Wednesday, May 29, 2013

ချိုကျိုးနွားလား ဒွန်းစဏ္ဍား နဲ့ ခေတ်သစ်လောက်ဖျားများ


ဖိုးပါ
                               
လောက်ဖျားဆိုလို့ မွန်ရာဇဝင်လာ မြောင်းမြစား လောက်ဖျားအကြောင်း ပြောမလို့မဟုတ်ပါ။ သစ္စာဖောက်လောက်ကောင်လို့ တင်စားခဲ့ရတဲ့ လောက်တွေတောင် ကြားရင် ဖြုံသွား၊ ဖျားသွား လောက်တဲ့ ကျုပ်တို့ တော်လှန်ရေးထဲက ဖောက်ပြန်နိုင်လွန်း၊ စားဝါးနိုင်လွန်း၊ ကိုယ်မှီခိုရာကို ကိုယ်ဖျက်ဆီးနိုင်လွန်း တဲ့ လောက်ဖျားတွေအကြောင်း ပြောမလို့ပါ။
ဗမာစကားမှာ “ငါးပိနဲ့ လောက် စိန်နဲ့ ကျောက်”လို့ ဆိုရိုးစကားတခုရှိတယ်။ အကောင်းထဲမှာ အဆိုး၊ အဆိုးထဲမှာ အကောင်းရှိတတ်တာကို ရည်ညွန်းပြီး ဆိုတာပါ။ အဆိုးနဲ့အကောင်း ဒွန်တွဲ ရှိတတ်တဲ့ လောကဓမ္မ သဘာဝကို ဖော်ပြတာလို့လည်း ပြောနိုင်ပါတယ်။

ငါးပိဆိုတာကတော့ မြေပြန့်နေ ဗမာတိုင်းရင်းသား အားလုံးအတွက် အကောင်းဆုံး ခံတွင်းမိန် စားဖွယ် အာဟာရပါပဲ။ အဲဒီလောက်ကောင်းတဲ့ ငါးပိထဲမှာ စက်ဆုတ်ရွံရှာ မသတီဖွယ်ရာလောက်တွေ ပေါက်ဖွား ကိန်းအောင်းနေလေ့ရှိတယ်။ ဇီဝဗေဒ သဘောအရတော့ လောက်လန်းဆိုတာ အတောင်ပါ ပျံသန်းနိုင်တဲ့ ယင်လို ပျားလို အင်းဆက်ပိုးမွှားတွေရဲ့ သန္ဓေသားလောင်းတွေ။ ဒီလောက်လန်း တွေဟာ ငါးပိအပြင် သစ်သီးသစ်ဥတို့၊ မစင်အညစ်အကြေး၊ အပုပ်အစပ်များ၊ သတ္တဝါ အသေကောင်တွေ၊ ထိခိုက်ဒဏ်ရာတွေကတဆင့် ဝင်ရောက်ပြီး သက်ရှင်နေတဲ့ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်တွေမှာ မှီခိုကြီးပွားကြတယ်။ ဒီလောက်တွေရဲ့ သဘာဝကိုက သူတို့မှီခိုကျယ်လည်ရာကို စားသောက်ဖျက်ဆီးပြီး ရှင်သန်ကြရတယ်။ လောက်တွေဟာ ခိုလှုံရာ အဆောက်အဦးရဲ့ အတွင်းကျကျ အချက်အချာတွေမှာ စွဲမှီတတ်တော့ တော်ရုံနဲ့တော့ မထင်သာ မမြင်သာပေဘူး။ ထင်သာမြင်သာဖြစ်ပြီဆိုရင်တော့ အဲဒီခန္ဓာ၊ အဲဒီသတ္တဝါ အတော်အခြေအနေဆိုးသွားပြီ။ ဒီတော့ လောက်တွယ်ရင်ဘဲ အဲဒီသတ္တဝါ သေမယ်သာ ပြင်ပေတော့။
ကျုပ်တို့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ထူထောင်ရေး၊ တော်လှန်ရေးဆိုတဲ့ အပုပ်နံ့တထောင်းထောင်းနဲ့ ငါးပိအိုးကြီးလဲ အနှစ် (၂၀)ကြာ အတွင်းကြိတ် လှိုက်စားလာခဲ့တာ အခုတော့ ကိုယ်မှီခိုရာကိုဖျက်တဲ့ မသတီစရာ လောက်ကောင်တွေ ဖုံးဖိမရ ပေါ်လာကြပြီ။ တချို့လောက်ကောင်တွေဆို ကြောက်ခမန်းလိလိ အစွယ်ပြူးပြူးနဲ့ အမွှေးတွေတောင် ထောင်ထလို့။ တော်လှန်ရေးရဲ့ ထိပ်တန်းနေရာတွေမှာ အနှစ် (၂၀) ကျော် မှိန်းနေပြီး ရသမျှ အခွင့်အရေးတွေကို သုံးစားကြီးထွားလာကြတာပေါ့။ ဒီတော့ တော်လှန်ရေး ဒီရေ ရှေ့မရောက် နောက်ပြန်လျှောကျတာ အဆန်းတကြယ်မဟုတ်ပါဘူး။ ကျုပ်တို့ကိုယ်ကလည်း ညံ့ပါတယ်။ တံဆိပ်ကောင်းတာနဲ့ ခေါင်းဆောင် တင်မိတာကိုး။ ကုလားဖြူစကားလည်းတတ်၊ နာမည်လည်းကျော် တယ်ဆို တကယ်တော်တယ် ထင်မိတာပဲ။ ပစ္စည်းကောင်းဖို့မလို ကြော်ငြာကောင်းရင် နာမည်ကျော် လူကြိုက်များနိုင်တာ အနှစ် (၂၀) ကြာမှပဲ သိတော့တယ်။ ဒီတော့ ကျုပ်တို့အဖြစ်က အရပ်ပျက်တွေနဲ့ ဇာတ်ထွက်ခဲ့သလို၊ အခုတော့ ပြည်တည်မရ ဇာတ်ပျက်ခဲ့ပြီ။

အနှီပုဂ္ဂိုလ်အားလုံးဟာ တော်လှန်ရေး ဒီရေမြင့်စဉ်ကတော့ မိုးအောက်မြေပြင်မှာ သူတို့အပြင် မရှိသလောက် ရဲရဲတောက် ခေါင်းဆောင်ကြီးတွေပေါ့။ အခုတော့ အချိန်ကလည်းကြာ တဖက်မှာ ကလည်း စစ်ကျွန်ခလောက်နဲ့ အမတ်လောက်တော့ ဖြစ်နိုင်တဲ့ အခွင့်အရေးလေးတွေလည်း မြင်လာ၊ တခြားတဖက်မှာလည်း ဗမာပြည်ထဲ ဝင်ချင်လွန်းလှဖြစ်နေတဲ့ အင်ဂျီအိုတွေရဲ့ ငွေထုတ်တွေကိုလည်း မြင်လာတော့ တချို့က ပြောင်ပြောင်တင်းတင်း၊ တချို့က မသိမသာ၊ တချို့က ခိုးကြောင်ခိုးဝှက်နဲ့ စစ်ကျွန်ရွေးကောက်ပွဲကို ထောက်ခံလာကြပြီ။ စစ်မိစ္ဆာတွေကို မျက်နှာချိုသွေးနေကြပြီ။ “ချိုကျိုးနွားလား ဒွန်းစဏ္ဍား”လို စစ်ဖိနပ်ကို လျှာနဲ့ လျှက်ကုန်ကြပြီ။
အဲဒီအထဲက ပြည်တွင်းမှာ လုပ်နေရတဲ့လူတွေကတော့ ထားပါတော့။ သူ့အခြေအနေနဲ့သူ ကိုယ်လည်းမသိနိုင်တဲ့အခြေအနေ။ ဒါပေမဲ့ အော့နှလုံးနာစရာ ကောင်းတာကတော့ ပြည်ပက ဆရာကြီးတွေ၊ လူတတ်တွေနဲ့ သတင်းသမားတချို့ပါပဲ။ သူတို့ခင်ဗျာ တလျှောက်လုံး ခံစားလာတဲ့ လေယာဉ်ပျံလေးစီးလိုက်၊ အစည်းအဝေးလေးတက်လိုက်၊ ဝီစကီလေးစုပ်လိုက်၊ ချီးလေးကိုက်လိုက်၊ အလံရှုးသတင်းသမားတွေနဲ့ ပင်းပြီး နိုင်ငံရေးဟောကိန်းတွေ ထင်မြင်ချက်တွေပေးလိုက်နဲ့ ယစ်နေတဲ့ စည်းစိမ်လေးတွေ လက်လွတ်မခံနိုင်တာနဲ့ပဲ အထက် ဆရာ့ဆရာကြီးတွေရဲ့ လေသံအတိုင်း ဒီမိုကရေစီ သင်းကွပ်မဲ့ စစ်ကျွန်ရွေးကောက်ပွဲကို ထောက်ခံအားပေးလာကြတာပဲ။ ရွေးကောက်ပွဲ ဝင်မှပဲ လက်တွေ့ကျတဲ့နိုင်ငံရေးလိုလို အထဲက စစ်ကျွန် ကူလီခေါင်း မောင်စူးစမ်းတို့ သခင်တင်မြ တို့ရဲ့လေကို အပြင်မှာ တာဝန်ခံ ဖြန့်ကြတယ်။
အကောင်ကြီးမို့ အထင်အရှားဆုံးက ဟန်ညောင်ရွှေပါ။ ပြည်တွင်းတိုင်းရင်းသား စောင့်ကြည့်ရေးအဖွဲ့က စားဖား အချောင်သမားလို့ ထိပ်ဆုံးမှာ စာရင်းတင်ထားပါတယ်။ သွားလေသူ သမတကြီးကို အားတုံ့အားနာ ၀န္ဒနာလို့ ညောင်ရွှေဆိုတာ ဖြတ်ပြီး “ဟန်” လို့ပဲ သုံးချင်ပါတယ်။ ဟန်ဆိုတာ ရှစ်လေးလုံးမတိုင်ခင်ထဲက ပြည်ပရောက်ပြီး မိဘဂုဏ်သရေကို အသုံးချပြီး အဖွဲ့အစည်းပေါင်းစုံမှာ လှုပ်ရှား လုပ်စားခဲ့သူပါ။ လူဖြူတွေနဲ့ ဆက်ဆံရေး ကျွမ်းကျင်ပြီး အရည်အသွေးလည်းရှိလို့ အများက မျှော်လင့်အားကိုးခဲ့ရသူပါ။ သို့သော် စေတနာကောင်းမကောင်းကတော့ မေးခွန်းထုတ်စရာ၊ သံသယဖြစ်စရာ သက်သေအများကြီးပါ။ တဖွဲ့မချောင် တဖွဲ့ထောင်နဲ့ အခုနောက်ဆုံး ဥရောပ EBO အဖွဲ့ပါ။
ဟိုတုန်းကတော့ ဗမာပြည် ပြဿနာ အဖြေရှာဖို့ဆိုတာ သုံးပွင့်ဆိုင်မှ သုံးပွင့်ဆိုင်၊ သုံးပွင့် မဆိုင်ရင် လူနည်းစုတိုင်းရင်းသားတွေမှာ ဘဝနစ်နာ ဆုံးရှုံးရချေရဲ့လို့ ပြင်းထန်တဲ့ သဘောထားတွေနဲ့ လက်ရှိဗမာပြည် ပြဿနာဟာ ဖွဲ့စည်းပုံပြဿနာလို့ ပြောခဲ့ပြီးကာမှ အခုတော့ စစ်ကျွန် ဖွဲ့စည်းပုံအတိုင်းလုပ်မည့် ရွေးကောက်ပွဲ၊ စစ်ကျွန်ဖွဲ့စည်းပုံကို အတည်ပြုမည့် ရွေးကောက်ပွဲကို ပကတိအခြေအနေမှန်လို့ မြင်ပြီးသကာလ ရွေးကောက်ပွဲဟာ အခွင့်အရေးဖြစ်လို့ ဝင်ရမည်လို့ ဆိုလာပြန်ပြီ။ ဒီလောက် ရှေ့စကား၊ နောက်စကား ဖီလာတရားတွေ ဘယ်လိုကြောင့် ပေါ်လာသလဲ။ အခွင့်အရေးကြောင့်လား၊ နေရာကြောင့်လား၊ အထက်ဆရာ့ဆရာကြီးတွေ အမိန့်ကြောင့်လား၊ ဘာကြောင့် ပြောင်းသွားသလဲ စဉ်းစားရ အတော်ခက်လှတယ်။ အခုကိုပဲ နိုင်ငံတကာကူငွေတွေနဲ့ ဟန်တို့ အစီအစဉ်အတိုင်း ရန်ကုန်၊ မန္တလေးတွေမှာ ရွေးကောက်ပွဲပညာပေး ဟောပြောပွဲတွေ၊ သင်တန်းတွေ စလုပ်နေပြီ ကြားရတယ်။ အတွင်းအပြင်က ချိုကျိုးနွားလား ဒွန်းစဏ္ဍားတွေ ချိတ်ဆက်မိနေကြပြီ ဆိုတဲ့သဘောပေါ့။ နအဖ စစ်ထောက်လှမ်းရေးတွေနဲ့ကော ဘယ်လောက်ထိ နားလည်မူယူထားတယ် ဆိုတာဟာလည်း ဆက်စဉ်းစားရမည့် အချက်ဖြစ်ပါတယ်။
ဟန်ဟာ EBO နာမည်နဲ့ ဗမာပြည်သူတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာ အလှူရှင်တွေ့ရဲ့ သန်းပေါင်းများစွာသော ယူရိုငွေတွေကို ဆယ်နှစ်ကျော် တကိုယ်တော် ထင်ရာကြဲခဲ့သူပါ။ အခုတော့ အပုပ်နံ့ တထောင်းထောင်းနဲ့ လူပြောသူပြောများလာလို့ ဆယ်နှစ်စာ အစီရင်ခံစာတခု ထွက်လာပါတယ်။ မဟုတ်မဟတ် လုပ်ဇာတ်တွေနဲ့ စီရင်ထားတဲ့ အစီရင်ခံစာ ထဲမှာတောင် မတော်မတရား အလွဲသုံးစားမှုတွေ၊ မရိုးသားမှုတွေက ဗူးပေါ်သလို ပေါ်နေတုံးပဲ။
သူ့အစီရင်ခံစာအတိုင်းဆိုရင် ဒီအဖွဲ့ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေက ခိုးကြောင်ခိုးဝှက် နိုင်လှတယ်။ ၁၉၉၇မှာ ဒီအဖွဲ့ကို ကနေဒါက အဖွဲ့လေးတခုကို အခြေခံဖွဲ့တယ် လို့ဆိုတယ်။ အဲဒီအချိန်က ဟန်ဟာ NCGUB လို့ခေါ်တဲ့ နဂုတ်မှာ အကြံပေးလုပ်နေပြီး NCUB နကပ်မှာလည်း လုပ်နေချိန်ပေါ့။ ဒီလိုအဖွဲ့အစည်းကြီးတွေ ရှိနေပြီးသား၊ သူကိုယ်တိုင်လည်း ပါနေပြီးသား အခြေအနေမှာ နိုင်ငံတကာ အလှူငွေတွေကို ဗမာပြည်ကိုယ်စားပြု လက်ခံအသုံးပြုမည့် ဒီ EBO အဖွဲ့က မထင်မရှား ကနေဒါက အဖွဲ့လေးကို အခြေခံဖွဲ့ထားတယ်ဆိုတာ တော်တော်စဉ်းစားရကြပ်ပါတယ်။ ဘာကြောင့်ဘယ်လိုဆိုတာ သက်ဆိုင်သူ ကာယကံရှင်တွေသာ သိနိုင်ပါတယ်။
အဆိုးဆုံးကတော့ အဲဒီအဖွဲ့ကို ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့တယ်ဆိုတာ သိသာရှင်းလင်းခြင်း မရှိတာပဲ။ ဗမာပြည်သူတွေ လွတ်မြောက်ရေးအတွက် ရည်စူးတဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ ငွေကို လက်ခံသုံးစွဲမည့် အဖွဲ့အစည်းရဲ့ ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံက ခါးပိုက်နှိုက် ဂိုဏ်းလိုလို စောရ ဖောက်ထွင်းဂိုဏ်းလိုလိုပါပဲ။
အလှူငွေ ယူရိုသန်းပေါင်းများစွာ ပြုန်းတီးသွားခဲ့ရပေမယ့် ဗမာပြည် လွတ်မြောက်ရေး အတွက် ဆောင်ရွက်ခဲ့တာ၊ လုပ်နိုင်ခဲ့တာ ဘာတခုမှ လောက်လောက်လားလား ပြစရာမရှိပါဘူး။ အရေးတော်ပုံနဲ့ မပတ်သက်တဲ့ နှုတ်ပိတ်ခေါင်းညိတ်တွေကို ဝန်ထမ်းခန့်၊ ကိုယ့်ကိုကိုယ် မတန်တဆ လုပ်ခလစာတွေပေးနဲ့ ခိုးခြင်း (၂၅) ပါးနဲ့အညီ စောရဇာတ်ထုတ်ခင်းလာလိုက်တာ (၁၀) နှစ်ကျော်ကြာလာတော့ မျိုးဖျက်မိစ္ဆာ နအဖ သန်းရွှေတို့ရဲ့ ရာသက်ပန် စစ်အာဏာရှင် တည်မြဲရေး လုပ်ငန်းတွေကို ပြောင်ပြောင်တင်းတင်း ထောက်ခံလာတဲ့အထိ အတင့်ရဲလာတယ်။
သူ့အစီရင်ခံစာထဲက ကိုယ့်အနီးကဒေလီအီးယူရုံးဆိုတာ ၂၀၀၄ လောက်ကမှ စဖွင့်တယ်။ နုတ်ပိတ် ခေါင်းညိတ် အိန္ဒိယ နိုင်ငံသားတွေနဲ့ဖွဲ့တယ်။ ABSL စည်းရုံးတည်ဆောက်ထားတဲ့ နိုင်ငံရေးဂွင်ထဲက လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကြားမှာပဲ မရိုးမသား ထိုးဖောက်ချဉ်းကပ်ပြီး စားရင်တင် ဓာတ်ပုံရိုက် နှမ်းဖြူးပြီး ကိုယ်လုပ်သလိုလို ဟိတ်ထုတ်တယ်။ အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ ဒေလီအီးယူရဲ့ လုပ်ငန်းဆောင်ရွက်ချက်များဆိုတာ အဲဒါပါပဲ။ ငွေအမြောက်အများ ဖြုန်းတီးခဲ့ပေမဲ့ ABSL တည်ဆောက်ခဲ့တဲ့ နိုင်ငံရေးထက် ထူးကဲသာလွန် ဆောင်ရွက်နိုင်ခဲ့တာ ဘာမှမရှိပါဘူး။ ဒီနေ့ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်းစုများရဲ့ လှုပ်ရှားမှုဆိုတာ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်အထိ သန်သန်မာမာ လှုပ်ရှားခဲ့တဲ့ ABSL ရဲ့ ထိုးဖောက်တည်ဆောက်ခဲ့တဲ့ လှုပ်ရှားဂွင်ထဲမှာပဲ တဝဲလည်လည် လှုပ်ရှားမှုတွေပဲဖြစ်တယ်။
တခြားမြင်မိတဲ့ EBO ရဲ့ လှုပ်ရှားမှုကတော့ လွန်ခဲ့တဲ့ လေးငါးနှစ်ကစလို့ နအဖစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဆန့်ကျင်ရေး၊ ရွေးကောက်ပွဲထောက်ခံရေး (မသိမသာ) ဆွေးနွေးပွဲတွေ၊ ညီလာခံတွေကို ဥရောပမှာ အသွင်တူ ပုလင်းတူဗူးဆို့ အမြီးပြတ်တွေ၊ ဒေါက်တာ ခင်ဇော်ဝင်းတို့၊ ဒေါက်တာဇာနည်တို့၊ နေဝင်းမောင်တို့လို့ နအဖ အလိုတော်ရိတွေနဲ့ တခြိမ်းခြိမ်းပွဲခံခဲ့တယ်။ ပြီးတော့ ဒူးထောက်ရေးလမ်းစဉ်ကို နယ်စပ်အခြေစိုက် အဖွဲ့အစည်းတွေကပဲ ထောက်ခံနေသယောင် မျက်လှည့်ပြဖို့ ခေါင်းဆောင်တချို့ကို ဖဲ့စည်းရုံးတယ်။ စစ်ကျွန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလူမျိုးများ ကောင်စီရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှုးတို့ တယောက်ကဆန့်ကျင်၊ တယောက်က ကန့်ကွက်နဲ့ ဖီလာဆန့်ကျင် ကြေငြာချက်တွေထုတ်ခဲ့ကြတာကို မှတ်မိကြအုံးမှာပါ။ ဒါဟာ ဟန်ရဲ့ လုပ်စားရိုက်ချက်ဆိုတာ လူတိုင်းသိပါတယ်။
တိုင်းပြည်ထဲမှာ ဒီမိုကရေစီ စာလုံးပါတဲ့ စာတစောင်မိရင်တောင် ထောင်အနှစ် (၂၀) ကြမ်းခင်း ဈေးပေါက်နေချိန်မှာ ခင်ဇော်ဝင်း၊ ဇာနည်တို့ နေဝင်းမောင်တို့လိုလူတွေ ပြည်ပကို ဝင်ချီထွက်ချီ လုပ်နေနိုင်တာ၊ ဟန်တို့လို ပြည်ပအတိုက်ခံ ခေါင်းဆောင်ဆိုသူတွေနဲ့ ဒူးတိုက်တွေ့ဆုံ ဆွေးနွေး ညီလာခံနိုင်နေတာဟာ စစ်အုပ်စုရဲ့ သဘောထားကြီးမှုလည်း မဟုတ်သလို၊ ညံ့ဖျင်းမှုလည်း မဟုတ်တာ သေချာပါတယ်။ နောက်ပိုသေချာတာကတော့ ဟန်တို့ နေဝင်းမောင်တို့ လုပ်သမျှကို စစ်မိစ္ဆာတွေက သဘောကျ အားရတယ် ဆိုတာပါပဲ။
ကောင်းခြင်းဆိုးခြင်း၊ လက်ခံလိုခြင်းလက်မခံလိုခြင်း၊ ကြိုက်ခြင်းမကြိုက်ခြင်းများနဲ့ ဒွန်တွဲနေတဲ့ အမှန်တရားဆိုတာ ကိုယ့်သီလကိုယ် စိတ်ချယုံကြည်သူတွေမှ ရဲရဲ ရှု့မြင်ခြင်း၊ လက်ခံခြင်း၊ တုံ့ပြန်ခြင်းအမှုတွေကို တတ်နိုင်ပါတယ်။ မှန်ကန်ခြင်းနဲ့ရဲရင့်ခြင်းဆိုတာ တိုက်ရိုက်အချိုးနဲ့ ဆက်စပ်နေတယ်။ ရဲရင့်မှုက မှန်ကန်မှုကိုဖြစ်ပေါ်စေသလို၊မှန်ကန်ခြင်းက ယုံကြည်မှုနဲ့ ရဲရင့်ခြင်း ကိုဖြစ်ပေါ်စေတယ်။မှန်ကန်မှရဲရင့်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ “ ကိုယ့်ကိုယ်ကိုယ် မယုံတဲ့သူဟာ ဘယ်အခါမှ တခြားသူကို မယုံဘူး။ တိုင်းသူပြည်သားကိုလဲ မယုံဘူး။ ခေါင်းဆောင်တွေဟာ သူယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်၊ ရှင်းပြရဲရမယ်၊ ရှင်းပြနိုင်ရမယ်။ အသက်စွန့်သင့်တယ်ထင်တဲ့ နေရာမယ် စွန့်ရမယ်၊ ပရိယာယ်သုံးသင့်တဲ့နေရာမယ် သုံးရမယ်၊ ဘယ်ကိစ္စမဆို လုပ်ရင် မှားတယ်၊ မှန်တယ်ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်”လို့ ဆိုခဲ့ပါတယ်။ အခု ဟန်တို့ရဲ့ လုပ်ရပ်တွေကတော့ မမှန်လို့ မရဲလေသလား၊ မရဲလို့ မမှန်လေသလားမသိ။ ခိုးကြောင်ခိုးဝှက် နိုင်လွန်းလှတယ်။
ဒီလောက်ဖောက်ပြန်တဲ့ ဟန်ရဲ့ လုပ်ရပ်တွေကို အများတကာခေါင်းဆောင် အမည်ခံတို့ ရေငုံနှုတ်ပိတ်နေနိုင်ကြတာကို အစီရင်ခံပါ (၂၀၀) ကျော် စာရင်းပေါက်တဲ့ ဟန်ရဲ့ လက်ဝေခံ အဖွဲ့အစည်းစာရင်းကိုတွေ့မှ သဘောပေါက်မိတယ်။ အသံမထွက်နိုင်တဲ့ပိတ်ဆို့မှုတွေ ပါးစပ်ပေါက် မှာရှိနေပြီကိုး။ ဒီတော့ ကျုပ်တို့ရဲ့ ပြည်ပတော်လှန်ရေး၊ နယ်ခြားတော်လှန်ရေး နှစ်(၂၀) ခရီးဆိုတာလည်း အထက်မှာပြောခဲ့သလို လောက်ကျပျက်စ်ီး ဇာတ်ပျက်ခဲ့ပြီ။ ရေငုံနှုတ်ပိတ်နေတတ်တဲ့ တပ်ပေါင်းစုခေါင်းဆောင်တွေရဲ့ သူခိုး နွားကောင်းမသိ ဉာဉ်ဆိုးကြောင့် အသက်အသွေးချွေးများနဲ့ ရင်းနှီးခဲ့ရတဲ့ ကျုပ်တို့တော်လှန်ရေးကြီး ဂုဏ်သရေ ညစ်နွမ်း ဆုံးခမ်းတိုင်ခဲ့ပြီ။ တောသား တောင်သူလယ်သမားတွေအတွက်တော့ နွားဆိုတာ အဖိုးတန်ရတနာတပါးပါပဲ။ တောသားမှန်ရင် နွားကောင်းနွားဆိုး ခွဲခြားတတ်တယ်၊ နွားကောင်းကို တန်ဘိုးထားတတ်တယ်။ သူခိုး ဆိုတာကတော့ နွားမြင်ရင် အသားပဲထင်တယ်။ အဆိုးအကောင်းမသိ စားဖို့ပဲသိ၊ တန်ဘိုးမထားဖြစ်တာ သဘာဝပေါ့။ ဒီတော့ ကျုပ်တို့ခေါင်းဆောင်တွေဆိုတာ နွားနဲ့သပိတ်ထဲက ညိုမြအပြောနဲ့ “ မျိုးချစ်စိတ်ရှိကြောင်း ဟစ်ကြ၏၊ ညီညာမှ ပြည်သာမည်ဟု အော်ကြ၏၊ ဤသို့ ပြောဆို ကြွေးကြော်ဟစ်အော်သူတို့အား မြင့်မြတ်သည့် ပုဂ္ဂိုလ်တွေဟု ထင်စရာအကြောင်းရှိသော်လည်း အများအားဖြင့် စဖြီးများသာ ဖြစ်ကုန်၏။”လို့ ဆိုရမည့် ခေါင်းဆောင်တွေပေါ့။ ဟန်ရဲ့ လက်ဝေခံအဖွဲ့အစည်းစာရင်းအရ ကြားတောင်မကြားမိဘူးတဲ့ ထူးထူးဆန်းဆန်း အဖွဲ့အစည်းတွေကြားမှာ ထိပ်တန်းအဖွဲ့အစည်းကြီးတွေလဲ ပါနေတာတွေ့ရတယ်။ သစ္စာဖောက်ခံလိုက်ရတဲ့ ရောမအင်ပါယာရှင် ဂျုးလီးယက်ဆီဇာရဲ့ သေခါနီးစကားကိုပဲ သံယောင် ရေရွတ်နိုင်ပါတော့တယ်။
ဆီဇာက “ သြော် ဘရုတပ် မင်းလဲပါသကိုး (Et tu, Brute) တဲ့။ ”

ရဲဘော်ကျော်သန်း

စာကြွင်း ။       ။ဘရုတပ်ဆိုတာဂျူးလီးယက်ဆီဇာကပုန်ကန်သူ မြို့စားတဦးကို တိုက်ခိုက်အနိုင်ယူ အသက်ကယ်ပြီး ဆီးနိတ်တာအထိ  ချီးမြှောက်ခံခဲ့ရတဲ့ သူတယောက်ပါ။ ဂျူးလီးယက်ဆီဇာက အကြွင်းမဲ့ ယုံကြည်ခံထားရပြီး လုပ်ကြံမူမှာ ဘရုတပ်ကိုယ်တိုင် ပါနေတာကို သိတဲ့အချိန်မှာ ဆီဇာက တအံ့တသြနဲ့ အထက်ပါအတိုင်း ရေရွက်ပြီးတော့ သေဆုံးသွားခဲ့ရပါတယ်။

No comments: