Thursday, May 30, 2013

ဒီပဲယင်းလုပ်ကြံမှု ၁၀နှစ်ပြည့်ချိန်ဝယ်


----------------
ရေးသားသူ- ဥက္ကာကိုကို၊ အိဖြူလွင်

“ဒီမြို့မှာ...အမျိုးသမီးတစ်ယောက်သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ်” (ဒီပရင်္ဂ-ကြည်မောင်သန်း)ဒီပဲယင်းအရေးအခင်း၊ နိုင်ငံ ရေးလုပ်ကြံမှုတစ်ခု။ သမိုင်းတွင် အမည်းကွက်စွန်းထင်ခဲ့ရသည့် ညတစ်ည။ ထိုညသည် ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက် ညတစ်ညဖြစ်ပါသည်။ ထိုညသည် သွေးစွန်းသည့် ညတစ်ညအဖြစ် ကမ္ဘာကျော်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်စည်းရုံးရေးခရီးရှည်အတွင်း ထိုဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အတားအဆီးများကို တရကြမ်းထိုးဖောက်မောင်းနှင်နိုင်ခဲ့သည့် ယာဉ်မောင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ သော်လည်း ရေဦးမြို့အ၀င်တွင် ၎င်းအပါအ၀င် ကားမောင်းသူ ကိုကျော်စိုးလင်းနှင့်တကွ လုံခြုံရေးလူငယ်အားလုံးကို ဖမ်းဆီးခဲ့ပါသည်။ ခရီးစဉ်တွင် ပါဝင်ခဲ့သူများလည်း နောက်ပိုင်းတွင် အကျဉ်းထောင် အသီးသီးသို့ ရောက်ရှိခဲ့ရသည်။

အဆိုပါ အဖြစ်အပျက်ကြီးဖြစ်ပွားခဲ့သည့်ညသည် ယခုနှစ် မေလ ၃၀ ရက်တွင် ဆယ်နှစ်တိတိပြည့်ခဲ့ပါပြီ။ ကိုယ်တိုင်ကြုံတွေ့ခဲ့ကြသူများကတော့ မနေ့တစ်နေ့ကလိုပင် ရင်ထဲစွဲထင်ဆဲဟု ဆိုကြသည်။ စစ်အာဏာရှင်လက်ထက်တွင်အတိုက်အခံပါတီကြီးတစ်ခုအနေဖြင့်အဆိုးရွားဆုံးရင်ဆိုင်ခဲ့ ရသည့် ဖိနှိပ်မှုတစ်ခုလည်းဖြစ်ပါသည်။

ထိုဖြစ်ရပ်များအပြီး ၂၀၀၄ ခုနှစ်၊ ညောင်နှစ်ပင်အမျိုးသားညီလာခံမခေါ်မီတွင် နေအိမ်အကျယ်ချုပ်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗိုလ်မှူးကြီးသန်းထွန်း၊ ပြည်ထဲရေးဝန်ကြီး ဦးတင်လှိုင်၊ ယခုရဲချုပ်ကျော်ကျော်ဝင်းတို့ သွားရောက်တွေ့ဆုံခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်က ဒီပဲယင်းကိစ္စနှင့်ပတ်သက်၍ မည်သို့မျှမဆိုခဲ့ဘဲ သင်ပုန်းချေသည့် သဘောမျိုးပြောလိုက်သည်ဟု အင်န်အယ်လ်ဒီနာယက ဦးတင်ဦးက ဒီပဲယင်းဆယ်နှစ်ပြည့် အမှတ်တရ ဒီပဲယင်းလုပ်ကြံမှုရှင်းတမ်းစာအုပ်တွင် ပြောခဲ့သည်ကိုတွေ့ရသည်။

ထိုနောက်ပိုင်းတွင်လည်း ဒီပဲယင်းလုပ်ကြံမှုနှင့်ပတ်သက်သည့် အသေးစိတ်ဖြစ်စဉ်များကို ပြန်လည်ဖော်ထုတ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ တစ်စုံတစ်ရာပြုလုပ်ခြင်းမရှိတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ဖွင့်ဟပြောဆိုခြင်းမရှိပေ။ သေဆုံး၊ ဒဏ်ရာရသူအရေအတွက် မည်မျှရှိခဲ့သည်ကိုလည်း ယနေ့အထိတိကျသော ထုတ်ပြန်ချက်ထုတ်ပြန်ခြင်းမရှိသေးပေ။ ယခုနောက်ပိုင်းတွင်သာ ဒီပဲယင်းလုပ်ကြံမှုကြီး အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ကာဖြစ်ရပ်မှန်ကို ဖော်ထုတ်သင့်ကြောင်း၊ လက်စားချေရန်မဟုတ်ဘဲ နောင်လာနောက်သားများ တစ်ဖက်နှင့် တစ်ဖက်သင်ခန်းစာယူနိုင်ရန်သာဖြစ်ကြောင်း ပြောဆိုလာခဲ့ကြသည်။

ယခုနောက်ဆုံး နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်နေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ဒီပဲယင်းအရေးတော်ပုံ
အတိတ်ဆိုးကို ငြိမ်းချမ်းစွာ ပြီးဆုံးသွားလိုပုံရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီပဲယင်းလုပ်ကြံမှုအချိန်က တပ်မတော်အစိုးရတွင် စစ်ရေးချုပ်တာဝန်ထမ်းဆောင်နေခဲ့သည့် ယခုလက်ရှိ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် လက်တွဲကာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဆက်လက်ချီတက်လျက်ရှိပါသည်။

၂၀၀၃ ခရီးစဉ်တွင်ပါဝင်ခဲ့ပြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရသူများအနက်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့် ဒေါ်အောင် ဆန်းစုကြည်ကို ဘေးအန္တရာယ်မှ လွတ်မြောက်စေရန် စွန့်စားမောင်းနှင်ပေးခဲ့သူ ကိုကျော်စိုးလင်းတို့အား 7Day Daily သတင်းစာမှ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါသည်။
----------------------------------------------------------------------
ဦးတင်ဦး
(နာယက၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)


ဒီပဲယင်းလုပ်ကြံမှုဖြစ်တဲ့ညကကျည် ရွာမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်မြင်ကွင်းလေးကို မှတ်မိသ
လောက်ပြောပြပါ။
ဘဘစီးလာတဲ့ကားက ကျည်ရွာလွန်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကားက ကျည်ရွာထဲမှာ ကျန်ခဲ့တယ်။
သူတို့ထွက်လာပြီဆိုတာနဲ့ ကိုယ့်ကားပြန်ထွက်တဲ့အခါမှာ သူတို့ကားက ကျည်ရွာမှာ ရပ်သွားပြန် ပြီလို့ ပြောတယ်။
နောက်ပြန်ထွက်လာပြီလို့လည်းပြောရော နောက်က ဘာတွေပါလာလဲဆိုတော့ မော်တော်ဆိုင်ကယ်တွေနဲ့ ဘုန်းကြီးတွေ
ရောလူတွေရော အများကြီးပဲ။ လူ ငယ်တွေက ဘုန်းကြီးတွေကို ဆိုင်ကယ်မှာတင်ပြီးတော့ ဘဘတို့ကို
“ဒေါ်အောင်ဆန်းစုကြည်တို့ကို နောက်မှာရိုက်နေပြီ ရိုက်နေပြီ”လို့လာပြောတယ်။ ဘဘတို့ကားနဲ့ ဒေါ်အောင်
ဆန်းစုကြည်တို့ကားနဲ့ ကိုက်သုံးဆယ်လောက်ဝေးတယ်။ သူတို့က ဘဘတို့ကို ကားပေါ်ကမဆင်းပါနဲ့။
လုံခြုံရေးနဲ့ပတ်သက်ပြီး သူတို့ တာဝန်ယူမယ်လို့ပြောတယ်။ ဘဘကလည်း ငါဆင်းလိုက်မယ်ဆိုပြီးတော့
ဆင်းလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကားနားကို ရောက်တော့ နောက်မှာရိုက်ကုန်ပြီလို့ ပြောလိုက်တော့
ဒေါ်အောင်ဆန်းစုကြည်က သိတယ်လို့ပြောတယ်။ ဒါဆို မြန်မြန်သွားလို့ပြောတော့ သူတို့ကို ကြည်ညိုသူလူတွေ၊
လိုက်ပို့တဲ့ သူတွေကို ရိုက်တဲ့အတွက် မသွားနိုင်ဘူးဆိုပြီးနေတယ်။
အဲဒီမှာ စိတ်ပူသွားတယ်။ ဘဘက စစ်သားကလာတဲ့သူဆိုတော့ ဒီပဲယင်းလောက်၊ မတ္တရာလောက်
ရောက်ရင် လွတ်နိုင်တယ် ဆိုတာသိတယ်။ ဒီပဲယင်းက နှစ်မိုင်၊ သုံးမိုင်လောက်ပဲလိုတော့တယ်။ နောက်မှာ
မီးတောက်တွေတက်လာပြီး မီးလောင်နေတယ်။ နောက်ကကားတစ်စီးက မီးထွန်းထားပြီးတော့ ဖုန်လုံး
တွေနဲ့ေ၀၀ါးနေတဲ့အချိန်မှာ ရိုက်ကြ၊ ချကြဆိုတဲ့ အသံတွေ ကြားနေရတယ်။ အဲဒါနဲ့ ဒေါ်အောင်ဆန်းစုကြည်
ကားနားကို မြန်မြန်ပြန်ပြေးပြီး နောက်မှာ အရမ်းကပ်နေပြီဆိုပြီး သွားပြောတော့ သူကမသွားဘူး။ အဲဒီအချိန်မှာ
သင်္ကန်းဝတ်နဲ့ နှစ်ယောက်ရောက်လာတယ်။ လက်မှာအမှတ်အသားနဲ့ တုတ်နဲ့၊ သင်္ကန်းကို မပြုတ်အောင် ချည်ဝတ်ထား
တယ်။ သူတို့က ရိုက်မယ်လို့လုပ်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ ကိုတိုးလွင်က “ဒါ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကား။ သူ့ကိုရိုက်ရင် မင်းတို့ဘာဖြစ်သွားမယ်ဆိုတာ သိလား”လို့ ပြောတော့ စက္ကန့်ပိုင်းလောက်
တန့်သွားတယ်။ အဲဒီမှာပဲ ခဲတွေ ကျလာတယ်။
ဘဘကလည်း “ဟေ့ကောင်တွေ မလုပ်နဲ့”လို့ လှမ်းအော်လိုက်တယ်။ နောက်ကနေလူတွေထပ်
ရောက်လာတယ်။ လက်မှာ အမှတ်အသားအဖြူနဲ့ ပုဆိုးတိုတိုဝတ်ထား တဲ့လူတွေက “ရိုက်ဟ၊ ရိုက်ဟ” လို့
အော်ကြတယ်။ ဘဘကိုရိုက်တာကို ဘဘက ရှောင်လိုက်တော့လဲသွားပြီး မထိဘူး။ အဲဒီမှာ ကားဘေးကကုန်းအထမှာ
ကားကထွက်သွားတော့ သူတို့လွတ်သွားပြီဆိုပြီး ၀မ်းသာသွားတယ်။ ရိုက်တဲ့လူတွေကလည်း ကားနောက်က ပြေးလိုက်
သွားကြတယ်။ ကားကိုမမီတော့မှ ပြန်လှည့်လာကြပြီးတော့ ဘဘရဲ့တောင်းအေ့စ်ကားကို ၀ိုင်းရိုက်ကြတယ်။
တောင်းအေ့စ်ကလည်း မောင်းထွက်သွားတဲ့အခါကျတော့ ဘဘလည်းမမီဘဲ ကျန်ခဲ့တယ်။
ကားတွေလွတ်သွားပေမယ့် ကိုယ်ကစစ်သားဆိုတော့ သူတို့ ရိုက်ဦးမယ်ဆိုတာ သိနေတယ်။ အဲဒါနဲ့ ဘေးက
မြေလမ်းလေးကိုဆင်းပြီး အမှောင်ထဲကနေ သူတို့ကို ကြည့်နေ လိုက်တယ်။ နောက်ဆုံးလူတွေ လွန် သွားတော့မှ
ဘဘလည်းပြေးတော့တာ။ ခြေထောက်လည်းရောင်သွားတယ်။ ပြေးရင်းနဲ့ တော်တော်ကြာတော့
ရှေ့မှာလူတစ်ယောက် တွေ့တယ်။ ဟိုလူတွေပြန်သွားပြီဆို တော့ ဒါတို့လူပဲလို့ထင်ပြီး ဘယ်သူလဲလို့မေးလိုက်တော့
လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာဝင်းအောင်ဖြစ်နေတယ်။ အနားရောက်တော့ သူကလည်း ပါးစပ်မှာကွဲပြီး တော့
သွေးတွေရင်ဘတ်တစ်ခုလုံးစိုရွှဲနေတာပဲ။ ဒါနဲ့ နှစ်ယောက်ရှေ့ကို ဆက်လျှောက်သွားကြတယ်။
သွားနေရင်းနဲ့ နောက်ဘက်က“မန်းတစ်ဒီကိုလာ၊ မန်းနှစ်ဒီကိုလာ”ဆိုပြီး သူတို့လူတွေကို စုနေတဲ့
အသံကြားနေရတယ်။ မန်းဆိုတော့ ဒါ မန္တလေးကလာတဲ့လူတွေပဲလို့ ထင်လိုက်တယ်။
ဒီအရေးအခင်းမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့အသက်ကို ကယ်ခဲ့တယ်ဆိုပြီး ဦးခင်ညွန့်က ပြောခဲ့တယ်လို့ သတင်းတွေ
ထွက်လာခဲ့သေးတယ်။ အဲဒီသတင်းတွေအပေါ် ဘဘရဲ့အမြင်က ဘယ်လိုရှိလဲ။
အဲဒီဖြစ်ရပ်နောက်ပိုင်းမှာ နောက်ဆုံးကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ပို့လိုက်တာပဲ
အိမ်ပို့တာမှ မဟုတ်တာ။ အိမ်ကနောက်မှပို့တာ။ ကယ်တယ်ဆိုတာကတော့...။ တစ်ခုရှိတယ်လေ။
သူကထောက်လှမ်းရေးပဲလေ။ သူပြောချင်သလို ပြောမှာပေါ့။

ဒီဖြစ်ရပ်မှာ အရင်အစိုးရလက်ထက် ၀န်ကြီးဦးအောင်သောင်းတို့ ကွယ်လွန်သွားတဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး
စိုးဝင်း (ထိုစဉ်က နမခတိုင်းမှူး) တို့က တာဝန်မကင်းဘူးလို့ ပြောနေကြတုန်းပဲ။ အဓိကတရားခံက ဘယ်သူလို့ထင်လဲ။
အဲဒါတော့ ခဏခဏအဲ့လို စွပ်စွဲကြတာပဲ။ သေသွားတဲ့ ၀န်ကြီးချုပ်စိုးဝင်းလို့လည်း ပြောတာပဲ။ တစ်ခု
တော့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဟာမျိုးလုပ်တယ်ဆိုတာ အထက်က မီးစိမ်းမပြဘဲနဲ့ လုပ်လို့မရဘူး။ အမှန်ကတော့
ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းထဲက စပွန်ဆာလုပ်ပြီး ချတယ်လို့ထင်တာပဲ။ လုပ်တာကတော့ သေသေချာချာ စည်းဝါး
ကိုက်ပြီးလုပ်တာ။ ဘဘတိုင်ချက် ဖွင့်ခဲ့တဲ့အထဲမှာတော့ ဒါက အပေါ်ကနေ သေသေချာချာတာဝန်ရှိတဲ့ သူတွေက
ကွပ်ကဲပြီးတော့ ကြံ့ခိုင်ရေးအသင်း (သို့မဟုတ်) စွမ်းအားရှင်ဆိုတဲ့လူတွေက ကြပ်မတ်ဆောင်ရွက်တာဖြစ်မယ်လို့
ရေးခဲ့တယ်။ လမ်းမှာတစ်လျှောက်လုံး သူတို့တွေ ပဲတွေ့လာတာ။ နောက်ပိုင်းထွက်လာတဲ့ အသံဗလံတွေ အားလုံးက
တော့ စိုးဝင်းဆိုတဲ့ ၀န်ကြီးချုပ်လုပ်တာလို့ ပြောကြတယ်။

သေဆုံးသူစာရင်းကို အစိုးရက ထုတ်ပြန်ထားတဲ့ အရေအတွက်နဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
သေတာက သူတို့ပြောတဲ့ လေး၊ ငါးယောက်တော့မကဘူ။ ဘဘတို့ သိတာကတော့ ကျည်ရွာကလူတွေ ကို
ဆင်းရိုက်တော့ ကျည်ရွာသားတွေက မခံဘူးဆိုပြီးတော့ သူတို့ရဲ့ ဒိုင်နာကားကိုမီးရှို့လိုက်တယ်။
နောက်ကျည်ရွာတင်မကဘူး။ အနီးအနားမှာရှိတဲ့လူတွေကပါ ငါတို့ရွာကို လာစော်ကားတာ မခံဘူးဆိုပြီးတော့ပေါ့။
ပထမတော့ အရိုက်ခံရတယ်။ နောက် အပြန်အလှန် ရိုက်ကျန်ခဲ့ကြတယ်။
ဒီအရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ရင်း အသက်ဆုံးသွားတဲ့လူတွေ၊ ဒုက္ခိတဖြစ်သွားတဲ့ လူတွေအတွက်

အင်န်အယ်လ်ဒီကဘာတွေ လုပ်ပေးထားတာရှိပါသလဲ။
ဒေါ်အောင်ဆန်းစုကြည်ထောက်ပံ့ပေးထားတယ်။ လုပ်ငန်းထူထောင်ပေးထားတာရှိတယ်။ အစီအစဉ်နဲ့
လုပ်ပေးထားတာတွေရှိတယ်။

ဒီအရေးမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ယောက်ယောက်က တရားဥပဒေအရ တုံ့ပြန်ချင်တယ်ဆိုရင် အဖွဲ့ချုပ်ဘက်က
ဘယ်လိုစီစဉ်ပေးမလဲ။
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားတစ်ခွန်းရှိတယ်။ ကျွန်မက ဒီပဲယင်းကိစ္စနဲ့ပတ်သက်ပြီး ကျွန်မလူတွေ
ပြေရာပြေကြောင်း၊ ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်း ပြောရမယ့် တာဝန်က အင်မတန်ကြီးတယ်။ ကျွန်မကိုယ်တိုင်
ကျွန်မလူတွေအ တွက် အသက်စွန့်ပြီးပြောရမယ်။ သူ့ ရဲ့ဘေးအန္တရာယ်ကိုပါ ရင်းပြီးတော့ ပြောထားတာ။ အဲဒီတော့
ဘဘတို့ က ဒါနဲ့ပတ်သက်ပြီး မခံမရပ်နိုင်တဲ့ သူတွေ အများကြီးရှိပါတယ်။ အင်န်အယ်လ်ဒီပြောတာက စုံစမ်းရေး
ကော်မရှင်ဖွဲ့ရမယ်။ ဒီအဖွဲ့ဆိုတာက ဘယ်သူ့မှ အရေးယူဖို့မဟုတ်ဘူး။ဘယ်သူ့မှအပြစ်တင်ဖို့မဟုတ်ဘူး။ ဒါနဲ့
ပတ်သက်တဲ့ ဖြစ်ရပ် အမှန်ကို ပြည်သူကို တင်ပြပြီး နောင်ဒါမျိုးမဖြစ်ဖို့ ဒါပဲ။ အခုလည်းပဲ အမေရိကား
ရောက်နေတဲ့လူတွေထဲမှာ မကျေနပ်တာတွေ ပြောနေကြတာ ရှိနေတာပဲ။ ဒါ လူတစ်ယောက်ရဲ့ အခွင့်အရေးပဲ
မကျေနပ်တာကို ပြောပိုင်ခွင့် ရှိပါတယ်။

အစိုးရဘက်ကတော့ နောက်ကြောင်း ပြန်မလှည့်ဖို့ ပြောထားတယ်။ တစ်ဖက်ကလည်း တရားဥပဒေစိုးမိုးရေးက
လိုအပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကော်မတီမှာ ဥက္က ဋ္ဌဖြစ်နေတယ်။ အင်န်အယ်လ်ဒီကရော ဒီကိစ္စကို
ဘယ်လို ရှေ့ဆက်မှာလဲ။
ခုနကပြောသလို စုံစမ်းရေး ကော်မတီဖွဲ့ပြီး ဒါတွေအပေါ်မှာ သင်ခန်းစာယူပြီးတော့လုပ်ရမယ်။ ဒါကြောင့်မို့
ဥပဒေစိုးမိုးရေးဆိုတာ က အစွန်းရောက်တဲ့သူတွေ၊ အကြမ်း ဖက်တဲ့သူတွေ ဘယ်ဘက်က လာလာ လက်မခံဖို့၊
စုံစမ်းရေး ကော်မတီ ဖွဲ့ဖို့ တောင်းဆိုနေတာက ဒီနေ့ထိ မပြတ်သေးဘူး။

ဒေါ်အောင်ဆန်းစုကြည်က စေ့စပ်ညှိနှိုင်းရေးကို အခြေခံပြီး လုပ်ဆောင်နေတာကြောင့် ဒီပဲယင်းကိစ္စကို
အစပြန်မဖော်တာလို့ တချို့ကပြောနေကြတယ်။ အဲဒီအပေါ်မှာ ရောဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။
မဟုတ်ဘူး၊ မဟုတ်ဘူး။ နဂိုမူလက ဒီကိစ္စတွေ ဘာမှမလုပ်ခင်ကတည်းက ဒီဟာနဲ့ပတ်သက်တာ အားလုံးကို
အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင်တယ်။ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်
ချထားတဲ့အချိန်၊ညောင်နှစ်ပင် ညီလာခံလည်း ခေါ်မယ်လုပ်နေတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်ဆီကို ဗိုလ်မှူးကြီး သန်း
ထွန်း၊ ပြည်ထဲရေးဝန်ကြီး ကိုတင်လှိုင်တို့၊ ကိုကျော်ကျော်ဝင်းတို့ လာတွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က
ဒီပဲယင်းနဲ့ ပတ်သက်တဲ့ ကိစ္စဘာမှမပြောဘူး။ သင်ပုန်းချေတဲ့ သဘောမျိုးပြောလိုက်တယ်။ နောက်တစ်ခါ သူတို့
လာပြန်ပြောတဲ့အခါ အစ်မတို့ဘက်က ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှမပြောတော့ဘူး။ သင်ပုန်းချေမယ်လို့ ပြောတဲ့အခါ ဟို
ဘက်က သူတို့လူကြီးက အရမ်းဝမ်းသာတယ်လို့ ပြောတယ် အစ်မရေဆိုပြီးလာပြောတယ်။ ဒါကြောင့်မို့
စုံစမ်းရေးကော်မတီအဖွဲ့က ဘယ်သူ့ကိုမှ အရေးယူဖို့မဟုတ်ပါဘူး။ ဖြစ်ရပ်မှန်ကို နောင်လာနောက်သားတွေ
ထပ်မဖြစ်အောင် ဟိုဘက် ဒီဘက် သင်ခန်းစာယူကြပါ။ ဒါပါပဲ။

No comments: