Wednesday, May 29, 2013

နောင်တများစွာ သင်ခန်းစာများစွာ နှင့် လျှောက်လှမ်းရတော့မည့် မြန်မာနိုင်ငံ


 
မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ ၆၅ နှစ်ရှိခဲ့ပြီ။
လွန်ခဲ့သည့် ၆၅ နှစ်ကာလ။ ထိုစဉ်က နိုင်ငံ၏ နိုင်ငံရေးနယ်၊ စီးပွားရေးနယ်၊ ပညာရေး နယ်ရှိ လူကြီးများသည် လွတ်လပ်ရေးရပြီးစ မိမိတို့ နိုင်ငံကို မည်သို့ ဖွံ့ဖြိုးတိုးတက်သွားစေရန် ပြုလုပ်မည်၊ မည်သို့သော စီမံကိန်းများ ချမှတ်ကြမည်၊ မည်သူတို့နှင့် ပူးပေါင်း အကြံဥာဏ် ရယူကာ ဆောင်ရွက်မည်၊ မည်သည့်နိုင်ငံများက ကူညီကြလိမ့်မည် စသဖြင့် တွေးတော၊ ကြံဆကာ နေ့စဉ် တွေ့ဆုံ ကြ၊ ဆွေးနွေးကြ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ကြမည်က အသေအချာ။
ထမင်းစားချိန်၊ လက်ဖက်ရည်သောက်ချိန်၌ လွတ်လပ်ရေးကြိုးပမ်းကြစဉ်ကာလအဖြစ်အပျက်များကို ပြန်ပြောကြ၊ လွတ်မြောက်ရေး ခရီးစဉ် လမ်းတစ်ဝက်၌ ကွယ်လွန်သွားကြသူများ၊ မိတ်ဆွေဟောင်းများကို ပြန်ပြောင်း သတိတရပြောကြပုံ များကို တွေးကြည့်ရုံ မျှနှင့်ပင် ကြည်နူးစရာ၊ အားကျစရာ ဖြစ်ရပါ၏။
လွန်ခဲ့သည့် ၆၅ နှစ်က ဖြစ်ရပ်များကို ပြန်လည်တွေးမိပြီး ဖြစ်ရပ်များ၊ ဖြစ်စဉ်များကို ချိန်ထိုးကြည့်မိပါ၏။
ရုတ်ခြည်းပင် ယနေ့ မိမိတို့နိုင်ငံ၊ ယနေ့ပြည်သူများ၊ ယနေ့နိုင်ငံတာဝန်ယူကြမည့် ပုဂ္ဂိုလ်များ ကြုံတွေ့နေရသည့် ဖြစ်ရပ်များ၊ ဖြစ်စဉ် များသည် လွန်ခဲ့သည့် ၆၅ နှစ်ကာလက ထိုစဉ်က လူကြီးများ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်မျိုး၊ ခံစားမှုမျိုး နှင့် သဏ္ဌာန်တူ ဖြစ်ရပ်များပ မာ ဖြစ်နေသည်ကို သတိပြုမိလိုက်၏။
လွန်ခဲ့သည့် ၆၅ နှစ်က ကိုလိုနီနယ်ချဲ့တို့သည် မိမိ တို့နိုင်ငံ၏ လူကြီးများလက်ဝယ်သို့ နိုင်ငံကို လုံးဝလွှဲပေးခဲ့သည်။
ကိုလိုနီတို့သည် လုံးဝဖုတ်ဖတ်ခါကာ ထသွားကြသည်။
ကိုလိုနီတို့ထုတ်ဝေသော သူတို့ဝါဒ၊ သူတို့အုပ်ချုပ်ရေး ကောင်းမွန်ကြောင်း အမွှန်းတင်သည့် သတင်းစာ၊ ဂျာနယ်များ မထားခဲ့ပေ။
ကိုလိုနီကို ကိုယ်စားပြုသူတို့ဘက်က လိုက်ကာ ပြောပေးမည့် လွှတ်တော်ကိုယ်စားလှယ်လည်း မထားခဲ့ပါ။
ကိုလိုနီတို့ထံမှ အမွေရယူထားသူတို့က နိုင်ငံလွတ်လပ်ရေးရပြီဖြစ်၍ သူတို့၌ တာဝန်ရှိသည်။ သူတို့လည်း နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်း များ၌ ပါပါရစေဟု တောင်းဆိုလာသူက ဆိုသည်။ သူတို့ကို ကိုလိုနီတို့က နောက်ကွယ်မှ ကြိုးမကိုင်၊ ကြိုးကိုင်မခံခဲ့ကြ။
ကမ္ဘာပေါ်တွင် နာမည်ဆိုး နှင့် ကျော်ကြားသော ကိုလိုနီတို့သည် ရောက်ရာအရပ်၌ ကုပ်သွေးစုပ်သည်ဟု ဆိုကြသည်။ သူတို့ သည် မြန်မာနိုင်ငံ၌ နှစ် ၁ဝဝ နီးပါး၊ အိန္ဒိယနိုင်ငံ၌ နှစ် ၂ဝဝ နီးပါး အနိုင်ကျင့်အုပ်ချုပ်ခဲ့သည်။
ယင်းနိုင်ငံများမှ ရှိသမျှ အရာအားလုံး သူတို့ ယူကြသည်။ ပုံစံအမျိုးမျိုးနှင့် ယူသည်။ မလွှဲသာ၍ ပြန်ပေးသည်ဖြစ်စေ၊ မတတ်သာ ၍ ပြန်ပေးသည်ဖြစ်စေ၊ အခြေမလှ၍ ပြန်ပေးသည်ဖြစ်စေ ပြန်ပေးပြီးသည်နှင့် လှည့်၍ပင် မကြည့်တော့ပေ။ သူတို့ကိုယ်စား မည်သူ့ ကိုမျှ မထားခဲ့။ ရှိသည်ဟု ယူဆသည့်လူများလည်း မနေနိုင်ကြတော့။
သူတို့အကျိုးစီးပွား ထောက်ပံ့မည့် စီးပွားလုပ်ငန်းလည်း မထားခဲ့။
ကိုလိုနီတို့သည် မြန်မာ နိုင်ငံကို အုပ်ချုပ်စဉ်က သူတို့လုပ်ငန်းများ အဆင်ပြေ လွယ်ကူစေရန် စီမံခန့်ခွဲမှု ချောမွတ်စေရန် အခြေခံကျ သည့် အဆောက်အအုံများ၊ လမ်းများ၊ တံတားများ ဆောက်လုပ်ခဲ့သည်။
မြန်မာနိုင်ငံတစ်ခုတည်း၌ ထိုသို့ပြုကျင့်သည်မဟုတ်။ ကိုလိုနီနိုင်ငံအားလုံး၌ ထိုသို့တစ်ပြေးညီ လုပ်ဆောင်သည်။ ယင်းနိုင်ငံ များ ကို စေတနာရှိ၍ မဟုတ်။ သူတို့လုပ်ငန်း အဆင်ပြေရေးအတွက် ဖြစ်သည်။
အလုပ်ကို အလုပ်နှင့်တူရန် ပြုလုပ်တတ်သည့် သူတို့အကျင့်ကြောင့် ထိုလမ်းများ၊ ထိုတံတားများ ယခုတိုင် အသုံးပြု၍ ရနေဆဲ ဖြစ် ပါ၏။
လွန်ခဲ့သည့် ၆၅ နှစ်က တာဝန်ရှိ လူကြီးများသည် မိမိတို့ နိုင်ငံကို တည်ဆောက်ရေးအတွက် လွတ်လပ်စွာ ဆွေးနွေး၊ လွတ်လပ်စွာ ဆုံးဖြတ်၊ အရာရာရှင်းလင်း၊ ထင်သာမြင်သာ ရှိခဲ့သည်။
ယနေ့ မြန်မာနိုင်ငံမှ မိမိတို့ အပါအဝင် တာဝန်ရှိသူ များ၊ နိုင်ငံကို ပြန်စ၍ တည် ဆောက်ရန် ကြံဆ၊ တွေးတောရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့် ကြသည်။
ကျွန်ုပ်တို့ မြင်တွေ့နေရ သော မြင်ကွင်းသည် တစ်စုံတစ်ခု အရိပ်ပါးပါး ခြားထားသကဲ့သို့။
သို့သော် ပွင့်လင်းသည်၊ ထင်သာမြင်သာ ရှိပါသည်ဟု စကားပမာ ပြောနေကြသည်။
ပွင့်လင်းမှုကို ဇာပဝါပါး ပါးလေးတစ်ခု ခြားနားထားသည့် အလား။ မြင်ကွင်းကို ဖြူလွလွ မြူ တို့က ဖုံးအုပ်ထားသည့်အလား။
ဤတွင်းထဲ၌ မိမိတို့ ဖမ်းဆီးရမည့် အခွင့်အရေး၊ မိမိတို့ ဆုပ်ကိုင်ရမည့် မျှော်လင့်ချက် ဝင်သွားသည်ကို မြင်လည်းမြင်လိုက်ရသည်။ လက်တစ်ဖက်အဆုံး နှိုက်သော်လည်း အခွင့်အရေးက လျှောလျှောထွက်နေသည်မှာ အဘယ့်ကြောင့်ပါနည်း။

(၂)
ယနေ့ မြန်မာနိုင်ငံ၌ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားအရေး နေရာအားလုံး၌ ရှုပ်ထွေးနေမှု၏ မူလအစလက္ခဏာ သည် ၂ဝဝ၈ ခု မေလ၌ မြန် မာနိုင်ငံအတွင်းသို့ လမ်းမှားဝင် ရောက်လာသော အရှိန်ပြင်းလွန်းသည့် နာဂစ်မုန်တိုင်းဟု ဆိုရမည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ ပြည်သူများ မည်သို့မျှ မမျှော်မှန်းထားသော နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့ တစ်ခုလုံး အမှိုက်ပုံဘဝ ရောက်သွားခဲ့ရသည်။
နာဂစ်မုန်တိုင်းနှင့် ရက်ပိုင်းမကွာဝေးလှသော အချိန်၌ မြန်မာလူမျိုးတို့သည် သမိုင်းတွင်သော တတိယမြောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို ဒုက္ခပင်လယ်ဝေနေသော အမှိုက်ပုံကြားမှ ဆန္ဒမဲပေးရန် ထောက်ခံလိုက်ကြရပြန်သည်။
သို့နှင့် မြန်မာနိုင်ငံသည် ခေတ်သစ်တစ်ခုသို့ ရောက်ခဲ့ရသည်။ လွန်ခဲ့သည့် ၆၅ နှစ်က မိမိတို့ လူကြီးများ တွေ့ကြုံရသည့် ဖြစ်ရပ် မျိုးနှင့် အလားသဏ္ဌာန်တူသည့် နိုင်ငံတည်ဆောက်ရေး ဖြစ်ပါ၏။
မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ နိုင်ငံရပ်ခြားမှ ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက်။ သမ္မတများ၊ ဝန်ကြီးချုပ်များဆိုလျှင် အဝင် အထွက်ပင် ထပ်နေသည်။ နိုင်ငံခြားရေးဝန်ကြီးများမှာမူ ရေတွက်၍ပင် မရနိုင်တော့လောက်အောင် မြန်မာပြည်သို့ ရောက်လာကြ သည်။
ကုန်သွယ်ရေးအဖွဲ့များက  တစ်ဖွဲ့ပြီးတစ်ဖွဲ့၊ နှစ်နိုင်ငံအကျိုး တူကိစ္စရပ်အတွက် ဆွေးနွေးပွဲများက မဆုံးနိုင်သော ဖြစ်စဉ်ကြီးတစ် ခုပမာ။
ပြုပြင်ပြောင်းလဲမှုအတွက် အားထုတ်ရန် စိုင်းပြင်းနေသော မြန်မာနိုင်ငံ၌ သူတို့ သူတို့သည် လက်ဦးမှုရယူကာ အခွင့်အရေးရမည် လားဆိုသည့် မျှော်လင့်ချက်ကိုယ်စီနှင့် ဖြစ်၏။
မြန်မာနိုင်ငံသို့ ရောက်လာသော နိုင်ငံခြားသားများကမူ ရိပ်မိသည်လား၊ မရိပ်မိသည်လား မဆိုနိုင်။ မိမိတို့ မြန်မာနိုင်ငံသား များက မိမိတို့နိုင်ငံကို မိမိတို့ ပြန် ကြည့်သည့်အခါ မြူအကာအရံ တစ်ခု အုံ့ဆိုင်းနေသည့်အလား မထင်မရှား မြင်ကြရ၏။
ယင်းအချိန်တွင် ရန်ကုန်မြို့နှင့် အလှမ်းကွာဝေးလှသည့် ဒေသတစ်ခု၌ ဂိုဏ်းသဏ္ဌာန် အုပ်စုပုံစံ အကြမ်းဖက်မှုတစ်ခုသည် မြန်မာ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင် ဘာသာဝင်တို့ကြား ဖြစ်ပေါ်ခဲ့သည်။
တစ်ချိန်တည်း၌ ကချင် ဒေသ၌ ပဋိပက္ခ အသွင်တစ်ခု ဖြစ်ပေါ်ခဲ့သည်။
ယင်းဖြစ်ရပ်နှစ်ခုသည် မြန်မာနိုင်ငံ၏ အရပ်သား အစိုးရ သို့မဟုတ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေသော အစိုးရ အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာဟု ဆိုရပေမည်။
ထိုထက်တစ်ဆင့်တက်၍ တွေးကြည့်လျှင် နောင်အနာဂတ် မြန်မာပြည်၏ လက်နက်ကိုင်အဖွဲ့အစည်း၏ အုပ်ချုပ်မှု၊ နေရာ ပါဝင်မှု သည် အဓိကနေရာက ဖြစ် လာတော့မည်ဆိုသည့် အယူအဆ ဖြစ်လာခဲ့ရသည်။
မြန်မာနိုင်ငံ၏ တရားဝင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လတွင် ကျင်းပသည့် ဖက်ဆစ်ဂျပန်တို့အား တော် လှန်ခဲ့သည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်မှာ ''မိမိတို့ တပ်မတော်သည် အရပ်သားတို့၏ ဥပဒေသာမက စစ်ဥပဒေနှင့် လုပ်ထုံးလုပ်နည်း၊ စည်းကမ်းများ လိုက်နာကြရ သကဲ့သို့ ဂျနီဗာသဘောတူစာချုပ် ပါ စည်းမျဉ်း စည်းကမ်းများလည်း လိုက်နာကြရသည်'' ဟု ပြောဆိုခဲ့သည်။
အဆိုပါ စကားရပ်သည် အလွန်တော်သင့်မှန်ကန်သော စကားပမာဖြစ်သော်လည်း ပြည်သူများ အမှိုက်ပုံကြားထဲမှ ထောက်ခံခဲ့ ရသော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်တွင် မြန်မာ့တပ်မတော်သည် ဦးဆောင်သည့် အခန်း ကဏ္ဍမှ ပါဝင်ရမည်ဆိုသည့် အချက်နှင့် လိုက်ဖက်မှုမရှိသည်ကို တွေ့ရနိုင်ပါ၏။
လွန်ခဲ့သည့် ၁ဝ စုနှစ် များစွာ မြန်မာနိုင်ငံ၏ အုပ်ချုပ်စီမံခန့်ခွဲရေး၌ လက်နက်ကိုင် တပ်မတော်က ပါဝင်ပတ်သက်ခဲ့သည်ကလည်း အထင်အရှား ဖြစ်ခဲ့ရသည်မဟုတ်ပါလား။
လောလောဆယ်၌ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား မျိုးနွယ်စု ကချင်သူပုန်များတို့ မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းတွင် ၂ဝ၁၁ ခုနှစ် နှစ်လယ်ခန့်က တည်းက ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားနေသည်။
ထိုပဋိပက္ခကြောင့် အရပ်သား တစ်သိန်းကျော်သည် နေရာရွှေ့ပြောင်းပေးခဲ့ရသည်။
အဆိုပါ ပဋိပက္ခ၏ အရှိန်အဟုန် ပြင်းထန်မှုသည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ၌ အစိုးရတပ်ဖွဲ့ဝင်များက လေ ကြောင်းကပင် ဝင်တိုက်ခိုက်ရသော ရှားပါးသည့်ဖြစ်ရပ်က ရှိခဲ့သည်။
ကချင်မျိုးနွယ်စုတို့ ခြေကုပ်ယူထားသည့် နေရာမှာ တရုတ်နိုင်ငံ နယ်ခြားအနီး လိုက်ဇာအရပ်၌ ဖြစ်သည်။ ထိုနေရာအနီး တစ်ဝိုက် ကို တပ်မတော်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရသည်။
အထက်ပါ ပဋိပက္ခတစ်ခုတည်းကိုပင် အနီးကပ် လေ့လာခွဲခြမ်းစိတ်ဖြာကြည့်ခဲ့သော အနောက်တိုင်းမှ သုတေသီများ၏ သုံးသပ် ချက်နှင့် ရန်ကုန်ရှိ သံတမန်တို့၏ ခန့်မှန်းမှုအရ မြန်မာ့ တပ်မတော်ကို အမိန့်ပေးသည့် နေရာသည် သမ္မတရုံးမှ ဖြစ်သည်ဆိုခြင်းကို သံသယဖြစ်ခဲ့ကြသည်။
အောက်ခြေရှိ ဒေသတွင်း၌ တိုက်ခိုက်နေသော အရာရှိငယ်များက သူတို့ စိတ်ဆန္ဒနှင့် သူတို့ ပြုမူခဲ့ကြသည်လားဆိုသည့် တွေးဆ မှု ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ယင်းအမိန့်မှာ သမ္မတနှင့် စစ်ဦးစီးချုပ်ရုံးမှ ပေးခဲ့သော အမိန့်မဟုတ်။ ထိန်းချုပ်ထားမှုထက် ကျော် လွန်သော အပြုအမူဟု သုံးသပ်ကြသည်။
သမ္မတရုံးမှ ထုတ်ပြန်ထားသည့် အမိန့်၌ ရှေ့တန်းရောက် တပ်ဖွဲ့ဝင်များသည် မိမိတို့ကိုယ်မိမိတို့ ကာကွယ်သည့် အ ပြုအမူသာ ပြု လုပ်ရမည်ဟု ပါရှိ၍ ဖြစ်သည်။
တစ်ချိန်တည်းတွင် အမျိုးသားလွှတ်တော်၏ ဥက္ကဋ္ဌလည်း ဖြစ်၊ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး လည်းဖြစ်သူ သူရဦးရွှေမန်းနှင့် လွှတ်တော်အမတ်များက တိုက်ခိုက်မှုအားလုံး ရပ်တန့်ပါဟု တောင်းဆိုထားခဲ့ပြီး ဖြစ်သည်။
ထိုနေရာ၌ ရှုပ်ထွေးနေ၍ မေးခွန်းတစ်ခု ပေါ်ပေါက်ခဲ့ရတော့သည်။ သမ္မတနှင့် စစ်ဦးစီးချုပ်ရုံးတို့က အပစ်အခတ် ရပ်စဲပါဟု ဆိုထား ပါလျက် အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်းဟု  သတင်းဆောင်းပါးရှင် David Scott Mathieson က FP မဂ္ဂဇင်း ၌ ဖော်ပြ ထားသည်။

(၃)
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်သည် မြင့်မားလာသည်နှင့်အမျှ တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံတို့ကြား ဖြစ် ပွားနေသော တင်းမာမှုများ ပို၍ တိုးပွားနိုင်သည်လားဆိုသည့် မေးခွန်းကို ထုတ်ခဲ့သူမှာ ချင်းမိုင် အခြေစိုက် မြန်မာ့အရေးကို အစဉ် စောင့်ကြည့်နေတတ်သူ နှောင်ကြိုး မဲ့ သတင်းသမား ဘာတီလင့်တနာ - Bertil Lintner ဖြစ်ပါ၏။
သူက မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်သည် လွတ်လပ်သော နိုင်ငံရေး မြင်ကွင်းအလယ်သို့ ရောက်ရှိရန် တွန်းပို့လိုက်ခြင်းဖြင့် မြန်မာ နိုင်ငံ၏ ရပ်တည်နေမှုသည် ကမ္ဘာ့ နိုင်ငံများအလယ်၌ ပို၍ သိသာသောနေရာသို့ ရောက်သွားခဲ့သည် ဟု ဆိုသည်။
တစ်ချိန်တည်း တရုတ် နိုင်ငံ၏ တင်းကျပ်သော ဆက်ဆံမှု ခံနေရသော မြန်မာနိုင်ငံသည် တရုတ်တို့နှင့် အဝေးနေရာသို့ ရောက် သွားမည် ဖြစ်သည်။
တစ်ဖက်၌လည်း မြန်မာနိုင်ငံသည် အနောက်နိုင်ငံတို့နှင့် နီးကပ်သော ဆက်ဆံမှုသို့ ရောက်သွားမည်ဖြစ်ပါ၏။ နောက်အရေး ကြီးဆုံးတစ်ချက်မှာ ယခုအခါ အာရှဒေသသည် အနောက်ဘက်နိုင်ငံများအတွက် အသစ်ပေါ်ပေါက်လာသည့် စိတ်ဝင်စားဖွယ် ပစ်မှတ်သဖွယ် နေရာတစ်ခု ဖြစ်သည်။
ထိုနေရာကို ဝါရှင်တန်ကလည်း အထူးစိတ်ဝင်စားနေသည်။ တရုတ်နိုင်ငံကမူ အထူးတလည် ပြောစရာမလို။ သူပိုင်သည် ဟုပင် နေ့ စဉ် နယ်မြေကို ချဲ့ချဲ့ယူ နေသည့်နေရာ ဖြစ်နေသည်။
ထိုနေရာဒေသကို အကြောင်းပြု၍  တရုတ်နှင့် အမေရိကန်တို့ ရင်ဆိုင်တွေ့နေကြသည်။
ထိုနေရာ၌ တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံတို့ ပဋိပက္ခ အသွင်သစ်တစ်ခု ပေါ်ပေါက်နိုင်သည်ဟု ယူဆနိုင်ပါ၏။
ထိုပဋိပက္ခဖြစ်ပေါ်လာပါက အဆိုပါ အင်အားကြီးနှစ်နိုင်ငံကြား၌ မြန်မာနိုင်ငံက ရောက်ရတော့မည့် အခြေအနေက အသေ အချာ ဖြစ်နေပါ၏။
မြန်မာနိုင်ငံသည် ဒီမိုကရေစီ ရရှိရေးလမ်းကြောင်းကို လျှောက်လှမ်းရန် ကြိုးစားနေသော်လည်း ပတ်ဝန်းကျင်အချိန်အခါနှင့် အခြေအနေအရ မြန်မာနိုင်ငံသည် မဟာအင်အားကြီး နိုင်ငံများ၏ အားပြိုင်မှု၊ နေရာလုမှုများကြား အန္တရာယ်စက်ကွင်း အလယ် ဗဟို နေရာသို့ ရောက်မှန်းမသိ ရောက်သွားတော့မည်က အသေအချာဟု ဆိုရပေမည်။
ဝါရှင်တန်မှ ထွက်ပေါ်လာသည့် သတင်းများအရ အမေရိကန်သမ္မတ ဘားရတ်အိုဘားမား အစိုးရအဖွဲ့၏ နိုင်ငံခြားရေး မူဝါဒ၌ ပထမ ဦးစားပေးရမည့် အချက်များထဲတွင် မြန်မာနိုင်ငံသည် အရေးအကြီးဆုံး စာရင်းထဲ ပါဝင်နေသည် ဆို၏။
ကုန်သွယ်မှုအပြင် အခြားအလဲအလှယ် အစီအစဉ်များ၊ ထောက်ပံ့ကူညီရမည့် စီမံကိန်းများသာမက အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ခေတ္တလက်ထောက် နိုင်ငံခြားရေး တာဝန်ယူခဲ့သူ ဂျိုးဇက်ယန်- Joseph Yunသည် ဧပြီလ ၂၅ ရက်နေ့က အထက် လွှတ်တော်တွင် တင်ပြခဲ့ရာ၌ သူတို့ အုပ်ချုပ်ရေးအဖွဲ့ (အစိုးရ) သည် တပ်ဖွဲ့အချင်းချင်း သန့်စင်ရှင်းလင်းသော အကူအညီပေးရန် နည်းလမ်းရှာဖွေနေသည်ဟု ဖော်ပြခဲ့သည်။
သူပြောလိုသည့် စကားအဓိပ္ပာယ်မှာ မြန်မာနိုင်ငံ၏ ရှေ့ဆက်နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို တွန်းအားပေးခြင်း၊ ကူညီမည့်နည်းလမ်းတစ်ခု ရှာဖွေနေခြင်းဟု သတင်းသမားက ဖွင့်ဆိုပေးခဲ့၏။
အမေရိကန်နိုင်ငံသည် သတင်းထောက်လှမ်းရေးနှင့် ပတ်သက်၍လည်း အရည်အသွေး ပြည့်မီစေရန် မြန်မာနိုင်ငံ၌ လုပ် ဆောင်ပေး လျက် ရှိသည်။
ယခင်က မြို့တော်ဟု ခေါ်ဆိုနိုင်သော ရန်ကုန်ရှိ အမေရိကန်သံရုံး၌ သတင်းထောက်လှမ်းရေးလုပ်ငန်းများ တိုးလုပ်ဆောင်နေ သည်မှာ အရှေ့တောင်အာရှရှိ အမေရိကန် သံရုံးများအားလုံးထက်ပင် ပိုသည်ဟု သတင်းသမားက ကောက်ချက်ချ၏။
ယင်းအချက်နှင့် ပတ်သက်၍ အခြားစဉ်းစားစရာတစ်ခု ရှိပါ၏။ တရုတ်နှင့် အိန္ဒိယနှစ်နိုင် ငံတို့၏ သဘောထားများ ဖြစ်သည်။
တရုတ်နိုင်ငံသည် အာရှတစ်လွှား၌ သူတို့ပိုင်နက်နယ်မြေကို မြေသားကုန်းပြင်ပေါ်တွင် တိုင်းမရသည်က သေချာနေ၍ သူ တိုး၍ ရနိုင်သည့် နေရာဖြစ်သော ပင်လယ်ပြင်အပေါ် စိတ်ဝင်စားလာခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ ယင်းအချက်ကို အမေရိ ကန်နိုင်ငံက သတိပြုမိသကဲ့သို့ အိန္ဒိယနိုင်ငံကလည်း သတိပြုမိသည်။
သို့အတွက် အိန္ဒိယနိုင်ငံကလည်း အရှေ့ဘက်ငုံ့ကြည့်သည့်မူကို ချထားခဲ့သည်မှာ နှစ်အတန်ကြာနေပြီ ဖြစ်သည်။
အမေရိကန်သမ္မတ အိုဘားမားသည် သူ့သမ္မတသက်တမ်း ပထမနှစ်မှာကတည်းက သူသည် အာရှဒေသကို စိတ်ဝင်စားသည်ဟု မိန့်ခွန်းများထဲ၌ မကြာခဏ ပြောလေ့ရှိသည်။
ဆိုလိုသည်မှာ ယနေ့ ကမ္ဘာ၏ အင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်၊ တရုတ်နှင့် အိန္ဒိယသုံးနိုင်ငံလုံးသည် အာရှဒေသကို စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ အရှေ့၊ အနောက်နှင့် တောင်ဘက်အရပ် ဒေသ သုံးခုလုံး ပင်လယ်ပြင်ကို မျက်နှာပြုထားသည့် နိုင်ငံဖြစ်၍ အိန္ဒိယ သမုဒ္ဒရာဟု ခေါ်ဆိုရသည်အထိ သူ့နိုင်ငံပိုင်နက်နယ်က ပင်လယ်ပြင်ပေါ်၌ ကျယ်ပျံ့လွန်းသည်။
တရုတ်နိုင်ငံ၏ ပင်လယ်ပြင် ချဲ့ထွင်လာမှုကို သတင်းသမားများက ယခုနှစ်ပိုင်းအတွင်းမှ သတင်းများ ရေးသားခဲ့ကြသည်။ သို့သော် အိန္ဒိယနိုင်ငံကမူ တရုတ် နိုင်ငံ၏ ခြေလှမ်းကို လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက ရိပ်မိခဲ့သည်။
ထို့ကြောင့် တရုတ်နိုင်ငံ နှင့်ပတ်သက်၍ လေ့လာသည့် စာတမ်းဖတ်ပွဲများ မကြာခဏ ကျင်းပကာ အိန္ဒိယနိုင်ငံမှ ပညာရှင်များက တင်ပြလေ့ ရှိသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က တရုတ်ပညာရှင်တစ်ဦးက ပြောဖူးသည့် စကားတစ်ခုကို အိန္ဒိယနိုင်ငံမှ ပညာရှင်များက မမေ့ ကြချေ။ ထိုစကားမှာ ''အိန္ဒိယ သမုဒ္ဒရာဟူသော အသုံးအနှုန်းကို ကမ္ဘာတစ်ခုလုံးက သုံးကြသော်လည်း ထိုရေပြင်သည် အိန္ဒိယနိုင် ငံ ပိုင် မဟုတ်သည်ကို သိထားသင့်သည်'' ဆိုသည့်စကား ဖြစ်ပါ၏။
အိန္ဒိယနိုင်ငံသည် ထိုစကားမှာ သာမန်စကားမဟုတ် ဟု ယူဆ၍ သူတို့၏ သုတေသန ပြုလုပ်မှုများကို ရှေ့တိုးဆောင်ရွက် ခဲ့သည်။
ထိုအခါ တရုတ်နိုင်ငံ၏ ရေပြင်အပေါ် သဘောထားကို သဘောပေါက်လာရတော့သည်။
အိန္ဒိယသမုဒ္ဒရာကို မျက်နှာပြုသည့် နိုင်ငံဆို၍ သူ့ တစ်နိုင်ငံတည်း ရှိသည်မဟုတ်။ အခြားမည်သူများ ရှိသေးလဲဟု ကြည့်သည့်အခါ အထင်အရှားဆုံး နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်သည်။ ထို့နောက် သီရိလင်္ကာနိုင်ငံ၊ ထို့နောက် မောဒိုက်နှင့် မောရေရှပ် နိုင်ငံတို့သာ ရှိသည်။
ထိုမြင်ကွင်းကို ကြည့်လိုက်သည်နှင့် တရုတ်နိုင်ငံဆိုလိုသော လက်တံရှည်လျားမှုသည် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ တောင် ဘက်မှ မောဒိုက်နိုင်ငံအထိ ရောက်တော့မည်ကို သိလိုက်၏။
ထိုသုံးနိုင်ငံထဲ၌ အရေးအပါဆုံးနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ကျွန်းဆွယ်တစ်ခုလုံး၌ အိန္ဒိယ သမုဒ္ဒရာကို မျက်နှာပြု ထားသည့်နိုင်ငံ၊ မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများအားလုံးသည် အိန္ဒိယ သမုဒ္ဒရာကို မျက်နှာပြုထားသည်။
အထူးခြားဆုံးမှာ မြန်မာနိုင်ငံ၏ အနောက်ဘက်ဆိပ်ကမ်း တစ်ခုကို တရုတ်နိုင်ငံက ရေနံ၊ ဓာတ်ငွေ့လောင်စာများ တင်ရန် ဆောက် လုပ်ခွင့် ရနေသည်။
တရုတ်နိုင်ငံ ဆိုလိုသော စကားမှာ တရုတ်နိုင်ငံ၏ ပိုင်နက်နယ်သည် အိန္ဒိသမုဒ္ဒရာအထိဆိုသည့် အဓိပ္ပာယ် ဖြစ်နေပါ၏။
အိန္ဒိယသမုဒ္ဒရာဘက် မျက်နှာလှည့်ထားသော မြန်မာနိုင်ငံဆိပ်ကမ်းအားလုံးကို တရုတ်က မျက်စိကျသည်ဟု ဆိုပါလျှင် ယင်း စကားသည် သွေးထက်အောင် မှန်သည့်စကားဟု ဆိုပါရစေ။

(၄)
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် သဘောထားနှင့် အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံ၏ သဘောထားကို သဘောပေါက်သွားမှု အခြေအနေကို ရိပ်မိသွားသည်။ တရုတ်နိုင်ငံသည်လည်း သူမည်သို့အလျင်အမြန်ဆောင်ရွက်ရတော့မည်ကို သဘောပေါက် သွား တော့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ နိုင်ငံရေး အရ ခြေလှမ်းများ ခပ်စိပ်စိပ် လှမ်းရတော့သည်။
အထူးသဖြင့် မြန်မာနိုင်ငံအပေါ် အနောက်ဘက်မှ ဝင်ရောက်မှု၊ ကူညီမှုအင်နှင့်အားနှင့် မဖြစ်လာမီ မိမိတို့က ရှေးဦးစွာ လက်ဦးမှု ရရှိရေးဖြစ်သည်။
ခြေလှမ်းတစ်ခုမှာ တရုတ်နိုင်ငံမှ လက်နက်များ အစဉ် ထောက်ပံ့နေသည့် တရုတ်-မြန်မာနယ်စပ်မှ ဝပြည်သူ့တပ်မ တော်-  United Wa State Army UWSA ပြည်သူ့စစ်ကို သာမန် ရိုင်ဖယ်လက်နက်များ၊ စစ်သေနတ်များ၊ ဒုံးလက်နက်များသာမက HN-5 အမျိုး အစားထဲမှ ပခုံးထမ်း လေကြောင်းရန် ကာကွယ်ရေးလက်နက်၊ MANPADS လက်နက်၊ ဘီးခြောက်ဘီးတပ် PTL-02 6x6 တင့်ကား ဖျက်လက်နက်၊ သံချပ်ကာ 4x4 2FB-05s လက်နက်များ ပေးပို့ကူညီခဲ့သည်။
Jame လက်နက်မဂ္ဂဇင်း၏ ဧပြီလ ၂၉ ရက်ထုတ်တွင် တရုတ်နိုင်ငံသည် UWSA အတွက် Mi-17 အလတ်စား ရဟတ်ယာဉ် နှင့် TY-90 ဝေဟင်မှ ဝေဟင်ပစ်ဒုံး လက်နက်များ ပို့ပေးခဲ့သည်ဟု ဆို၏။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ တရုတ်နိုင်ငံက သူတို့နှင့် မသက်ဆိုင်ဟု ငြင်းဆိုကောင်း ငြင်းဆိုပါလိမ့်မည်။
သူတို့သည် နိုင်ငံကြီး ပီသစွာ သိက္ခာနှင့်နေပါသည်ဟု ဆိုပါလိမ့်မည်။ သို့သော် ကွန်မြူနစ်ဝါဒ ကျင့်သုံးသော နိုင်ငံများ၏ ရှေးဦး ကာလ အစီအစဉ်မှာ သူတို့၏ ဝါဒနေရာအနှံ့သို့ ပျံ့နှံ့ရေး၊ ပွင့်လင်းစွာဆိုရလျှင် ကမ္ဘာကြီး တစ်ခုလုံး ကွန်မြူနစ်နိုင်ငံများ ဖြစ်ရေး ဆိုသည့် နိုင်ငံတကာ ကွန်မြူနစ် ပျံ့နှံ့ရေးသည် အဓိကအချက်ကြီး ဖြစ်သည်။
ထိုလမ်းစဉ်က ကွန်မြူနစ်ကျင့်သုံးသော နိုင်ငံများအားလုံး လက်တွေ့ကျင့်သုံးသောမူ ဖြစ်သည်။ ဆိုဗီယက်နိုင်ငံက ဥရောပ တစ်တိုက်လုံး ကွန်မြူနစ်ဖြစ်ရေး၊ တရုတ်က အာရှတစ်ခုလုံး ကွန်မြူနစ်ဖြစ်ရေး၊ တောင်အမေရိကတိုက်၌ ကတ်စဂိုနှင့် ချီဂွေးဗီးရား က အမေရိက တစ်တိုက်လုံး ကွန်မြူ နစ်ဖြစ်ရေးဆိုသော မူနှင့် လမ်းစဉ် ချမှတ်ပြီး ဖြစ်သည်။
ယင်းသို့သော နိုင်ငံများက သူတစ်ပါးနိုင်ငံ ပြည်တွင်းရေး ဝင်မစွက်ပါဟု ပြောလျှင် ယုံနိုင်ဖွယ် မရှိဟု ဆိုရပါတော့မည်။
မြန်မာနိုင်ငံနှင့် တရုတ်နယ်ခြားရှိ ကွန်မြူနစ်ပါတီအားလုံးကို တရုတ်ကွန်မြူနစ်ပါတီက ထောက်ပံ့ခဲ့သည်မှာ ငြင်း၍မရသော ကိစ္စ ဖြစ်ပါ၏။
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းကာ ဒီမိုကရက်တစ်နိုင်ငံတစ်ခု ဖြစ်ခြင်းထက် အာဏာရှင်နိုင်ငံ တစ်ခု အဖြစ်ရှိနေခြင်းကို တရုတ် နိုင်ငံက ပို၍နှစ်သက်ပါလိမ့်မည်။
မြန်မာနိုင်ငံသည် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းများဖြင့် ပြည့်ဝလာမည်။ လူထုလူတန်းစားများ တိုးတက်ဖွံ့ဖြိုးလာမည်။ လူနေမှု အဆင့်မြင့်မားနေခြင်းထက် မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေနေမည်။ ပိတ်ဆို့ခံရသည့် နိုင်ငံဖြစ်နေမည်။ ပြည်တွင်း ပဋိပက္ခ များနှင့် လုံးထွေးကာ အဖြေရှာမရသည့် နိုင်ငံ ဖြစ်နေခြင်းကို တရုတ်နိုင်ငံက ပိုသဘောကျပါလိမ့်မည်။
မြန်မာနိုင်ငံသည် အစိုးရနှင့် ပြည်သူ အဆင်ပြေသော နိုင်ငံဖြစ်နေခြင်းထက် အစိုးရနှင့် ပြည်သူ မသင့်မြတ်သောနိုင်ငံ၊ အစိုးရနှင့် ပြည်သူ အစဉ်ပဋိပက္ခ ဖြစ်နေသာ နိုင်ငံဖြစ်နေခြင်းကို ပို၍ သဘောကျပါလိမ့်မည်။
ဤစကားရပ်များသည် လွန်ကဲသောစကားများ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့သော် အမှန်တကယ်လက်တွေ့၌ ယခု လည်း ကျေးဇူးရှင် ဟု ဆိုသူတို့က ဆိုနေကြပါသည်။
မြန်မာပြည်သူတစ်ရပ်လုံး စိတ်ထဲ၌ မမေ့နိုင်သည့် ဖြစ်ရပ် တစ်ခုကား ရှိပါ၏။ မဆလခေတ် အစိုးရထက် ပို၍စောသော တော် လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် အနောက်နိုင်ငံကြီးတစ် နိုင်ငံက ရန်ကုန်-မန္တလေး အဝေး ပြေးလမ်းမကြီး ဆောက်လုပ်ပေး မည့် အကူအညီကို မြန်မာနိုင်ငံကို မကြာခဏ ဝင်ထွက်လာလေ့ရှိသည့် အိမ်နီးချင်းနိုင်ငံကြီးက လမ်းအလယ်၌ သစ်ပင်စိုက်ခိုင်း၍ ယင်း အစီအစဉ် ပျက်သွားရခြင်း၊ ယခုတိုင် ယင်းလမ်းမကြီး မဖြစ်သေးခြင်းတို့အတွက် ပြည်သူများက ယနေ့တိုင် မမေ့နိုင်သေးပါဟု ဆိုပါရစေ။

စိုးမင်းဦး
Source : By D.S. Mathieson FP.com, May 7, 2013.
By B. Litner Azol.com.
By Mzarni Azol.com.
စိုးမင်းဦး
 

No comments: