Wednesday, May 29, 2013

CJ တွေနဲ့ ဘလော့၊ လူမှုကွန်ရက်တို့ရဲ့ ပုံသဏ္ဍန်များ


 
ဒီနေ့ခေတ်အစားဆုံး စကားလုံးက အင်တာနက်ဆိုရင် အင်တာနက်သုံးသူတိုင်းအတွက် ခေတ်အမီဆုံးစကားလုံးက ဆိုရှယ် နက်ဝေါ့ဆိုတဲ့ လူမှုကွန်ရက် တွေကို သုံးခြင်းပါပဲ။
ဒါက မြန်မာနိုင်ငံမှာ တွေ့ရမယ့် အင်တာနက်စီးကြောင်းရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေအနေနဲ့ အင်တာနက်ကို ပိုမို ပွင့်လင်းစွာ သုံးစွဲနိုင်လာတဲ့ လက်ရှိအချိန်မှာ လက်ထဲက ဖုန်းကို တစ်ချက်ဖွင့်လိုက်တာနဲ့ အင်တာနက် Access အလွယ်တကူ ရနိုင်ပါပြီ။ ဒါကြောင့်လည်း သတင်း အချက်အလက် စီးဆင်းမှုဟာ အင်တာနက်မှာ အဓိကမြစ်ဖျားခံ နေပါတယ်လို့ ယခင်အပတ် ဆောင်းပါးတွေထဲမှာ ရေးသားခဲ့ တာဖြစ်ပါတယ်။
သတင်းခေတ်ထဲမှာ သတင်းရင်းမြစ်တွေ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ မူလရှိနေတဲ့ Mainstream Media တွေအပြင် အွန်လိုင်း က သတင်းရင်းမြစ်တွေကလည်း ယခင်ထက် ပိုပြီး ခိုင်မာလာပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ အသုံးအများဆုံး အွန်လိုင်း သတင်း ဖြန့်ချိရေး ပလက်ဖောင်းတစ်ခုက Social Network ဖေ့စ်ဘုတ်ပဲ ဖြစ်ပါတယ်။
နာမည်ကျော် သတင်းစာတွေကအစ အွန်လိုင်းမီဒီယာ သက်သက် တည်ထောင်ထားတဲ့ သတင်းဌာနတွေ၊ အစိုးရသတင်း ထုတ်ပြန်ရေးအတွက် တာဝန်ယူထားသူတွေ၊ ဝါသနာရှင် သတင်းသမားတွေကပါ အွန်လိုင်းသတင်း လောကကို သက်ဝင်လှုပ် ရှားနေ စေပါတယ်။
အဲဒီသတင်းဖြန့်ချိသူများထဲမှာ တစ်မူထူးနေတာက သတင်းထောက်စစ်စစ် တစ်နည်းအားဖြင့် Professional Journalist တွေ မဟုတ်ကြတဲ့ ဝါသနာရှင် တစ်ကိုယ်တော်သတင်းသမား Citizen Journalist (CJ)  တွေပါ။
စီဂျေဆိုတာကို အရှင်းဆုံးပြောရရင်တော့ အခါအားလျော်စွာ သတင်းထောက်ဖြစ်သွားတဲ့ သတင်းထောက် မဟုတ် တဲ့သူတွေ ဖြစ် ပါတယ်။ Professional သတင်းထောက်တွေလို အမြဲသတင်းလိုက်နေတာမဟုတ်ဘဲ မျက်စိရှေ့မှာ လျှပ်တစ်ပြက် မြင်တွေ့လိုက်ရ တဲ့ ထူးခြားတဲ့ဖြစ်ရပ် သို့မဟုတ် သမားရိုးကျမဟုတ်တဲ့ ဖြစ်စဉ်တွေကို ပြည်သူဆီ တင်ပြပေးတဲ့ အပျော်တမ်းသတင်းသမား များလို့ လည်း ပြောလို့ရပါတယ်။ အပျော်တမ်းသတင်းသမား ဆိုပေမယ့် မျက်စိရှေ့မှာ တစ်ခုခု ထူးခြားနေပြီဆိုတာနဲ့ စာဖတ်သူ၊ နား ထောင်သူတွေဆီ အရောက်ပို့ပေးတတ်လို့ သူတို့ဟာ အားကိုးရတဲ့ သတင်းသမားအုပ်စု ဖြစ်နေပါတယ်။
စီဂျေတွေကို တချို့က ပြည်သူကြားက ပြည်သူ့သတင်းသမားများလို့လည်း ခေါ်ကြပါတယ်။ သူတို့ဟာ အခါအခွင့်သင့်တာရယ်၊ ဝါသနာအခံရယ် နှစ်မျိုး ပေါင်းစပ်လိုက်တဲ့အခါ Citizen Journalist  တွေ ဖြစ်လာပါတော့တယ်။  
စီဂျေတစ်ယောက် ဖြစ်လာဖို့က ကိုယ်တိုင်တောင် ကြိုတင်သိချင်မှသိပါလိမ့်မယ်။ လက်ထဲမှာ ဓာတ်ပုံရိုက်နိုင်မယ့်ကိရိယာ တစ်ခုခု၊ ဥပမာ-ဒစ်ဂျစ်တယ်ကင်မရာ အသေးစားတစ်ခု ဒါမှမဟုတ် ကင်မရာပါတဲ့ လက်ကိုင်ဖုန်းတစ်လုံးရှိနေရင် မိမိရှေ့က ထူးခြား ဖြစ်ရပ် တစ်ခုခုကို သတင်းတစ်ပုဒ်အသွင် ချရေးဖို့ အသင့်ဖြစ်နေပါပြီ။ တစ်ခါတလေတော့ ကင်မရာမပါလို့ သတင်းချည်း သက်သက် ပေးရ တဲ့ စီဂျေတွေလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းခိုင်မာတယ်ဆိုရင် စီဂျေတာဝန် ကျေပြီလို့ ဆိုနိုင်ပါတယ်။
သတင်းတစ်ပုဒ်လက်ထဲ ရောက်လာတဲ့အခါ အဲဒီသတင်းကို ပြည်သူလူထုထဲကို ရောက်အောင် ဖြန့်ဖို့ကလည်း အရေးကြီးပါတယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ဆိုတဲ့ စာနယ်ဇင်းတွေအပြင် အွန်လိုင်း က ဘလော့၊ လူမှုကွန်ရက်တွေနဲ့ တစ်ခါတလေ လက်ကမ်း စာစောင် တွေကိုလည်း သတင်းဖြန့်ဖို့ ပလက်ဖောင်းအဖြစ် အသုံးပြုနိုင်ပါတယ်။
အဆိုပါနည်းလမ်းတွေထဲမှာ စီဂျေတွေအသုံးအများဆုံး နည်းလမ်းကတော့ အွန်လိုင်းက တစ်ဆင့် ဖြန့်ချိခြင်းဖြစ်ပါတယ်။ အင်တာနက်ကို ဖုန်းခလုတ် တစ်ချက်ဖွင့်လိုက်တာနဲ့ အလွယ်တကူ Access ရနေတဲ့ခေတ် ဖြစ်တာကြောင့် အွန်လိုင်းက ဘလော့ပေါ်တင်ခြင်းနဲ့ လူမှုကွန်ရက်ကတစ်ဆင့် Update Status မှာ Post အဖြစ်တင်ခြင်းအားဖြင့် အများထံ သတင်းပေးပို့ကြလေ့ ရှိပါတယ်။
ကမ္ဘာသိ သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ CNN ရဲ့ ဝက်ဘ်ဆိုက်မှာ နိုင်ငံတကာက စီဂျေတွေအတွက် iReport  ဆိုတဲ့ အထူး ကဏ္ဍ တစ်ခု ထည့်သွင်းပေးထားပါတယ်။ စီဂျေတွေဟာ iReport  ကဏ္ဍမှာ   Sign Up  ပြုလုပ်ထားလိုက်တာနဲ့ အချိန်မရွေး နေရာ မရွေး တဲ့ သတင်းမျိုးစုံကို CNN သတင်းဆိုက်ပေါ် လွှင့်တင်ပြီး ကမ္ဘာကို တင်ပြနိုင်မှာဖြစ်ပါတယ်။ iReport သတင်းများနဲ့ ပတ်သက် ပြီး နောက်တစ်ပတ်မှာ အကျယ် ရေးသားတင်ပြပါဦးမယ်။
စီဂျေတွေဟာ အဲဒီလို အွန်လိုင်းသတင်းဖြန့်ဝေမှုတွေကို အများဆုံး ပြုလုပ်ကြတဲ့အတွက် အင်တာနက်သတင်းလောကကို သူတို့က အများဆုံး လွှမ်းမိုးထား တယ်လို့လည်း ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ အသုံး အများဆုံး လူမှုကွန်ရက်ဖြစ်တဲ့ Facebook  ပေါ်မှာတင် အပျော် တမ်းသတင်းတင်ဆက်သူ စီဂျေ တွေက လက်ညှိုးထိုးမလွဲပါပဲ။ Facebooker တိုင်းလိုလို စီဂျေဖြစ် ဖူးသူတွေချည်းတောင် ဖြစ်နိုင်ပါသေးတယ်။ လူမှုကွန်ရက်ထဲမှာ အချိန်နဲ့ အမျှ တက်တက်နေတဲ့ Update Status တွေရဲ့ ၇ဝ ရာခိုင်နှုန်းဟာ သတင်းဝေမျှမှုတွေ ဖြစ်တယ်လို့ Facebook ကပြုလုပ်တဲ့ စာရင်းတွေအရ သိရပါတယ်။ ကျန် ၃ဝ ရာခိုင်နှုန်းကတော့ ပုဂ္ဂလိကခံစားမှုနဲ့ တခြားဝေမျှမှုတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဖေ့စ်ဘုတ်လောကကို ကြည့်မယ်ဆိုရင်  Professional Journalist တွေအပြင် နာမည်ကျော် စီဂျေတွေကိုပါ တွေ့ နိုင် ပါတယ်။ စီဂျေတွေဆိုတာ မိမိ ကိုယ်မိမိ သတင်းထောက်တစ် ယောက်ပါလို့ မခံယူထားပေမယ့် အခါအခွင့်သင့်တာနဲ့ ပြည်သူ့ထံ သတင်းပေးပို့ဖို့ ဝန်မလေးသူတွေ ဖြစ်ပါတယ်။
ဖေ့စ်ဘုတ်ဆိုတဲ့  Social Network  ရဲ့လားရာက လောလောဆယ်တော့ သတင်းမျှဝေမှု ဘက်ကို အလေးသာနေပါ တယ်။ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး စတဲ့ သတင်းအမျိုးအစားအစုံအလင် ဖေ့စ်ဘုတ်မှာ တွေ့နိုင်ပါတယ်။ ''သမီးလေး နေမကောင်း လို့ ဆေးခန်း သွားပြတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဖော်ရွေမှုကြောင့် ကျေနပ်မိတယ်၊ သမီးလေးလည်း တစ် ရက်တည်း နဲ့ နေပြန်ကောင်းသွား ပြီ'' ဆိုတဲ့ မက်ဆေ့ခ်ျမှာဆို ပုဂ္ဂိုလ်ရေးကိစ္စအပြင် တိုးတက်လာတဲ့ ကျန်းမာရေးဝန်ဆောင်မှုအပိုင်းကို ပါ တစ်စိတ်တစ်ပိုင်းသိနိုင်ပါတယ်။
တစ်ဖန် စီဂျေတွေဟာ ကိုယ်ပိုင်ဘလော့တွေလည်း ရှိ တတ်ကြပါတယ်။ သူတို့ရဲ့ဘလော့ ပေါ်မှာ နေ့စဉ် Post တွေတင်တဲ့ အခါ တချို့က နေ့စဉ်ဒိုင်ယာရီ သဘောမျိုး တင်တတ်သလို တချို့ကလည်း နေ့စဉ်သတင်းပုံစံမျိုး တင်တတ်ပါတယ်။ တစ်ခါတလေ သူတို့ရဲ့ ဘလော့တွေဟာ  Professional သတင်းဘလော့တွေထက် တောင် လူဝင်ကြည့်များနေတတ် ပြီး နေ့စဉ် ပုံမှန်ဝင်ကြည့်တဲ့ ပရိသတ်လည်း အခိုင်အမာ ရှိကြပါတယ်။ ရံဖန်ရံခါ ဆိုသလို သတင်းဌာနကြီးတွေတောင်မှ စီဂျေတွေရဲ့ သတင်းဘလော့တွေထဲက မှီငြမ်းရ တာမျိုးတွေပါ တွေ့ရပါတယ်။
သတင်းတွေကို ဘလော့ပေါ်တင်ရာမှာလည်း တချို့က သတင်းပုံစံတွေ ခွဲထားတတ်ပါ သေးတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းတွေကို ကဏ္ဍအလိုက် ခွဲပေးထားတာအပြင် သုံးသပ်ချက်၊ ဆောင်းပါးကဏ္ဍတွေပါ တခုတ်တရ ထပ်မံထည့်သွင်း ရေး သားပေးတတ်ပါတယ်။ စီဂျေတာဝန်အပြင် သုံးသပ်ဝေဖန်ထောက် ပြမှုတွေပါ ပြုလုပ်တဲ့ တစ်ဆင့်မြင့် စီဂျေလို့ ကျွန်မတော့ မြင်ပါ တယ်။ သူတို့လို စီဂျေတွေ ပိုပိုများပြား လာဖို့ကို ကြိုဆိုရမှာဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံ့မဏ္ဍိုင်တစ်ရပ် သဖွယ်ဖြစ်လာပြီး တိုင်းပြည်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်လို့လည်း အစိုးရအဖွဲ့ကိုပါ Check and Balance ပြုလုပ် ပြီး စောင့်ကြည့် ထိန်းညှိပေးနိုင်လာလိမ့် မယ်လို့ မျှော်လင့်ပါတယ်။
ကလျာအိအိလွင်
 

No comments: