပြီ ။။။။။။။။။။။။
             အမြို့ မြို့  အရွာရွာ
             ရှိရှိသမျှ လမ်းတွေ လမ်းတွေမှာ
             ပန်းတွေ ပန်းတွေ ကြဲ
ရဟန်းတွေလဲ အခန်းမနေ ဂူမအောင်း
ကျောင်းသားတွေ လက်ကိုဆွဲ
ပြည်သူနဲ့  လက်တွဲ  ၊ လမ်းထဲကိုလျှောက်
အံ့လောက်ဖွယ် အရေးတော်ပုံကြီးမှာ
မီးတုတ် မီးတုတ်တွေဆိုတာ
အစည်းအထုပ်လိုက် ရှို့ ကြပါသကော ။။။။။။။
        စစ်တပ်ကတော့ စစ်တပ်ပဲ
                   ပစ်သတ်ဖို့ သာ သိရဲ့ 
သိတဲ့ အတိုင်း၊ ဗိုလ်ချုပ်တွေခိုင်းရင်
         ခိုင်းသလို မလွှဲမသွေ
          သေနတ်တွေ မိုးထောင်မပစ်
သိုးကောင်တွေကို ၊  မုဆိုးအချောင် ပစ်သလို
           ခါးဆစ်ရဲ့ အထက် ၊ လက်ပျဉ်နဲ့  ရင်ဒူး
           နဖူးဆိုနဖူး ၊ နားရွက်ဆို နားရွက်
           တလက်မ တစင်တီ
           တဆံခြည်မစောင်း
ချက်ကောင်းကိုပဲပစ်ခဲ့ ပြီ ။။။။။။။။။။။
ရဟန်းရှင်လူ ၊ ပြည်သူတွေဟာ
 မြေမှာလဲကျ
 ငရဲပြေက ၊ မြေလွှာဟက်ပြီး
 ငရဲသားတွေ ၊ မြေကခုန်ထွက်
ယမ်းခိုးတွေ မိုးထိတက်ပြီး
သွေးတွေတပွက်ပွက်မှာ
အူထွက်လက်ပြတ် ၊ ခြေကိုရော ဖြတ်လို့ မှ
သေတတ်သေးရင် ၊ သေအောင်ခြေ
ကြေအောင်သတ်
မီးရှို့ သတ် ၊ မြေဖို့ သတ် ၊ လေဆို့ သတ်
ရိုက်သတ် ၊ ညှစ်သတ် ၊ သတ်နည်းအစုံ
သတ်လို့ မှ မကုန်ရင် ၊ မြို့ အစုံ နယ်အစုံ
အပါယ်ဘုံ အကျဉ်းစခမ်းတွေမှာ
ညှဉ်းပန်းနှိပ်စက် ၊ လူ့ ဇတ်ကို ဖျက်သတဲ့ 
လူ့ ဆယ်သက်စာ နလံမထူဘဲ
ရန်မမူနိုင်တဲ့  ၊ လူနုံလူဖျင်း
လူ့ အောက်ကို နိမ့်ဆင်းပြီး
လူချင်းမတူအောင် ၊ လူကိုခွေးဖျက်
ခွေးထက်ယုတ်ကန်း ၊ နှိပ်စက်ခန်းတွေ
တ၀န်းကမ္ဘာ ကျော်ခဲ့ ပြီ ။။။။။။။။။။။။။
             အယုတ်တကာ့ ၊ အယုတ်ကတော့
             ဗုဒ္ဒသာသနာမှာ ၊ ဗုဒ္ဒဘာသာတွေက
             ဗုဒ္ဒသား သံဃာတွေကို သံခြေချင်းနဲ့ 
             သံဃာကိုထောင်သွင်း ၊
သံဃာကိုသတ်တဲ့  မင်းရယ်လို့ 
အ၀ီစိကို မဆင်းခင်
သတင်းအပုတ်နံ့ က ဗြဟ္မာ့ဘုံပြန့် ခဲ့ ပြီ ။။။။။။။။။
              ပြည်သူ့ ရင်သွေး
               ကျောင်းသားကျောင်းသူလေးတွေရဲ့
               သွေးချောင်းသွေးမြစ်မှာ
               စစ်ဖိနပ်တွေ ခြေဆေး
               စစ်သမိုင်း ညစ်ထေးကိုလဲ
စစ်ဗိုလ်တွေ ကျည်ဆန်သွေးပြီး
ကျောင်းသားတွေ လည်ချောင်းသွေးနဲ့ 
စိတ်တိုင်းကျ ရေးခဲ့ ပါပြီ ။။။။။။။။။
               ညစ်မှောင်တဲ့  သမိုင်း
               အရိုင်းခေတ် သွေးကြွေး
               ဘယ်သူ-ဘာနဲ့ ပေးဆပ်လေမလဲ
ကြွေးတင်ရင် ကြွေးဆပ်ရမှာ- ကြွေးဥပဒေ မဟုတ်လား
အညစ်အကြေးတင်ရင်
ဆေးကြောသန့် စင်ရမှာ
လူ အစဉ်အလာမဟုတ်လား
အမှောင်ဆိုတာလဲ အမြဲမမှောင်
အမှောင်ခွင်းပြီး အလင်းဆောင်ကြရတာ
လူတိုင်းတာဝန်မဟုတ်လား ။။။။။။။။။။။။။။။
 ကဲ-ဝေသန္တရာဇတ်
 ပြန်လည်သုံးသပ်ကြရအောင်
 ဇါတ်တော်လာ အလောင်းမင်းတောင်မှ
 ပြည်တင်းရင် မင်းမခံနိုင်ဘူးတဲ့ 
 စစ်ဘီလူး ၊ စစ်သူရဲ ၊ စစ်ငရဲ မင်းတွေလဲ
 မင်းဝေသန်က လှူတာ ၊ ယူတာမဟုတ်ဘူး
 မင်းကြီးလှူတာက ဆင်ဖြူတကောင်ရယ်
 ဒင်းတို့ ယူတာက ဆင်ဖြူဆင်မဲ ကျွဲနွားရာထောင်
 တောက်တဲ့ ပုတ်သင် အိမ်မြှောင်
တောတောင် ရေမြေ ရွှေငွေ ကျောက်သံ
ဘာမှမကျန်အောင် ၊ ရှိသမျှ ပြောင်ပြီ
ပြောင်သမျှ သည်းညဉ်းတာလဲ ၊ ထီးလှန်လို့ 
သည်းခံရတာ ကုန်ပြီ
သည်တချီ ပြည်သူအပေါင်းက
စစ်ဗိုလ်တွေ ယူနီဖေါင်းကို
ဦခေါင်းကချွတ်
ဇေါင်းကနေ လွှတ်ကြစို့ 
သွေးစွက်တဲ့  ယူနီဖေါင်းကို
ပရိတ်ရေ နာနာလောင်းပြီး
မြစ်ချောင်းမှာသာ မျောလိုက်ပါစို့  ။။။။။။။။။။။
 မတရားတာကို မတရားမှန်းသိလျှက်
 မသိဟန်ဆောင် တရားသယောင်ယောင်နဲ့ 
 သင်ရှောင်သူလွှဲ အသဲကြောင်ရင်
 အမဲအမှောင် ခေတ်ဟာ ၊ နှစ်တရာ ကြာအုံးမယ်
 ဘာမှမလုပ်ဘဲ ၊ ငုတ်တုတ်ငုံ့ ခံ
 မငြင်းဆန်ရင် ၊ မင်းခံပေအုံး တသက်လုံး ။။။။။။။
မရှက်လဲ မရှက်ရင် ၊ မထွက်လဲ မထွက်နဲ့ ပေါ့
ထွက်ရဲလို့ ပဲထွက်ထွက် ၊ မထွက်ရဲဘဲထွက်ထွက်
လမ်းမပေါ်တက်မိရင် ၊ အသက်ပေးတန် ပေးရမယ်
အလေးပြုတာ ခံယူပါလေ
လမ်းပေါ်မတက် ၊ အိမ်ကမထွက်ဘဲ
လှို့ ဝှက်စည်းရုံး ၊ အိမ်တွင်းပုန်းအာခံရင်လဲ
တော်လှန်ရေး တမျိုးပဲလို့  ၊ တိုးတိုးလေးပြောပါရစေ
ကဲ - ခုပြောသလိုပဲ
သင့်အိမ်ထဲ သင်အောင်း
မကောင်းတာကို ကောင်းသယောင်နဲ့ 
ဟန်ဆောင်ပြီး မထောက်ခံရင်လဲ
ဒါသည်ပင် အာခံမှု -မသေးတဲ့ 
တော်လှန်ရေး ပထမမို့ - စလိုက်ကြစို့ 
မပြုံးချင်တာကို
မပြုံးချင်လို့ ပြုံးမပြရင်လဲ
ပြုံးမပြသူဟာ တော်လှန်သူတမျိုးပေပ ။။။။။။။။
          ဒီလိုဆိုရင်
           တော်လှန်လိုသူ တော်လှန်ပြ
           တော်လှန်ရေးအစ ၊ အိမ်တွင်းကတဲ့ 
           ဒီနေ့ စချင် ဒီနေ့ စလို့  ရစတမ်း
           ဗိုလ်ချုပ် ဗိုလ်ယုတ်တွေ ခိုင်းလာရင်
            သူ့ တို့ ခိုင်းတာ ငါမလုပ်ဘူး
သူတို့ ပြောတာ ငါမကြားဘူး
သူတို့ ကျွေးတာ ငါမစားဘူး
သူတို့ ပေးတာ ငါမယူဘူး
ဘူးတလုံးဆောင် ဝေးရာရှောင်ပေါ့
မရှောင်သာရင် ခေါင်းရမ်းကို ဖမ်းတဲ့  ဥပဒေမရှိဘူး
မရှိဘဲ ဖမ်းလဲ ရမ်းသာရမ်း
ကြာကြာဖမ်းလို့  မရဘူး
ခေါင်းရမ်းလို့  အားမရ
စိတ်ကြွပြီး တောခိုချင်ရင်
ခိုသာခို မပြန်ခဲ့ နဲ့  ၊ ပြန်ခဲ့လို့  ဖမ်းတဲ့ အခါ
နှစ်တရာ ထောင်ချရင် ထောင်ကထွက်လမ်း မမြင်ဘူး ။။။။။။။။
             ဒီမှာ
             ဗိုလ်ချုပ်ပဲလာလာ
             ဗိုလ်စုတ်ပဲလာလာ
             အမင်္ဂလာ ၊ အကုသိုလ်တွေ
             မျက်နှာချိုမသွေးနဲ့ 
             တံထွေးကိုသာ တင်းတင်းမာမာ
              ထွေးစမ်းပါ ။။။။။။။။။
ပြင်းပြင်းနာနာ ထွေးစမ်းပါ
အလှေးအဖျင်း အညစ်အထေးတွေ
ပြည်သူတွေရဲ့ တံထွေးခွက်မှာ
ပက်လက်ရော မှောက်လျှက်ရော စောင်းလျှက်ရော
ကန်ချပြီး မျှောကြစို့ 
မောဟတွေ ကြီး မနေနဲ့ 
ဒေါသရေစီးမှာ
မျောကြစေသတည်း မျောကြစေသတည်း မျောကြစေသတည်း
။။။။။။။။
မောင်စွမ်းရည်
( ဒီကဗျာရှည်ကို -၂၀၀၃-ခုနှစ် မှာ ရေးခဲ့ ပြီး -၂၀၁၁- ခုနှစ်မှာ
တလုံးနှစ်လုံး ဖြည့်စွက်ပြုပြင်ရေးပါတယ် ။ ၂၀၁၂-ခုနှစ်မှာ
တလုံးနှစ်လုံး ဖြည့်စွက်ရေးပါတယ် )
ခိုင်အောင်ကျော်က မေတ္တာဖြင့် စာစီရိုက်ပေးပါတယ် ။
No comments: