Wednesday, October 30, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ

(ကျောင်းသားတပ်မတော်)

ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတု ထုတ်ပြန်ကြေငြာချက်

၁။ တိုင်းရင်းသားပြည်သူလူထုကြီးဘက်က မားမားမတ်မတ်ရပ်တည်လျက် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ်အား လက်နက်စွဲကိုင် တော်လှန်တိုက်ပွဲဝင်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)ကား ၂၀၁၃ခုနှစ် နိုဝင်ဘာလ (၁)ရက်တွင် ၂၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

၂။ ယင်း ၂၅ နှစ်တာ တော်လှန်တိုက်ပွဲဝင်ခဲ့ခြင်းတွင် အသက်ပေးလှူခဲ့ကြသော ကျဆုံးရဲဘော် ၆၇၀ ဦးနှင့် ထိခိုက်ဒဏ်ရာ ရခဲ့ကြသော ရဲဘော် ၄၁၇ ဦးအပါအ၀င် ယနေ့ကာလတိုင် အဖွဲ့အစည်း၏ ကျရာတာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် ရဲဘော်များအားလုံးကို လည်းကောင်း၊ အဖွဲအ့စည်း ရှင်သန်ရပ်တည်ရေးအတွက် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီခဲ့ကြသည့် မဟာမိတ်အဖွဲအ့စည်းများနှင့် ပြည်တွင်းပြည်ပရှိ အင်အားစုများအားလည်းကောင်း၊ အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုသည်။

၃။ ၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပေါက်ဖွားလာခဲ့ပြီး တိုင်းရင်းသား လွတ်မြောက်နယ်မြေများတွင် ကြီးပြင်းခဲ့ရသည့် မကဒတ (ကျောင်းသားတပ်မတော်)သည် ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကင်းမဲ့ခြင်း (ဖက်ဒ ရယ်စနစ် မဖော်ထုတ်နိုင်ခြင်း)တို့ကို မြန်မာနိုင်ငံရေးတွင် အဓိက အရင်းခံ နိုင်ငံရေးပြသနာ နှစ်ရပ်အဖြစ် အလေးအနက် မှတ်ယူသည်။

၎။ ယနေ့မျက်မှောက်နိုင်ငံရေးအခြေနေတွင် မိမိတို့အနေဖြင့်

- တတိုင်းတပြည်လုံး အပစ်အခတ်ရပ်စဲရေး

- နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင် ညှိနှိုင်းရေး နှင့်

- အင်အားစုအားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးကို အခြားသော မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ လက်တွဲ ဆောင်ရွက်နေသည်။

- သို့သော် ရိုးသားမှု၊ စေတနာမှန်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိမှသာလျင် ယနေ့ပြုလုပ်နေကြသော မိမိတို့ တော်လှန်ရေးအဖွဲ့အစည်းများနှင့် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့အကြား ရရှိထားသည့် အပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်များနှင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ယုံကြည်မှုရှိရှိ အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

၅။ မကဒတ (ကျောင်းသားတပ်မတော်)၏ တွေ့ဆုံဆွေးနွေးရေး ရည်ရွယ်ချက်မှာ

က။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး

ခ။ အင်အားစုအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေး

ဂ။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ပေါ်ပေါက်ရေးအပါအ၀င် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တရပ်ပေါ်ထွန်းရေး တို့ဖြစ်သည်။

၆။ သို့သော် မိမိတို့၏ ပန်းတိုင်ကား နိုင်ငံရေးဦးတည်ချက် လေးရပ်ဖြစ်သည့်

- တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထု တရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊

- ဒီမိုကရေစီနှင့် လူ့အခွင့်ရေးရရှိရေး၊

- ပြည်တွင်းငြိမ်းချမ်းရေးနှင့်

- ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးသာ ဖြစ်သည်ဟု အလေးအနက် မှတ်ယူထားသည်။

မိမိတို့လျှောက်ရမည့်လမ်းကား အချိုးအကွေ့၊ အတက်အဆင်း ရှိချင်ရှိမည်၊ သို့သော် သွားရမည့် လမ်းဆုံး ပန်းတိုင်ကိုကား ပျောက်မသွားစေရဟု ကတိပြုသည်။ တနည်းအားဖြင့် ဦးတည်ချက်လေးရပ်နှင့် ပတ်သက်ပြီး အလျော့အတင်း လုပ်၍ မရပါ။ လက်ရှိ နိုင်ငံရေးဖြစ်ထွန်းမှု အခြေအနေများအရ မိမိတို့ ကိုင်စွဲရသည့် အခြေခံမူကို အခိုင်အမာကိုင်စွဲပြီး နည်းပရိယာယ်ကို ပြောင်းလွယ်ပြင်လွယ် ကျင့်သုံးသွားမည်၊ ရုန်းကန်သည့် ပုံစံ ကွဲချင်ကွဲမည်။

ဦးတည်ချက် လေးရပ် ပြည့်စုံမှသာလျင် မြန်မာပြည်၏ အနာဂါတ်ကို စိတ်ချယုံကြည်စွာပုံဖော်နိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်သည်။

၇။ ယင်းအခြေခံ ယုံကြည်မှုအပေါ်မူတည်ပြီး

- အဖွဲ့စည်း ရှင်သန်ကြီးထွားခိုင်မာရေး၊

- မဟာမိတ်စုဖွဲ့ရေး (ပြည်တွင်း၊ပြည်ပ နိုင်ငံရေး၊ တော်လှန်ရေး အဖွဲစည်းများကြား)

- လူထုအခြေပြု နိုင်ငံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့်

- တွေ့ဆုံဆွေးနွေးအဖြေရှာရေး ဆိုသည့် မကဒတ (ကျောင်းသားတပ်မတော်)၏ လတ်တလော နိုင်ငံရေးလုပ်ငန်းစဉ် လေးရပ်ကိုလည်း ချမှတ်ထားသည်။

၈။ အပစ်ခတ်ရပ်စဲခြင်းသည် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ပထမအဆင့်ဖြစ်သကဲ့သို့ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့် နိုင်ငံရေးပြသနာများ၊ အကြပ်အတည်းများကို ကျော်လွှားရန် မျှော်လင့်ထားကြပါသည်။ သို့သော် မိမိတို့ နိုင်ငံရေး၊ တော်လှန်ရေး အင်အားစုများအနေဖြင့် ယနေ့တိုင် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးအဖြေရှာနိုင်သည့် အခြေအနေ မရှိသေးသည်ကို သတိချပ်သင့်ပေသည်။

၉။ မကဒတ (ကျောင်းသားတပ်မတော်)ကား မိမိအပေါ် ကျရောက်လာသည့် သမိုင်းရေးတာဝန်များကို ဆက်လက်ထမ်းဆောင်ရန် အသင့်ရှိပါသည်။ ဖြတ်သန်းခဲ့သည့် ၂၅ နှစ်တာ တော်လှန်ရေးခရီးက ရရှိခဲ့သော သင်ခန်းစာများအပေါ် အခြေခံလျက် တတိုင်းပြည်လုံး လက္ခဏာ ဆောင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အဖိနှိပ်ခံ လူမျိုးစုံ တိုင်းရင်းသားပြည်သူလူထုဘက်မှ အခိုင်အမာ ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် အဖွဲ့အစည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတု အခါသမယတွင် ထပ်လောင်း အသိပေးလိုက်သည်။



စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။

ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည်။



ဗဟိုကော်မတီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)



ရက်စွဲ။ ။ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁ ရက်

No comments: