Thursday, May 30, 2013

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများ ရှိသော်လည်း စွန့်စားလုပ်ကိုင်ရမည်ဟု မက်ကင်ဆေးသတိပေး


မြန်မာနိုင်ငံ၌  ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများ ရှိသော်လည်း စွန့်စားလုပ်ကိုင်ရမည်ဟု  မက်ကင်ဆေးသတိပေး

[Eleven Media Group _ Friday, 31 May 2013]
.
ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံ အဖွဲ့ဖြစ်သော မက်ကင်ဆေး (McKinsey) က မြန်မာနိုင်ငံတွင် မကြာသေးမီက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီများ အနေဖြင့် စွန့်စား  လုပ်ကိုင်ရမည့် အချက်များ ရှိနေကြောင်း ထောက်ပြခဲ့သည်။
.

မက်ကင်ဆေးမှ အကြီးတန်းပညာရှင် တစ်ဦးဖြစ်သော Heang Chhor က မြန်မာနိုင်ငံ  အစိုးရအနေဖြင့် ပထမဦးဆုံး လုပ်ဆောင်ရမည့် အချက်မှာ နိုင်ငံရေး အခြေအနေ  အေးချမ်းတည်ငြိမ်မှု ရရှိရန် သေချာရေး ဖြစ်ကြောင်း၊ ယင်းသည် မြန်မာနိုင်ငံ၏  စီးပွားရေး အလားအလာအတွက် ပထမဆုံး ဦးစားပေး လုပ်ဆောင်ရမည့် အချက်တစ်ချက်  ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မက်ကင်ဆေးသည် မြန်မာနိုင်ငံ၌ နှစ်ဝက်အတွင်း လွတ်လပ်စွာ  လုပ်ဆောင်ခဲ့သည့် သုတေသနနှင့် အင်တာဗျူးများမှ အချက်အလက်များကို  စုဆောင်းခဲ့သည်။
.

မက်ကင်ဆေးမှ ထုတ်ပြန်သော အချက်အလက်များအရ မြန်မာနိုင်ငံသည် အခြေခံ  အဆောက်အအုံများ ခိုင်မာအောင် တည်ဆောက်ပြီး စီးပွားရေးအတွက် လုပ်ငန်းများ  ကျယ်ပြန့်အောင် ချဲ့ထွင်နိုင်မှသာလျှင် မြန်မာနိုင်ငံ၏ စီးပွားရေး ပမာဏသည် ၂၀၁၀  ပြည့်နှစ်က အမေရိကန်ဒေါ်လာ ၄၅ ဘီလျံ ရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၂၀၀  ဘီလျံကျော်အထိ ရှိလာနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
.

McKinsey Global Institute "Myanmar’s moment: Unique opportunities, major challenges" ... Download here (8.9MB) : https://www.box.com/s/akurxw9l79vejbnig0ar
.
McKinsey Global Institute "Myanmar’s moment: Unique opportunities, major challenges" .
.

''မြန်မာနိုင်ငံမှာ အလားအလာကောင်းတွေ ရှိပါတယ်။ ဒေသတွင်းမှာ ကြီးမားတဲ့  ဈေးကွက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနဲ့  ထိုင်းနိုင်ငံအကြားမှာ ရှိနေခြင်းကလည်း အားသာချက်တစ်ခု ဖြစ်နေပါတယ်။ ဒီဒေသဟာ  ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းရှိတဲ့အတွက် ကြီးမားတဲ့ ဈေးကွက်အလားအလာတွေ  ရှိပါတယ်။ တစ်ခုရှိတာက ဒစ်ဂျစ်တယ် နည်းပညာစနစ်တွေ တိုးတက်လာပြီး အဓိကကဏ္ဍ ၇ ခု ဖြစ်တဲ့ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်နဲ့သတ္တုကဏ္ဍ၊  ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းတွေကို ကောင်းမွန်အောင်  အကောင်အထည် ဖော်ခဲ့နိုင်မယ်ဆိုရင် မြန်မာ့စီးပွားရေးဟာ တိုးတက်လာမှာပါ'' ဟု Mckinsey & Company Singapore,Pte Ltd မှ အကြီးတန်းပညာရှင် Heang Chhor က  ပြောကြားခဲ့သည်။
.

မြန်မာနိုင်ငံတွင် နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ရှစ်ရာခိုင်နှုန်း  ရှိလာစေရန်အတွက် လာမည့်ဆယ်စုနှစ် နှစ်ခုအတွင်း အခြေခံ အဆောက်အအုံ သက်သက်အတွက်ပင် အမေရိကန်ဒေါ်လာ ၃၂၀ ဘီလျံ ရင်းနှီးမြှုပ်နှံရန် လိုအပ်ပြီး ပညာရေး အခြေခံ အဆောက်အအုံ  အတွက်လည်း ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်လိမ့်မည်ဟု  မက်ကင်ဆေးက ဆိုသည်။ ကျေးလက်နေ ပြည်သူများ လိုအပ်သည့် ကျွမ်းကျင်မှုများ  ရရှိလာရန်နှင့် လုပ်ငန်းငယ်များကို မြှင့်တင်ပေးရန်တို့ အတွက်လည်း လုံလောက်သော  သင်တန်းအစီအစဉ်များ ချမှတ်လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက သတိပေးခဲ့သည်။
.
.
မြန်မာနိုင်ငံတွင် တိုးတက်ဖွံ့ဖြိုးရန် အလားအလာများ ရှိနေသော်လည်း  အခြားအာရှနိုင်ငံများ၏ အတွေ့အကြုံပေါ်တွင် အခြေခံကြည့်ပါက
  • စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာဘီလျံ ၆၅၀ လိုအပ်နေကြောင်း၊
  • မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစောပိုင်းကာလတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေးနိုင်ရန် နိုင်ငံခြား မတည်ငွေနှင့် ကုန်သွယ်မှုအပေါ် မှီခိုအားထားရန်လည်း လိုအပ်ကြောင်း၊
  • ယခု အချိန်တွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော အရေးယူ ပိတ်ဆို့မှုများကြောင့် စီးပွားရေး ဖွံ့ဖြိုးမှု ရပ်တန့်နေခဲ့သည့်အတွက် ကုန်သွယ်မှုပမာဏ နိမ့်ကျနေကြောင်း၊ ထို့အတူ ကုန်သွယ်ဖက်များ တိုးချဲ့ရန် လိုအပ်နေကြောင်း
မက်ကင်ဆေး၏ ဒါရိုက်တာဖြစ်သူ Richard Dobbs ကလည်း သုံးသပ်  ပြောကြားခဲ့သည်။

.
မြန်မာနိုင်ငံတွင် အခွင့်အလမ်းကောင်းများ ရှိနေသော်လည်း ကြီးမားသည့် မသေချာ  မရေရာမှုများလည်း ရှိနေသေးကြောင်း၊ ပေါ်ပေါက်နေဆဲဖြစ်သည့် တိုင်းရင်းသား လူမျိုးစု  ပဋိပက္ခများနှင့် လူအုပ်စုအလိုက် အကြမ်းဖက်မှုများကို ဖြေရှင်းနိုင်ရန်  လိုအပ်ကြောင်း၊ နိုင်ငံရေးနှင့် လူမှုရေး တည်ငြိမ်မှုရရှိရန် ထိန်းသိမ်းရန်သည်  တိုးတက်မှု အရှိန်အဟုန် ဆက်လက်ဖြစ်ပေါ်ရန်အတွက် အဓိကအချက်ဖြစ်ကြောင်း၊  လက်ရှိဖြစ်ပေါ်နေသော တင်းမာမှုများကို မဖြေရှင်းနိုင်ပါက စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် အကြီးမားဆုံး  ခြိမ်းခြောက်မှု ဖြစ်လာမည်ဖြစ်ကြောင်း Heang Chhor က ပြောကြားခဲ့သည်။
.
http://news-eleven.com/business/19658-မြန်မာနိုင်ငံ၌-ရင်းနှီးမြှုပ်နှံရန်-အလားအလာကောင်းများ-ရှိသော်လည်း-စွန့်စားလုပ်ကိုင်ရမည်ဟု-မက်ကင်ဆေးသတိပေး

No comments: